"စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော

ရခိုင်ပြည်အတွက် ဘင်္ဂလားဒေ့ရှ်က စာနာမှုစင်္ကြံတစ်ရပ် စီစဉ်ထားရှိမည် ဆိုသည်မှာ ဝါဒဖြန့်ချိရေး သတင်းမှားသာ ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ အကြံပေးခေါင်းဆောင် မိုဟာမက်ယူနွတ်က ပြောကြားလိုက်သည်။

By Admin 07 Jun 2025

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအဖွဲ့ခေါင်းဆောင် မိုဟာမက်ယူနွတ်။ ဓာတ်ပုံ - Dhaka Tribune
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအဖွဲ့ခေါင်းဆောင် မိုဟာမက်ယူနွတ်။ ဓာတ်ပုံ - Dhaka Tribune

ရခိုင်ပြည်အတွက် ဘင်္ဂလားဒေ့ရှ်က စာနာမှုစင်္ကြံတစ်ရပ် စီစဉ်ထားရှိမည် ဆိုသည်မှာ ဝါဒဖြန့်ချိရေး သတင်းမှားသာ ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ အကြံပေးခေါင်းဆောင် မိုဟာမက်ယူနွတ်က ပြောကြားလိုက်သည်။

ဇွန်လ ၆ ရက်နေ့က အိဒ်နေ့အကြို ရုပ်သံမိန့်ခွန်း၌ ယခုကဲ့သို့ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။ 

စစ်ပွဲကြောင့် ထိခိုက်နေသော ဤဒေသအတွက် စာနာမှုအကူအညီများ ပေးအပ်ရေး အစီအစဉ်တစ်ရပ်ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတားရက်က အဆိုပြုခဲ့သော်လည်း အဆိုပါ စိတ်ကူးသည် ကနဦးဆွေးနွေးချက်များထက် ကျော်လွန်၍ ရှေ့ဆက်လာခြင်း မရှိခဲ့ဟု ယူနွတ်က ပြောသည်။ 

"ဘင်္ဂလားဒေ့ရှ်က ရခိုင်အတွက် စာနာမှုစင်္ကြံတစ်ရပ် ဖွင့်လှစ်ပေးမယ် ဆိုတဲ့ သတင်းမှာ ပျံ့နှံ့နေတာ ကျွန်တော်တို့ သတိပြုမိပါတယ်။ ကျွန်တော် ရှင်းရှင်းပဲ ပြောပါမယ်။ ဒါက လုံးလုံး မုသာဝါဒသာ ဖြစ်ပါတယ်" ဟု မိုဟာမက်ယူနွတ်က ရုပ်သံမိန့်ခွန်း၌ ပြောကြားသည်။ 

ဤသည်မှာ လုပ်ကြံဇာတ်လမ်းများ ဖန်တီးကာ ဘင်္ဂလားဒေ့ရှ် ပြည်သူလူထုကို လမ်းလွဲသွားစေလိုသူများ၏ လုပ်ရပ်များသာ ဖြစ်သည်ဟု သူကပြောသည်။ မိမိတို့အနေဖြင့် မူလပန်းတိုင်သို့ လမ်းကြောင်းမလွဲဘဲ လျှောက်လှမ်းကာ ယခုအကျပ်အတည်းကြီးကို ဖြေရှင်းကြရမည်ဟုလည်း သူကပြောသည်။ 

ဘင်္ဂလားဒေ့ရှ်သည် လက်ရှိတွင် မွတ်ဆလင်ဒုက္ခသည် ၁.၂ သန်းကို စောင့်ရှောက်ပေးထားပြီး ထိုအထဲတွင် ၂၀၂၃-၂၄ ကာလကမှ အသစ်ထပ်ရောက်လာသည့် ဒုက္ခသည် တစ်သိန်းခန့်လည်း ပါဝင်သည်ဟု ယူနွတ်၏ ပြောဆိုချက်အရ သိရသည်။

နောက်ထပ် ဝင်ရန် ကြိုးပမ်းနေသူများလည်း ရှိနေသဖြင့် ၎င်းတို့ ဝင်မလာနိုင်အောင် တားမြစ်နေသည့် တချိန်တည်း၌ လက်ရှိ ဒုက္ခသည်များအား နေရပ်ပြန်ပို့ပေးနိုင်ရေးကိုပါ ကြိုးစားနေသည်ဟုလည်း မိုဟာမက်ယူနွတ်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်သည် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် မြန်မာစစ်ကောင်စီနှင့် ဆွေးနွေးမှုများ ရှိထားသည်။ စစ်ကောင်စီသည် ဒုက္ခသည် ၁၈၀,၀၀၀ လက်ခံရန် အမည်များ စိစစ်အတည်ပြုထားပြီး ဖြစ်သလို နောက်ထပ် အမည် ငါးသိန်းခွဲကိုလည်း စိစစ်သွားမည်ဟု ပြောထားကြောင်း ဧပြီလ အစောပိုင်းက ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောကြားထားသည်။

"ဒုက္ခသည်နေရပ်ပြန်ပို့ရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေးတို့အတွက် မြန်မာအစိုးရအပြင် လက်နက်ကိုင် အဖွဲ့တွေနဲ့ပါ တရားဝင်ရော၊ အလွတ်သဘောပါ ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ကျွန်တော်တို့ သွားခဲ့သမျှ နိုင်ငံတိုင်းက ခေါင်းဆောင်တွေနဲ့လည်း မွတ်ဆလင်ဒုက္ခသည် အရေးကို ဆွေးနွေးပြီး ပူးပေါင်းကူညီဖို့ ပြေကြားခဲ့ပါတယ်။ သူတို့ကလည်း ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို အပြုသဘော တုံ့ပြန်ထားကြပါတယ်" ဟုလည်း မိုဟာမက်ယူနွတ်က ရုပ်သံမိန့်ခွန်း၌ ပြောကြားခဲ့သည်။