တက္ကသိုလ်ဝင်တန်းအောင်ပွဲနေ့ အမှောင်ကျခဲ့ကြသူများ

“ ကြပ်စင်ကျေးရွာက (၃) ဦးပါသွားပါတယ်။ ဖမ်းဆီးခံရတာဟာ အသက် (၁၇)နှစ်နဲ့ (၁၉)နှစ် ကျောင်းသားလေးတွေပါ။ ကျောက်ဆည်ပြင်က သူငယ်ချင်းအိမ်မှာ စာမေးပွဲအောင်တယ်ဆိုပြီး ပျော်ပွဲစားဖို့ သွားတဲ့အခါမှာ ဖြစ်သွားတာပါ။ အဲဒီကလေးတွေ အရင်က ကျောင်းတက်နေတာပါ။ ဆယ်တန်းကျတဲ့ ကလေးတွေပါ ”

24 Jun 2019

ဇွန်လ ၁၃ ရက်နေ့က ကျောက်ဆည်ပြင်ကျေးရွာအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ မောင်ညီညီသန်း (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ခိုင်ရိုးလ | DMG

မြောက်ဦးမြို့နယ်၊ကျောက်ဆည်ပြင်ကျေးရွာတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သည့် ကျောင်းသား တစ်ဦးမှာ အောင်မြင်မှုအထိမ်းအမှတ်အဖြစ် ကျွေွးမွေးပွဲတစ်ခုကျင်းပနေသည်။ ထိုပွဲသို့ ရပ်နီး၊ရပ်ဝေးက မိတ်ဆွေများ၊ ဆွေမျိုးများနှင့် အပေါင်းအသင်းများကို ဖိတ်ကြားထားသည်။ ထို့ကြောင့်  ကြာကန်၊ ရန်အောင်ပြင်  ဆင်အိုးနှင့် ကြပ်စင် စသည့်ကျေးရွာက ရွာသားအချို့လာရောက်ကြသည်။

ထိုနေ့သည် ဇွန်လ ၁၃ ရက်နေ့ဖြစ်သည်။ ဆယ်တန်းအောင် ကျောင်းသားကို ချီးကျူးပြီး ကျွေးမွေးသည့် အစားအစာများကို ဧည့်သည်များ စားသောက်နေကြစဉ် ကြံကမ္မာဆိုးတစ်ခုက ပွဲတော်ကို ဝင်မွှေနှောက်လိုက် သည်။ တောင်ဦးကျေးရွာဘက်က လာသည့် အင်အား (၆၀၀)ခန့် ပါဝင်သည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် ကျောက်ဆည်ပြင် ကျေးရွာကို အုပ်စုခွဲပြီး ဝင်ရောက်လာသည်။

ရွာထဲတွင် ဆောင်းဘောက်များတီးပြီး အောင်မြင်မှု အထိမ်းအမှတ်ပွဲ လုပ်နေသည့်နေရာကို တပ်မတော်က မျက်စိကျခဲ့သည်။ ထို့ကြောင့် ယင်းပွဲကို လာရောက်ပြီး ရွာသားနှင့်ဧည့်သည်များ သီးခြားစီခွဲထုတ်လိုက်ပြီး စာသင်ကျောင်းတွင်  အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များကို စစ်ဆေးကြသည်။ သို့သော် ပွဲစားရန် လာရောက်ကြသည့်် ဧည့်သည်များမှာ တပ်မတော်က စစ်ဆေးသည့် အထောက်အထားများ မပါလာကြပေ။ ထို့ကြောင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များဟု သံသယဖြစ်၍ ဧည့်သည် (၂၀)ခန့် အဖမ်းခံလိုက်ရသည်။

“ရွာထဲမှာ တပ်မတော်က စစ်ဆေးတဲ့အခါ ဧည့်သည်နဲ့ ရွာသားကိုခွဲလိုက်တယ်။ အိမ်ထောင်စုစာရင်းတွေ စစ်တယ်။ ဒီကလူတွေမှာက ပွဲစားဖိတ်ထားတာဆိုတာတော့ မှတ်ပုံတင်တွေ တစ်ခုလည်းပါမလာဆိုတော့။ ရွာသားတွေကိုက လွှတ်လိုက်ပြီး ဧည့်သည်တွေကျန်တာ” ဟု ကြာကန်ကျေးရွာက ဦးမောင်ထွန်းတင်က ပြောသည်။ သူသည် ဖမ်းဆီးခံရသူ (၅) ဦးအနက် ရဲကိုကို၏ ဖခင်ဖြစ်သည်။ ထိုအဖြစ်အပျက်ကို ထိုပွဲသို့ သွားရောက်ခဲ့သူ ရွာသားတစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ DMG ကိုပြောခြင်းဖြစ်သည်။

ထိုပွဲတွင် အဖမ်းခံရသူများမှာ ကြာကန်ကျေးရွာက (၅)ဦး၊ ဆင်အိုးကျေးရွာက (၆)ဦး၊ ရန်အောင်ပြင်ကျေးရွာ (၆)ဦးနှင့် ကြပ်စင်ကျေးရွာက (၃) ဦးဖြစ်သည်။ သူတို့အပြင် တခြားကျေးရွာက ဒေသခံများလည်း ယင်းနေ့က တပ်မတော်၏ ဖမ်းဆီးမှုကိုခံခဲ့ရသည်။

ထိုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ကျောက်တော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းသည် ဇွန်လ ၁၃ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့် တွင် ကျောက်ဆည်ပြင်ကျေးရွာအနီးသို့ အရောက်၌ AA တပ်ဖွဲ့မှ အင်အား ၅၀ ဦးခန့်က လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့ သဖြင့် ဆုတ်ခွာထွက်ပြေးသွားသည့် နေရာများနှင့် ကျောက်ဆည်ပြင်ကျေးရွာအနီး လိုက်လံရှာဖွေခဲ့သည်။

ယင်းအချိန်တွင် ကျေးရွာအတွင်းနှင့် အနီးတစ်ဝိုက်၌ ဒေသခံရွာသားများနှင့် မတူသည့် မသင်္ကာဖွယ် လူငယ် အမျိုးသား ၂၅ ဦးကိုတွေ့ခဲ့သည်။ ထို့ကြောင့် ကျေးရွာရှိ ရပ်မိ၊ရပ်ဖများနှင့် ရွာခံများအား ပြသရာ မျက်နှာစိမ်း ဖြစ်ကြောင်း သိရှိရသဖြင့် ခေတ္တထိန်းသိမ်းခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်း၍ အသေးစိတ် စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်နေသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဇွန်လ ၁၃ ရက်နေ့က ကျောက်ဆည်ပြင်ကျေးရွာအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူများ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

 တပ်မတော်က ထုတ်ပြန်သကဲ့သို့ ယင်းနေ့တွင် မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ကြောင်းနှင့် ၎င်းတို့မှာ AA တပ်ဖွဲ့ဝင်များမဟုတ်ဟု ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

“အဲဒီလူတွေ စစ်ရှောင်စခန်းကလူတွေလို့ သိရတယ်။ ရက္ခိုင့်တပ်တော်နဲ့ လုံးဝ အဆက်စပ် မရှိတဲ့သူတွေပါ။ အဲဒီနေရာမှာ ဇွန်လ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာမရှိပါ” ဟု ၎င်းက ဆိုသည်။

ယင်းနေ့က ရွာအနောက်ဘက်တောင်တန်းက သေနတ်ပစ်ခတ်သံများကို ကြားရသော်လည်း တိုက်ပွဲဖြစ်ပွားမှု ဟုတ်၊ မဟုတ် မသေချာဟု ကျောက်ဆည်ပြင်ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

“ပစ်ခတ်သံကတော့ ၈ နာရီပတ်ဝန်းကျင်မှာပါ။ ဘယ်ချိန်ထိ ကြာတယ်ဆိုတာကိုတော့ ကျွန်တော်တို့ မမှတ်မိ တော့ပါဘူး” ဟု ၎င်းက ဆိုသည်။

ကြာကန်ကျေးရွာက ဖမ်းဆီးခံလိုက်ရသူများမှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်စပ်မှုမရှိဘဲ ရွာတွင် လယ်ယာ လုပ်ငန်းလုပ်ကိုင်နေသူများဖြစ်သည်ဟု ရဲကိုကို၏ ဖခင် ဦးမောင်ထွန်းတင်က ပြောသည်။

အလားတူ ရန်အောင်ပြင်ကျေးရွာက အဖမ်းခံလိုက်ရသူများထဲတွင် ရွာတွင် ကျူရှင်ပြနေသည့် ကျောင်း ဆရာများနှင့် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူများ ပါဝင်ကြသည်။၎င်းတို့မှာ မည်သည့် အဖွဲ့အစည်းနှင့်မျှ ဆက်စပ်မှုမရှိဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ထောက်ခံသည်။

“ သူတို့က ဘယ်သူနဲ့မှ မပတ်သက်ပါ။ သူတို့က ဆယ်တန်းစာမေးပွဲအောင်လို့ အကျွေးစားတဲ့သူတွေ။ ကျောင်းဆရာတွေ၊ ရွာမှာကျူရှင်ပြနေတဲ့ လူတွေပါတယ်။ သူတို့က AA နဲ့လည်း ဘာအဆက်အသွယ်မရှိဘူး ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်ကပြောသည်။

ရန်အောင်ပြင်ကျေးရွာက ပွဲသို့လာရောက်သူ (၆)ဦးအပြင် (၂)ဦးလည်း ထပ်မံဖမ်းဆီးခြင်းခံခဲ့ရ သည်။ သူတို့သည် ယင်းပွဲတွင် အဖမ်းခံရသူများမဟုတ်ပေ။ဦး ကျော်သိန်းမောင်နှင့်ဦးထွန်းလှစံတို့မှာ တိုက်ပွဲဖြစ်ပွား မှုကြောင့် ပြင်ချောင်းကျေးရွာမှ လာရောက်၍ ရန်အောင်ပြင် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံ နေကြသူ များဖြစ်သည်။

ယင်းနေ့က ၎င်းတို့နှစ်ဦးအပြင် စစ်ရှောင်စခန်းက လူတစ်ဦးလည်း ၎င်းတို့သားသမီးများအတွက် ကျောင်းအပ် ရန်  တောင်ဦးကျေးရွာသို့ သွားရောက်ကြသည်။ထိုစဉ် ကျောက်ဆည်ပြင်ကျေးရွာနှင့် တောင်ဦး ကျေးရွာကြား တွင် တပ်မတော်စစ်ကြောင်းနှင့်တွေ့၍ ဦးကျော်သိန်းမောင်နှင့် ဦးထွန်းလှစံတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဦးကျော်သိန်းမောင်၏ ဇနီး ဒေါ်မဝေသာ က ပြောသည်။၎င်းတို့နှင့်လိုက်ပါလာသည့် အခြားတစ်ဦးကို သက်အရွယ်ကြီးရင့်နေပြီဖြစ်သဖြင့် ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။

“ ကျွန်မယောကျ်ားကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တာပါ။ ကျွန်မယောကျ်ားက ရိုးရိုးသားသား လုပ်ကိုင်စား သောက်နေတာပါ။ အခုလည်း စစ်ဘေးရှောင်စခန်းမှာ နေတာပါ။ AA အဖွဲ့နဲ့လည်း မပတ်သက်ပါဘူး။ အမှန် အတိုင်းဖြစ်စေပြီး အိမ်ကို အမြန်ပြန်လာစေချင်ပါတယ် ” ဟု ၎င်းက ဆိုသည်။

ကြပ်စင်ကျေးရွာမှ ဖမ်းဆီးခံရသူ(၃)ဦးမှာ အသက် ၁၇ နှစ်မှ အသက် ၁၉ နှစ်အရွယ်များဖြစ်သည်။အသက် ၁၇ နှစ်အရွယ် မောင်နေမျိုးဇော်၊အသက် ၁၉ နှစ်အရွယ်များဖြစ်သည့် မောင်အောင်ဇော်မိုးနှင့်မောင်ညီညီနိုင်တို့ မှာ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာမေးပွဲကျခဲ့သူများဖြစ်သည်။သူတို့သည်လည်း  ကျောက်ဆည်ပြင် ကျေးရွာက သူငယ်ချင်း ဆယ်တန်းအောင် အထိမ်းအမှတ်ကျွေးပွဲတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

“ ကြပ်စင်ကျေးရွာက (၃) ဦးပါသွားပါတယ်။ ဖမ်းဆီးခံရတာဟာ အသက် (၁၇)နှစ်နဲ့ (၁၉)နှစ် ကျောင်းသားလေးတွေပါ။ ကျောက်ဆည်ပြင်က သူငယ်ချင်းအိမ်မှာ စာမေးပွဲအောင်တယ်ဆိုပြီး ပျော်ပွဲစားဖို့ သွားတဲ့အခါမှာ ဖြစ်သွားတာပါ။ အဲဒီကလေးတွေ အရင်က ကျောင်းတက်နေတာပါ။ ဆယ်တန်းကျတဲ့ ကလေးတွေပါ ”ဟု ကြပ်စင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ချေက ပြောသည်။

ဇွန်လ ၁၃ ရက်နေ့က ကျောက်ဆည်ပြင်ကျေးရွာအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူများ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

သူတို့သုံးဦးကို ကျောက်တော်ရဲစခန်းမှာ ဖမ်းဆီးထားသည်ဟု သိရှိရသဖြင့် အုပ်ချုပ်ရေးမှူး ဦးမောင်ချေနှင့် အတူ မိသားစုဝင်များက  ဇွန်လ ၁၅ ရက်နှင့် ၁၈ ရက်နေ့တို့တွင် သွားရောက် ကြည့်ရှုရာတွင် တွေ့ခွင့်မရခဲ့ပေ။ ထို့ကြောင့် စိုးရိမ်စိတ်များဖြင့် မိမိတို့ကျေးရွာသို့ ပြန်လည့်လာခဲ့ရသည်။

“  တွေ့ခွင့်မရခဲ့ပါ။ ဘာကြောင့်လဲဆိုတာကို မသိရပါ။ သူတို့က ကလေးတွေဖြစ်တဲ့အတွက် ပြန်လွှတ် လာစေ ချင်ပါတယ်။ မိဘတွေကလည်း စိုးရိမ်နေကြပါတယ်။ သူတို့ကလေးက နိုင်ငံရေးကိုလည်း ဘာမှနားလည်တာ မဟုတ်ဘူး”ဟု  ကြပ်စင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချေ ကပြောသည်။

ကြာကန်ကျေးရွာက ဦးမောင်ထွန်းတင်ဆိုလျှင် ကျောက်တော်ရဲစခန်းတွင် ထိန်းသိမ်းခံနေရသည့် သူ့သား ရဲကို ကိုနှင့်တွေ့ချင်သည်။သို့သော် ငွေရေးကြေးရေးအခက်အခဲများဖြစ်ပေါ်နေသဖြင့် သွားရောက်ရန် အဆင်မပြေ ပေ။အမြန်ဆုံး ပြန်လွတ်လာစေရန်သာ ဆုတောင်းနေတော့သည်။

“ ကျွန်တော်တို့ သွားမတွေ့သေးပါ။ ကျွန်တော်တို့မှာ ဆင်းရဲတယ်။ တောင်သူတွေပါ။ သွားဖို့လာဖို့ စရိတ်တွေကျပ်တည်းတဲ့အတွက် သွားမတွေ့သေးပါ။ ဘာပဲဖြစ်ဖြစ် လွတ်လာစေချင်ပါတယ် ” ဟု ဦးမောင်ထွန်းတင် ကပြောသည်။

ယင်းအပြင် ပေါက္ကံချောင်း ကျေးရွာမှ (၁) ဦးနှင့် ကျောက်တော်မြို့နယ် ရှောက်ချောင်းကျေးရွာမှ (၁)ဦးနှင့်စပါးဆိပ်ကျေးရွာမှ (၁)ဦးတို့ပါ တပ်မတော်၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအစောပိုင်းက စတင်ပြီး ရခိုင်ပြည်နယ် အတွင်းတွင် တိုက်ပွဲများဖြစ်ပွားလာသည်။တိုက်ပွဲသည် တစ်နေ့ထက် တစ်နေ့ပိုမိုပြင်းထန်လာပြီး တပ်မတော် ဘက်ကလည်း အင်အားတိုးချဲ့ခြင်း၊ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်များပြုလုပ်သည်။AA ဘက်ကလည်း တပ်မ တော်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခြင်း၊မိုင်းခွဲတိုက်ခိုက်ခြင်းများပြုလုပ်လာသည်။ထို့ကြောင့် စစ်မီးကြီး သည် ပြင်းထန်လာ၍ ပြည်သူလူထုကိုပါ ရိုက်ခတ်စေခဲ့သည်။

တပ်မတော်သည် ရခိုင်ကျေးရွာအချို့ကို ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်၍ သံသယရှိသည်။AA တပ်ဖွဲ့ဝင် များသည် ရွာသားများအသွင်ဆောင်၍ ကျေးရွာများတွင်နေထိုင်သည်ဟု သံသယရှိကြသည်။ထို့အပြင် စစ်ဘေး ရှောင်စခန်းတွင် နေထိုင်သည်ဟုပါ သံသယရှိလာကြသည်။ပြီးခဲ့သည့်ရက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာက စစ်ဘေးရှောင်စခန်းကို AA တပ်ဖွဲ့ဝင်များ ရှိ၊မရှိ ရှာဖွေမှုများပြုလုပ်ခဲ့သည်။သို့သော် ဖမ်းဆီးမှုများ မရှိခဲ့ပေ။

မေလ ၃ ရက်နေ့ကဆိုလျှင် ရသေ့တောင်မြို့နယ်၊ကျောက်တန်းကျေးရွာကို AA တပ်ဖွဲ့ဝင်များ ရှိ၊မရှိ တပ်မတော် က ဝင်ရောက် စစ်ဆေး ခဲ့သည်။ရွာသား (၂၀၀)ကျော်ကို စာသင်ကျောင်းတွင် စစ်ဆေးခြင်းဖြစ်ပြီး စစ်ဆေးနေ ဆဲတွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် လူ(၆)ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရရှိသွားသည်။ထိုသို့ ပစ်ခတ်ရခြင်း မှာ သေနတ်လုခြင်းကြောင့် ပစ်ခတ်လိုက်ရခြင်းဖြစ်သည်ဟုဆိုသည်။သို့သော် ဖမ်းဆီးခံရသူများကမူ စိတ်မနှံ့သူ တစ်ဦး၏ အော်ဟစ်စဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ပြောကြသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံနေရသူ (၆၀)ကျော်ခန့် ရှိနေသည်။ရွာသူ၊ရွာသားများကို သံသယဖြင့်မဖမ်းဆီးရန်နှင့် ပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် လိုအပ် ကြောင်း မြောက်ဦးမြို့နယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“သံသယနဲ့ ဖမ်းဆီးတဲ့အခါလည်း ဥပဒေအရ (၂၄) နာရီထက်ချုပ်ခွင့်မရှိဘူး။ သူတို့ဘက်က တကယ်လို့ ဒီကိစ္စဟာ စစ်ဖြစ်နေတဲ့ဒေသဖြစ်နေတယ် ဆိုရင်တောင်မှ တရားရုံးမှာ ရမန်ယူပြီးတော့ စစ်ဆေးစေချင်ပါတယ်။ တရားဥပဒေဘောင်ထက်ကျော်လွန်ပြီး ထိန်းသိမ်းစစ်ဆေးတာကို မလိုချင်ဘူး”ဟု ဦးထွန်းသာစိန်က ဆိုသည်။

စစ်ဆေးနေစဉ်အတွင်း ကျောက်တန်းကျေးရွာက ဖြစ်စဉ်ကဲ့သို့ ဖြစ်မလာစေရန် ကြာကန်ကျေးရွာက ဖမ်းဆီး ခံနေရသူ ရဲကိုကို၏ ဖခင် ဦးမောင်ထွန်းတင်က ဆုတောင်းနေသည်။

“ ကျွန်တော့်သားကို အခုလိုဖမ်းဆီးခံနေရမှုအပေါ်မှာ စိုးရိမ်မှုတွေရှိပါတယ်။ စစ်ဆေးတဲ့ကာလမှာ ရိုက်ပုတ်ပြီး တော့ စစ်ဆေးမှုတွေကို စိုးရိမ်တာပါ။ လက္ကာကျေးရွာ၊ ကျောက်တန်းကျေးရွာ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့လည်း ကျွန်တော့်သားကို စိုးရိမ်ရပါတယ်။ အဲဒီလိုလည်း  မဖြစ်စေချင်ပါ ”

ဗီဒီယိုများ