တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်လာနိုင်သည့် ရခိုင်ဒေသ

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများတွင် ဥပဒေမဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှုများ၊ နစ်နာဆုံးရှုံးမှုများ၊ မတရားဖမ်းဆီးခံရမှုများအတွက် အထူးစိတ်မကောင်းဖြစ်ရသည်ဟု ၂၀၂၁ ခု၊ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်မွေးနေ့တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောခဲ့သည်။ ဗမာအပါအဝင် အခြားတိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသော နိုင်ငံရေးဆန္ဒ ပြည့်ဝရန်အတွက် တက်နိုင်သည့်ဖက်မှ ကူညီပံ့ပိုးသွားမည်ဟုလည်း ဆိုခဲ့သည်။

27 Jul 2022

DMG ၊ ဇူလိုင် ၂၇

(ဆောင်းပါး)

စစ်သားများ လက်နက်ကိုယ်စီကိုင်လျက် ရှေ့တန်းထွက်လာသကဲ့သို့ ၎င်းတို့နေထိုင်ရာ နေရာသို့ ရောက်လာသောအခါ မောင်ကျော်သန်းတို့ မိသားစုဝင်များမှာ ပြေးပေါက်ရှာကြရတော့သည်။ မသင်္ကာလျှင် ရိုက်နှက်စစ်ဆေးပြီး ဖမ်းဆီးလေ့ရှိ၍ ထိုစစ်သားများကိုကြောက်လန့်ကာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးရန် ကြံစည်ကြခြင်းဖြစ်သည်။

ဇူလိုင်လ ၁၈ ရက်နေ့၊ နေ့လည်ပိုင်းက အင်အား(၃၀)ခန့်ပါဝင်သော မြန်မာစစ်တပ်သည် မောင်ကျော်သန်း (အမည်လွှဲ)တို့ ခိုလှုံနေသော စစ်ဘေးရှောင်စခန်းသို့ ရောက်ချလာသည်။ အဆိုပါစစ်ဘေးရှောင်စခန်းတွင်လည်း လူပေါင်း ၄၀ ကျော်ခန့်သာ ခိုလှုံလျက်ရှိသည်။ တခြားသူများမှာ စစ်ရေးငြိမ်သက်နေသောကြောင့် နေရပ်သို့ ပြန်နှင့်ကြပြီဖြစ်သည်။

စစ်ပွဲကို နဖူးထိ ဒူးတွေ့ခံစားဖူးသော မောင်ကျော်သန်းနှင့်တကွ စစ်ဘေးရှောင်စခန်းတွင် ကျန်ရှိလိုက်သူများမှာ ထပ်မံထွက်ပြေးရမည့်အဖြစ်နှင့် ကြုံတွေ့လိုက်ရသည်။ သက်ကြီးရွယ်အိုတစ်ချို့မှလွဲ၍ တခြားသူများမှာ ရသေ့တောင်မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့ ထွက်ပြေးခိုလှုံကြသည်။ စစ်သားများရောက်ရှိလာ၍ မထွက်ပြေးလျှင် မည်သည့်အရာမဆို ဖြစ်သွားနိုင်သောကြောင့် ထွက်ပြေးရခြင်းဟုဆိုကြသည်။

“ကျနော်တို့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေက လာတာ။ အဲဒါကြောင့် သူတို့ကိုမြင်ရင် ကြောက်လို့ ထွက်ပြေးလာတာ”ဟု မောင်ကျော်သန်းကပြောသည်။

ရခိုင်ပြည် ပြန်လည်လွတ်‌မြောက်ရန် ကြိုးပမ်းနေသည့် ရက္ခိုင့်တပ်တော်(AA)နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးမူကို စွဲကိုင်ထားသည့် မြန်မာစစ်တပ်တို့သည် လက်ရှိတွင် သဘောထားတင်းမာလျှက် စစ်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေရှိနေသည်။ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလပထမပတ်အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် နားလည်မှုသဘောဖြင့် နှစ်ဘက်အပစ်အခတ် ရပ်စဲခဲ့ကြသည်။ မြန်မာစစ်တပ်သည်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းလိုက်သည်။

ရက္ခိတလမ်းစဉ်ဖြင့် ချီတက်ရာဝယ်

အကျိုးဆက်အနေဖြင့် တစ်ပြည်လုံးနီးပါးရှိ ပြည်သူများမှာ မြန်မာစစ်တပ်ကို ဆန့်ကျင်ကန့်ကွက်ကြသည်။ လမ်းပေါ်ထွက်၍ အေးအေးဆေးဆေးဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းသောအခါ ပြည်သူများလည်း လက်နက်များဖြင့် ခုခံတွန်းလှန်ကြသဖြင့် နိုင်ငံအနှံ့ စစ်မီးတောက်လောင်သွားသည်။ ထိုသို့ ခုခံတွန်းလှန်စစ်များကို ချေမှုန်းနေရသော မြန်မာစစ်တပ်သည် တစ်ချိန်က တိုက်ပွဲပြင်းထန်ခဲ့သည့်နေရာရှိ ရက္ခိုင့်တပ်တော်(AA)ကို လှည့်ကြည့်မအားပေ။

တစ်ပြည်လုံးနီးပါးတွင် ဆန္ဒပြမှုများစွာပေါ်ပေါက်ခဲ့သော်လည်း ရခိုင်ပြည်တွင်မူ ဆန္ဒပြမှု အနည်းငယ်ရှိခဲ့ရုံမှ တစ်ပါး ထူးထူးခြားခြားဆန့်ကျင်မှုများ ပေါ်ပေါက်မလာခဲ့ပေ။ ထိုသို့ ပေါ်ပေါက်မလာခြင်းမှာလည်း ရခိုင်လူထု၏ ထောက်ခံမှုအပြည့်အဝရရှိထားသော ရက္ခိုင့်တပ်တော်(AA)၏ ပြောကြားချက်များနှင့်လည်း သက်ဆိုင်လိမ့်မည်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများတွင် ဥပဒေမဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှုများ၊ နစ်နာဆုံးရှုံးမှုများ၊ မတရားဖမ်းဆီးခံရမှုများအတွက် အထူးစိတ်မကောင်းဖြစ်ရသည်ဟု ၂၀၂၁ ခု၊ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်မွေးနေ့တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောခဲ့သည်။ ဗမာအပါအဝင် အခြားတိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသော နိုင်ငံရေးဆန္ဒ ပြည့်ဝရန်အတွက် တက်နိုင်သည့်ဖက်မှ ကူညီပံ့ပိုးသွားမည်ဟုလည်း ဆိုခဲ့သည်။

“ဒါပေမယ့် ရခိုင်ပြည်ထဲမှာ CDM လှုပ်ရှားမှုနဲ့ လမ်းမထက်က ဆန္ဒပြပွဲတွေကို ငါတို့မလိုလား။ ငါတို့မှာ ရက္ခိတ လမ်းစဉ်ရှိတယ်။ ငါတို့ရဲ့ ရည်မှန်းချက်ရှိတယ်။ ပီပြင်တဲ့မျှော်မှန်းချက်နဲ့ အခိုင်အမာ လျှောက်လှမ်းချီတက်နေတဲ့ အချိန်မှာ အခြားပြဿနာတွေကိုရောထွေးပြီး မဝေဝါးသွားဖို့လိုတယ်”ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကပြောခဲ့သည်။

ထို့ကြောင့် ရက္ခိုင့်တပ်တော်သည် အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် မြန်မာစစ်တပ်၏ နိုင်ငံရေးအကျပ်အတည်းများကို အသုံးချပြီး ရက္ခိတလမ်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့သည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့လုံခြုံရေးအပါအဝင် တိုင်းပြည်တည်ဆောက်ရေး(Nation Building)၊ အစိုးရယန္တရား အခြေခံဖော်ဆောင်ရေး(State Building)တို့ကို အကောင်အထည်ဖော်ခဲ့သည်။

ရခိုင်မှလွဲ၍ ကျန်သည့်နေရာအများအပြားတွင် အင်အားများစွာအသုံးပြုနေရသော မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်၏ ထိုသို့လုပ်ရပ်များကို သိရှိသော်လည်း စစ်ရေးအရမဖြေရှင်းတော့ဘဲ ပြည်သူများကို စောင့်ကြည့်သတိပေးမှုများသာ ရှိခဲ့သည်။ မြန်မာစစ်တပ်သည် ရခိုင်ပြည်တစ်ဝှမ်းလုံးတွင် တစ်ရွာဝင်၊ တစ်ရွာထွက် သွားလာလှုပ်ရှားပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)နှင့် မပတ်သက်ရန်၊ (ULA/AA) တရားရုံးများတွင် မတိုင်တန်းရန်၊ အခွန်မဆောင်ကြရန် သတိပေးမှုများရှိခဲ့သည်။

တိုက်ပွဲရပ်တန့်ပြီးနောက်တွင် AA အနေဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရားများတွင် ဝင်ရောက်နှောင့်ယှက်ခြင်း များကိုလည်းတွေ့ရသဖြင့် “တော်တော်တော့ သည်းညည်းခံရပါတယ်”ဟု မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ဖူးသည်။

တင်းမာမှုများ အရှိန်အဟုန်မြင့်တက်လာခြင်း

ရက္ခိုင့်တပ်တော်လည်း တရားစီရင်ရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်လာခဲ့သည်။ ထို့နောက် မြန်မာစစ်တပ်ကလည်း စောင့်ကြည့်သတိပေးမှုများ လုပ်ရုံသာမက ရက္ခိုင့်တပ်တော်အတွက် ရန်ပုံငွေ ကောက်ခံပေးသူများနှင့် ဒေသခံများကို သံသယများဖြင့် ဖမ်းဆီးစစ်ဆေးမှုများရှိလာခဲ့သည်။

မြန်မာစစ်တပ်သည် ဒေသတွင်းတွင် စစ်အင်အားများကို နေရာအနှံ့ ထပ်မံတိုးချဲ့နေခြင်း၊ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်းများ ပြုလုပ်နေသဖြင့် နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေပြီး တိုက်ပွဲများ အချိန်မရွေးပြန်လည်ဖြစ်ပွားလာနိုင်သည်ဟု ရက္ခိုင့်တပ်တော်ဘက်က ပြီးခဲ့သည့်မေလကပင် သတိပေးခဲ့သည်။

တစ်ဖက်တွင်လည်း အရပ်သားဖမ်းဆီးခံရမှုများ ဆက်တိုက်ရှိလာသောကြောင့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို “ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့။ အာရုံနောက်နေပြီ။ ငြိမ်ချမ်းရေး ဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်”ဟု ၎င်း၏ တွစ်တာအကောင့်မှတဆင့် သတိပေးခဲ့သည်။

နှစ်ဖက်စစ်ရေးတင်းမာမှုနှင့် ထိုသို့ သတိပေးမှုများပေါ်ပေါက်လာသောအခါ မြန်မာစစ်တပ်ဘက်ကလည်း ဒေသတွင်းမှာ ယခင်ကထက် စစ်ဆေးရေးတင်းကျပ်မှုများ၊ ဖမ်းဆီးမှုများ ပိုများလာသည်။ မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်၏ ပြောဆိုချက်များမှာ တိုက်ပွဲခေါ်နေသည့်ပုံစံမျိုးဟု မှတ်ယူလာပြီး ပြဿနာဖြစ်လာလျှင်   မိမိတို့ကို အဆိုးမဆိုရန်ဟုလည်း တန်ပြန်သတိပေးမှုများ ရှိလာခဲ့သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲရပ်စဲထားသည်ဟုဆိုသော်လည်း သာမန်နားလည်မှု သဘောဖြင့်သာ အပစ်ရပ်စဲထားခြင်းဖြစ်ကာ မည်သည့်သဘောတူညီချက်မျှ မရှိပေ။ ထို့ကြောင့်ပင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ကြားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခြင်း မရှိဘဲ စစ်ကောင်စီနှင့် ဆန့်ကျင်ဖက်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဖိတ်ကြားသည့် တွေ့ဆုံဆွေးနွေးပွဲသို့သာ တက်ရောက်ဆွေးနွေးခဲ့သည်။

ထို့ပြင် ရက္ခိုင့်တပ်တော်(AA)က နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)အပါအဝင် တခြား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ကို စစ်ရေးအရ ထောက်ပံ့ခြင်း၊ အကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်နေသည်များကို သိရှိသွားသောအခါတွင်လည်း မြန်မာစစ်တပ်သည် မကျေနပ်တော့ပေ။

သို့သော် မြန်မာစစ်တပ်သည် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားစေလောက်အောင်အထိတော့ သွားမစပေ။ ဖင်ပုတ်လိုက်၊ ခေါင်းပုတ်လိုက် စသည့် ကလေးအထာများဖြင့် စနောက်နေသကဲ့သို့ မြွေမသေ၊ တုတ်မကျိုး နည်းလမ်းများဖြင့်သာ ကစားလျက်ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ ရက္ခိုင့်တပ်တော်ဘက်ကလည်း မိမိတို့ တပ်ဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ မိမိတို့ဒေသခံများကို မြန်မာစစ်တပ်က ဖမ်းဆီးမှု ကြမ်းတမ်းလာသောအခါ ပြန်လည်လက်စားချေသည့်သဘောဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးနေသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က မြန်မာ-ထိုင်းနယ်စပ်ရှိ ရက္ခိုင့်တပ်တော်၏ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးသွားကာ ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ ယင်းဖြစ်ရပ်ကို လက်တုန့်ပြန်သည့်အနေဖြင့် ဇူလိုင်လ ၁၈ ရက်နေ့တွင် မောင်တောမြို့နယ်ရှိ မြန်မာစစ်တပ်ကို ရက္ခိုင့်တပ်တော်က တိုက်ခဲ့ပြီး စစ်တပ်ဘက်ကျဆုံးမှုလည်းရှိခဲ့ကာ ၁၄ ဦး ကိုလည်း ဖမ်းဆီးခဲ့သည်။

အဆိုပါဖြစ်ရပ်များသည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ မပြီးသေးသောတိုက်ပွဲများကို တစ်ကျော့ပြန် သယ်ဆောင်လာခြင်းဖြစ်နိုင်သည်ဟုလည်း ရခိုင့်အရေး အကဲခတ်သူများက ရှုမြင်ကြသည်။ ယခုတစ်ကြိမ် တိုက်ပွဲဖြစ်ပွားလာပါက ယခင်နှစ်များကဖြစ်ပွားခဲ့သော တိုက်ပွဲများထက် ပိုမိုပြင်းထန် လာနိုင်သည်ဟုလည်း သုံးသပ်ကြသည်။

လက်ရှိတွင် တစ်ဖက်နှင့်တစ်ဖက်၏ ယုံကြည်မှုမှာ မည်သို့မျှတည်ဆောက်၍ မရနိုင်သည်မှာ နှစ်ဖက်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ်များ၏ စကားများကလည်း သက်သေခံလျက်ရှိသည်။ ဇူလိုင်လ ၂၆ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မောင်တောတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုအပေါ် “မလုပ်သင့်မလုပ်ထိုက်တဲ့ ရန်စမှု”ဟု မြန်မာစစ်တပ်ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့သည်။

မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ ပျက်စီးသွားတဲ့အတွက် တိုက်ပွဲတွေ တကျော့ပြန် ပြန်ဖြစ်လာနိုင်တယ်”ဟု ဆိုသည်။

လက်ရှိတွင် မောင်ကျော်သန်းတို့နေထိုင်ခဲ့သော ပြည်လုံးချမ်းသာဘုန်းကြီးကျောင်းတွင် မြန်မာစစ်တပ်က တပ်စွဲထားပြီး ကျောင်းရှေ့တွင် သဲအိတ်များဖြင့် ဘန်ကာများတည်ဆောက်ထားသည်။ ထိုသို့အခြေအနေများမှာ ရခိုင်ပြည်တွင် တစ်ကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်လာမည်ဟု အရိပ်အ‌ရောင်ပြနေသည့်သဘောလားဟု မောင်ကျော်သန်းက တွေးဆနေသည်။

“အခုတော့ တိုက်ပွဲတောင်မဖြစ်မသေးဘူး။ စစ်သားတွေ ဘုန်းကြီးကျောင်းကိုရောက်နေလို့ ကျနော်တို့ ထွက်ပြေးနေရတယ်။ တိုက်ပွဲဖြစ်လာရင်တော့ ပြေးစရာမြေရှိတော့မှာ မဟုတ်ဘူး”

နေမျိုးလင်း - ရေးသည်။

ဗီဒီယိုများ