- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
- ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားကောင်းရန် လိုအပ်နေ
- ကျောင်းမတက်ဖြစ်သူများ ကင်းမဲ့ဇုန် အလိုရှိသည်
- မိုးတွင်းကာလ လမ်းခရီးကြမ်း၍ အိန္ဒိယ-ရခိုင်ကုန်သွယ်ရေးတွင် ဆုံးရှုံးမှုများ ရှိလာ
မွတ်ဆလင် ဒုက္ခသည်အရေး AA နှင့် ဆွေးနွေးရန် အမေရိကန် တိုက်တွန်း
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်အရေး ဖြေရှင်းရန် အာရက္ခတပ်တော် (AA) နှင့် ဆွေးနွေးရန်လိုအပ်ကြောင်း အမေရိကန်နိုင်ငံက တိုက်တွန်းလိုက်သည်။
11 Jun 2025

DMG ၊ ဇွန် ၁၁
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်အရေး ဖြေရှင်းရန် အာရက္ခတပ်တော် (AA) နှင့် ဆွေးနွေးရန်လိုအပ်ကြောင်း အမေရိကန်နိုင်ငံက တိုက်တွန်းလိုက်သည်။
ယမန်နေ့ (ဇွန် ၁၀) ရက်တွင် ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အမေရိကန်နိုင်ငံ၏ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ ဆိုင်ရာကိုယ်စားလှယ် ဂျောနသန် ရှရှ်ရာ က ပြောဆိုခဲ့ကြောင်း United States Mission to the United Nations က ထုတ်ပြန်သည်။
" ရိုဟင်ဂျာ (မွတ်ဆလင်) ဒုက္ခသည် အရေးနဲ့ ပတ်သတ်လို့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ အားလုံး အထူးသဖြင့် စစ်တပ်ရော (စစ်ကောင်စီ) အာရက္ခတပ်တော် (AA) တို့နဲ့ ဆွေးနွေးအဖြေရှာဖို့နဲ့ လူ့အသက်တွေကို လေးစားလိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်" ဟု ဂျောနသန် ရှရှ်ရာ က ပြောကြားခဲ့သည်။
စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ပြင်းထန်လာနေခြင်းကြောင့် ဒုက္ခများကြုံနေရသည့် မွတ်ဆလင်ဒုက္ခသည်များ အပါအဝင် ဒုက္ခများကြုံနေရသည့် အသက်ရှင်ကျန်ရစ်သူများနှင့် အတူတကွ ရပ်တည်ကြောင်းလည်း ထုတ်ပြောခဲ့သည်။
၎င်းအပြင် စစ်ကောင်စီသည် မွတ်ဆလင်များအပေါ် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှု မရှိသေးသည့်အပြင် ဆက်လက်ဖိနှိပ်ခြင်း၊ ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများကို ဗုံးကြဲခြင်း၊ အတင်းအကြပ် စစ်မှုထမ်းခိုင်းခြင်းများ ကျူးလွန်နေသည်ဟု ဂျောနသန် ရှရှ်ရာ က ပြောဆိုခဲ့သည်။
ဒုက္ခသည်များအတွက် အရေးပေါ်အကူအညီလိုအပ်ချက်များကိုလည်း စစ်ကောင်စီက ဆက်လက်ပိတ်ဆို့ထားပြီး လူသားချင်းစာနာမှု လိုအပ်ချက်များမြင့်တက်နေကြောင်းနှင့် မွတ်ဆလင်ဒုက္ခသည်များ ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်ရန် ရေရှည်တည်တံ့သည့် ဖြေရှင်းချက်လိုအပ်ကြောင်းလည်း ဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံလုံးရှိ မွတ်ဆလင်အများစုမှာ ၈၀ ရာခိုင်နှုန်းအထိ ဆင်းရဲနွမ်းပါးနေသည့် အပြင် စစ်ကောင်စီနှင့် AA တို့အကြား တိုက်ပွဲများကြောင့် မွတ်ဆလင်အရပ်သားများမှာ ဒုက္ခနှင့်ကြုံနေရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့လည်း ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
" မွတ်ဆလင်များအပါအဝင် အသိုင်းအဝိုင်းအားလုံးအတွက် ဘေးကင်းမှု၊ တာဝန်ခံမှုနဲ့ အခွင့်အလမ်းတွေကို အာမခံပြီး ပဋိပက္ခ၊ ခွဲခြားဆက်ဆံမှုနဲ့ မတူကွဲပြားမှုတွေရဲ့ ဇစ်မြစ်ကိုရှာပြီး ဖြေရှင်းနိုင်တဲ့ အနာဂတ်တစ်ခု မြန်မာနိုင်ငံမှာ ရှိကိုရှိရမယ်" ဟု မစ္စ ဂျူလီဘစ်ရှော့ က ပြောသည်။
အပစ်အခတ်ရပ်စဲရေးနှင့် ပြည်သူများ၏ လိုအပ်ချက်များကို အလေးမထားဘဲ အားလုံးပါဝင်သည့် ထာဝရငြိမ်းချမ်း ရေးကို မရနိုင်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။
လက်ရှိ ရခိုင်ပြည်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ပြီး ထိန်းချုပ်နယ်မြေများတွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးယန္တရားများဖြင့် လည်ပတ်နေသည်။