ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် စာသင်ကျောင်းများ ရပ်ဆိုင်းမှု ကလေး နှစ်သိန်းခွဲ အခက်ကြုံ

ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည် စခန်းများတွင် ရန်ပုံငွေအခက်အခဲကြောင့် ပညာသင်ကြားရေး လုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားသည့်အတွက် ကလေး နှစ်သိန်းခွဲခန့်၏ ပညာရေးအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 04 Jun 2025

ကော့ဘဇားရှိ ဒုက္ခသည်စခန်းမှ စာသင်ခန်းတစ်ခု။ ဓာတ်ပုံ - UNHCR BD
ကော့ဘဇားရှိ ဒုက္ခသည်စခန်းမှ စာသင်ခန်းတစ်ခု။ ဓာတ်ပုံ - UNHCR BD

ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည် စခန်းများတွင် ရန်ပုံငွေအခက်အခဲကြောင့် ပညာသင်ကြားရေး လုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားသည့်အတွက် ကလေး နှစ်သိန်းခွဲခန့်၏ ပညာရေးအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရှောင်လွှဲမရသော အခြေအနေများကြောင့် ဒုက္ခသည်စခန်းများရှိ ပညာသင်ကြားရေး အစီအစဉ်များ အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ကော့ဘဇားရှိ UNICEF တာဝန်ခံ Angela Kearney နှင့် Save the Children ညွှန်ကြားရေးမှူး Golan Mostofa တို့က ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ဇွန်လ ၃ ရက်နေ့၌ ဒုက္ခသည်စခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဒေသခံ သင်ကြားရေးဆရာ ရာပေါင်းများစွာသည် လုပ်ငန်းရပ်ဆိုင်းခံခဲ့ရသည့်အတွက် ကော့ဘဇား-တက္ကနာ လမ်းတွင် ပိတ်ဆို့ ဆန္ဒပြခဲ့ကြသည်။ လုပ်ငန်းရပ်ဆိုင်းခံရသူများသည် ဒေသခံ ဆရာများသာဖြစ်ပြီး ဒုက္ခသည်စခန်းမှ ဆရာများမှာ အလုပ်ရပ်မခံရဟု ဆန္ဒပြသူများက ပြောကြားသည်။

ဒုက္ခသည်စခန်းများရှိ Grade 1 နှင့် Grade 2 အတန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာများအနက် ဘင်္ဂလားဒေ့ရှ် ဒေသခံ ဆရာများအားလုံးကို စေတနာ့ဝန်ထမ်း အဖြစ်မှ ချက်ချင်း ရပ်ဆိုင်းမည်ဟု ပြီးခဲ့သော မေလ ၂၇ ရက်နေ့တွင် UNICEF က ထုတ်ပြန်ခဲ့သည့် အချိန်မှစ၍ ဒေသခံ ဆရာများသည် ဆန္ဒထုတ်ဖော်နေကြခြင်း ဖြစ်သည်။

ဇွန်လ ၃ ရက်နေ့တွင် ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နှင့် ပညာရေးဌာန ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ သင်ကြားရေးစင်တာအားလုံးကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ သင်ကြားရေးစင်တာများရှိ လုပ်ငန်းရုံးများကိုလည်း နောက်ထပ် ညွှန်ကြားချက် တစုံတရာ မထွက်မချင်း ပိတ်ထားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကော့ဘဇားရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် သင်ကြားရေးစင်တာ ၄၀၀၀ ခန့်ရှိပြီး ကလေးငယ် ၂ သိန်းခွဲခန့် ပညာသင်ကြားလျက်ရှိသည်။

ဒုက္ခသည်စခန်းများတွင် လက်ရှိ နေထိုင်နေကြသူ စုစုပေါင်း တစ်သန်းကျော်ရှိသည်။ ပြီးခဲ့သော လများအတွင်း ရခိုင်ဘက်မှ တိုက်ပွဲများကြောင့် စခန်းများသို့ ရောက်ရှိလာသည့် လူသစ်အရေအတွက်သည် တစ်သိန်းခွဲခန့်ရှိပြီး ယခုနှစ်မကုန်မီ နောက်ထပ် ငါးသောင်းခန့် ထပ်ရောက်ဖွယ်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ၏ ပြောကြားချက်များကို ကိုးကားပြီး ဒေလီစတား သတင်းတွင် ဖော်ပြထားသည်။