မေတ္တာရှင်တို့ ယိုင်နဲ့လာရချိန်

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ပရဟိတအလုပ်ကို စိတ်ဝင်စားသည့် လူ(၁၀)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်က ရွှေရောင်မေတ္တာ လူမှုကူညီရေးအသင်းတွင် မြောက်ဦးဆရာတော်ထံမှ အကူအညီတောင်းခံ၍ ရရှိထားသည့် ယာဉ်တစ်စီးတည်းဖြင့် လူမှုကူညီရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

By မင်းထွန်း 19 Aug 2022

DMG ၊ သြဂုတ် ၁၉

(ဆောင်းပါး)

စစ်တွေမြို့၏ လမ်းမပေါ်တွင် တဝီ…ဝီမြည်သံနှင့်အတူ အရှိန်အဟုန်နှင့်မောင်းနှင်လာသည့်ယာဉ်မှာ ကုတင်(၅၀၀)ဆံ့ ဆေးရုံကြီးသို့အရောက်တွင် အရှိန်သတ်ကာ ရပ်တန့်လိုက်လေသည်။

တစ်ချိန်တည်းတွင် လိမ္မော်ရောင်အင်္ကျီနှင့် အမဲရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကြသည့် လူငယ်လေးဦးက ယာဉ်ပေါ်တွင်ပါလာသည့် သွေးထွက်သံယိုဖြစ်နေသော ဒဏ်ရာရလူနာတစ်ဦးကို လူနာတင်သည့် လက်တွန်းလှည်းပေါ်သို့သယ်ယူကာ ဆေးကုသခန်းဆောင်သို့ လိုက်ပါပို့ဆောင် လိုက်ကြသည်။

ထိုသို့ ဆင်တူဝတ်စုံကိုဝတ်ဆင်ပြီး လူနာများကို အပြုံးမပျက် ကူညီဆောင်ရွက်ပေးနေသူများမှာ စစ်တွေမြို့တွင်အခြေစိုက်သည့် ရွှေရောင်မေတ္တာဖောင်းဒေးရှင်းလူမှုကူညီရေးအသင်းမှ အသင်းသားများဖြစ်သည်။

ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းသည် အရေးပေါ်လူနာများ သယ်ယူပို့ဆောင်ခြင်း၊ သာရေး၊ နာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များအပြင် ဒေသတွင်းလူမှုရေးလုပ်ငန်းများကို တက်ကြွစွာကူညီဆောင်ရွက် ပေးနေသည့် ပရဟိတအသင်းဖြစ်သည်။

လူမျိုး/သာဘာ၊ နေရာဒေသမခွဲခြားဘဲ အကူအညီတောင်းခံလာသည့် မည်သည့်ကိစ္စရပ်ကိုမဆို အချိန်အကန့် အသတ်မရှိ (၂၄)နာရီလုံး အခမဲ့ကူညီဆောင်ရွက်ပေးရေးသည် အသင်း၏အဓိကရည်ရွယ်ချက်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌလည်းဖြစ်၊ တည်ထောင်သူလည်းဖြစ်သည့် ဦးမင်းထည်ဝါကပြောသည်။

“ကျနော်တို့ဆီကို အကူအညီတောင်းတဲ့ ဘယ်မြို့နယ်၊ ဘယ်ပြည်နယ်ကမဆို ရောက်အောင်ပို့ပေးတယ်။ နယ်မြေ ကန့်သတ်ချက်မရှိဘူး။ ကျနော်တို့မှာ နေ့ခင်း၊ ညနေမရှိဘူး။ ညဉ့်တစ်နာရီမှာ အကူအညီလာတောင်းရင်လည်း သွားပြီးကူညီပေးတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပြင်းထန်စွာဖြစ်ပွားခဲ့သည့်အချိန်က ပြည်တွင်းက လူမှုကူညီရေးအဖွဲ့ အစည်းများနှင့်အတူ ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းသည် အရေးကြီးသည့် အခန်းကဏ္ဍာတွင် ပါဝင်ခဲ့ကြသည်။ နေ့မနား၊ ညမအား ကိုဗစ်လူနာများနှင့် သေဆုံးလူနာများကို ပို့ဆောင်ရေးများ လုပ်ဆောင်ပေးခြင်း၊ အောက်ဆီဂျင်ရှာဖွေရေးများကို အားတိုက်အင်တိုက်ဖြင့် ကူညီခဲ့သည့် လူမှုကူညီရေးအသင်းဖြစ်သည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ပရဟိတအလုပ်ကို စိတ်ဝင်စားသည့် လူ(၁၀)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်က ရွှေရောင်မေတ္တာ လူမှုကူညီရေးအသင်းတွင် မြောက်ဦးဆရာတော်ထံမှ အကူအညီတောင်းခံ၍ ရရှိထားသည့် ယာဉ်တစ်စီးတည်းဖြင့် လူမှုကူညီရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်း၌ အသင်းသူ၊အသင်းသား (၅၀)ကျော်အထိရှိလာပြီး လူနာတင်ယာဉ်၊ နာရေးယာဉ်နှင့် ဒေသတွင်းလူမှုရေးလုပ်ငန်းများတွင် အသုံးပြုသည့်ယာဉ် စုစုပေါင်း (၁၅)စီး ရှိသည်။

လစဉ်ကြေးငွေအပါအဝင် သာရေး၊ နာရေး၊ ကျန်းမာရေးကိစ္စရပ်တို့ကို ကူညီရာမှရရှိလာသည့် အလှူငွေများ၊ မွေးနေ့အလှူများ စသည့်ပြည်သူများ၏ အလှူငွေများဖြင့် အသင်းကို ရပ်တည်လည်ပတ်နေခြင်းဖြစ်သည်ဟု ဦးမင်းထည်ဝါကပြောသည်။

“ကျနော်တို့အသင်းက ပြည်သူလူထုအလှူနဲ့ပဲ ရပ်တည်နေတာဖြစ်တယ်။ တချို့ဆိုရင် မွေးနေ့အလှူအဖြစ် လာလှူကြတယ်။ နိုင်ငံခြားအဖွဲ့အစည်းတွေ ဘာမှမရှိပါဘူး”ဟု သူကဆိုသည်။

အသင်းတည်ထောင်ပြီး လေးနှစ်ခန့်ဆိုသည့်အချိန်ကာလတွင် ပြည်သူများ၏အားထားရာ ပရဟိတအသင်း တစ်ခုအဖြစ် ရပ်တည်လာနိုင်ခြင်းသည် အသင်းသား/သူများ၏ ကြိုးစားအားထုတ်မှုနှင့် အလှူရှင်များကြောင့် ဖြစ်သည်ဟု ဦးမင်းထည်ဝါကပြောသည်။

ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းသည် သာရေး၊ နာရေး၊ ကျန်းမာရေးကိစ္စရပ်များကို အသင်းရုံးစိုက်သည့်  စစ်တွေမြို့တစ်ခုတည်းတွင် ကူညီဆောင်ရွက်ပေးနေခြင်းမဟုတ်ပေ။ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား စသည့်မြို့နယ်များအပါအဝင် စစ်တွေမှ ရန်ကုန်သို့ပို့ဆောင်ရမည့် အရေးပေါ်လူနာများကိုလည်း ငွေကြေး တောင်းခံမှုမရှိဘဲ အခမဲ့ပို့ဆောင်မှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုသို့ အခမဲ့ပို့ဆောင်ကူညီပေးသည့်အခါတွင် စေတနာပေါက်အလှူငွေများကို လက်ခံခြင်းများရှိသည်ဟု ဦးမင်းထည်ဝါကပြောသည်။

“ကျနော်တို့မှာက ပရဟိတဖြစ်တဲ့အတွက် ဈေးသတ်မှတ်ချက်လည်းမရှိဘူး။ ဘာမှမရှိဘူး။ ကူညီလိုက်တဲ့ လူနာမိသားစုက စေတနာရှိလို့ ဘယ်လောက်ပဲလှူလှူ ကျနော်တို့လက်ခံတယ်။ မလှူရင်လည်း ဘာမှမဖြစ်ဘူး”ဟု သူကပြောသည်။

သို့သော် ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းတွင် အသင်းရပ်တည်နိုင်ရေးနှင့် လည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များနှင့်အတူ စိန်ခေါ်မှုများစွာရှိနေသည်။ လက်ရှိစက်သုံးဆီဈေး မြင့်တက်နေမှုကြောင့် ကျန်းမာရေး၊ နာရေးကိစ္စများကို ကားဖြင့်ကူညီပို့ဆောင်ပေးရာ၌ ယခင်ထက် ငွေကုန်ကျမှုပိုများလာသဖြင့် အဖွဲ့အစည်း၏ရန်ပုံငွေများ လည်ပတ်ရာတွင် အခက်အခဲများရှိနေခြင်းဖြစ်သည်။

လူမှုကူညီရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့်ယာဉ်များ၏ စက်သုံးဆီဈေးနှုန်းစရိတ်မှာ ယခင်က တစ်လလျှင် အများဆုံး(၁၂)သိန်းခန့်သာ ကုန်ကျမှုရှိခဲ့ရာမှ ယခုအခါ တစ်လလျှင် သိန်း(၈၀)အထိ ကုန်ကျမှုရှိလာနေသည်ဟု ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းက ဆိုသည်။

ယင်းအထဲမှ စစ်တွေ-ရန်ကုန်သို့ အသွား/အပြန် စက်သုံးဆီဈေးနှုန်းစရိတ်မှာ ယခင်က (၄)သိန်းခန့် ကုန်ကျမှုရှိခဲ့ရာမှ ယခုအခါ (၈)သိန်းခန့်အထိ ကုန်ကျမှုမြင့်တက်လာသည်။ ယင်းအပြင် စစ်တွေမှ ရန်ကုန်သို့ အရေးပေါ်လူနာများ ပို့ဆောင်ရခြင်းမှာ တစ်လလျှင်အနည်းဆုံး လေးကြိမ်ခန့်ရှိနေသည်။

ယခင်က စစ်တွေမှရန်ကုန်သို့ အရေးပေါ်လူနာများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲမရှိခဲ့သော်လည်း ယခုအချိန်တွင် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ရန်ကုန်သို့ လူနာပို့ဆောင်ရခြင်းမှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်ဟု ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌ ဦးမင်းထည်ဝါကပြောသည်။

“ကျနော်တို့ရဲ့ အကြီးမားဆုံးစိန်ခေါ်မှုက ရန်ကုန်ကိုသွားရတာဖြစ်တယ်။ ရန်ကုန်ကို တစ်ရက်နဲ့တစ်ညည့် ယာဉ်မောင်းပြီးသွားရတဲ့ အနေအထားမှာ ဆီစရိတ်နဲ့ပတ်သက်လို့ ဘယ်လိုသွားပြောရမှာလဲပေါ့။ ဒါပေမယ့် လူနာမိသားစုတွေက ဘယ်လိုလုပ်ပေးရမလဲလို့မေးကြတော့ ကျနော်တို့က ဆီထည့်ပေးပါလို့ပြောရတယ်။ အဲဒီလိုပုံစံမျိုးနဲ့ အခုသွားနေရတယ်”ဟု သူကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ အရပ်သားအစိုးရကိုဖြုတ်ချပြီး နိုင်ငံတော် အာဏာကိုသိမ်းယူခဲ့သည်။ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် တဟုန်ထိုးတက်လာသည့် ဒေါ်လာဈေးများ၊ ကုန်ဈေးနှုန်းများနှင့်အတူ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ရွှေရောင်မေတ္တာအသင်း အပါအဝင် ရခိုင်ပြည်အတွင်းက လူမှုကူညီရေးအသင်း/အဖွဲ့များကိုလည်း ရိုက်ခတ်မှုများရှိလာနေခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့ လေးဝတီကုသလရက္ခိတ ပရဟိတအသင်းမှာလည်း ယခင်က ကျန်းမာရေး၊ နာရေးကိစ္စများကို အခမဲ့ ကားဖြင့်ပို့ဆောင်ပေးရာတွင် အခက်အခဲမရှိခဲ့သော်လည်း ယခုအခါတွင် စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်သွားမှုကြောင့် ခရီးဝေးများသို့ အခမဲ့ပို့ဆောင်ပေးရသည့်အပိုင်းတွင် အခက်အခဲများ ရှိလာသည်ဟု အသင်း၏ဥက္ကဋ္ဌဖြစ်သူ ဦးဂျပန်ကြီးကပြောသည်။

“အရင်ကတော့ နယ်တော်တော်များများကိုလည်း အခမဲ့ပို့ပေးနိုင်တယ်။ အခုနောက်ပိုင်းမှာ ဆီဈေးတက်တဲ့အခါ အားလုံးကို အခမဲ့မပို့နိုင်တော့ဘူး။ ကိုယ့်မြို့တွင်းမှာတော့ အခမဲ့ပို့ပေးတယ်။ ဒါပေမယ့် ဆယ်မိုင်ကျော်ဝေးတဲ့ နယ်တွေကိုပို့တဲ့အခါမှာ ဆီစရိတ်တွေမျှပြီးသွားနေရတယ်”ဟု သူကပြောသည်။

ကျောက်ဖြူမှရန်ကုန်သို့ အရေးပေါ်လူနာများကို ကားဖြင့်သယ်ယူပို့ဆောင်ရာတွင် စက်သုံးဆီကုန်ကျမှုစရိတ်မှာ ယခင်ကသုံးသိန်းကျော်သာရှိခဲ့ရာမှ ယခုအခါလေးသိန်းကျော်ထိ ကုန်ကျမှုရှိလာ၍ အခက်အခဲများ ရှိလာခြင်းဖြစ်သည်ဟု လေးဝတီကုသလရက္ခိတပရဟိတအသင်းကဆိုသည်။

ယင်းအပြင် ကုန်ဈေးနှုန်းများနှင့်အတူ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် လူနာတင်ယာဉ်များနှင့် ဆက်စပ်သည့် စက်ပစ္စည်းများဝယ်ယူရာတွင် အခက်အခဲများရှိလာသည့်အတွက် ယခင်ကဲ့သို့ အားတိုက်အင်တိုက်ကူညီနိုင်ရန် အခက်အခဲများရှိလာသည်ဟု လူမှုကူညီရေးအသင်းများကဆိုကြသည်။

စက်သုံးဆီဈေနှုန်းမြင့်တက်နေခြင်း၏ အဓိကစိန်ခေါ်မှုမှာ လူနာတင်ယာဉ်များအသုံးပြုပြီး ခရီးဝေးများသို့ သွားလာရခြင်းဖြစ်ဟု လူမှုကူညီရေးအသင်းများက ဆိုကြသည်။ ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့ အများအပြားသည် အသင်းသား/သူများ၏ လစဉ်ထည့်ဝင်ငွေများဖြင့် ရပ်တည်နေကြခြင်းဖြစ်သည်။

စက်သုံးဆီဈေးမြင့်တက်မှုကြောင့် အသင်းလည်ပတ်ရေး ရန်ပုံငွေများမှာလည်း ယခင်ကထက်ပို၍ လိုအပ်မှုများ ရှိလာနေသည်ဟု ဘူးသီးတောင်မြို့ အနောက်တံခါးလူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ထူးက ပြောသည်။

“အခုကုန်ဈေးနှုန်းတွေကလည်း စိုးရိမ်စရာကောင်းလာတယ်။ ဆီဈေးနှုန်းတွေဆိုရင်လည်း အရင်က အငူမော်ကိုသွားရင် သုံးသောင်းရှိတာကနေ အခုကဆိုရင် ခုနှစ်သောင်းလောက်ဖြစ်သွားတယ်။ ဆိုတော့ အရင်ရန်ပုံငွေထက် နှစ်ဆလောက်လိုအပ်လာတဲ့အချိန်မှာ အခုလက်ရှိမှာ အဆင်မပြေမှုတွေ အများကြီး ကြုံတွေ့ရတယ်”ဟု သူကဆိုသည်။

ထိုသို့အခက်အခဲများရှိလာခြင်းကြောင့် ပြည်သူများ အကူအညီတောင်းခံလာခြင်းကို အကူအညီမပေးနိုင်မည်ကိုလည်း လူမှုကူညီရေးအသင်းအဖွဲ့များက စိုးရိမ်နေကြသည်။ ယင်းအပြင် လက်ရှိမြင့်တက်နေသော စက်သုံးဆီဈေးနှုန်းမှာ ရေရှည်မြင့်တက်နေမည်ဆိုပါက ဆက်လက်ကူညီပေးနိုင်ရန် ခက်ခဲလာမည်ကိုလည်း လူမှုကူညီရေးအသင်း/အဖွဲ့များက စိုးရိမ်နေကြသည်။

လက်ရှိတွင်လည်း အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေ အမေရိကန် တစ်ဒေါ်လာလျှင် ယခင်က ၁၈၅၀ ကျပ်နှုန်းဖြင့်လဲလှယ်ရန် ညွှန်ကြားခဲ့သော်လည်း ယခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့မှစတင်ကာ အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် လဲလှယ်နိုင်ကြောင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ပြောင်းလဲသတ်မှတ်လိုက်သည့် ဒေါ်လာဈေးကြောင့် မြန်မာနိုင်ငံသို့ ပြည်ပမှတင်သွင်းနေသည့် စက်သုံးဆီအပါအဝင် သွင်းကုန်များ၏ဈေးနှုန်းမှာ ယခုထက်ပို၍ မြင့်တက်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

“ဒေါ်လာဈေးတွေအားလုံးက အကုန်လုံး ကမောက်ကထဖြစ်နေတယ်။ ဗဟိုဘဏ်ကလည်း ဘယ်လိုမှ မထိန်းနိုင်တဲ့ အနေအထားရှိတယ်။ ဆိုတော့ စက်သုံးဆီတွေဆိုတာက ကိုယ့်တိုင်းပြည်မှာ မလုံလောက်လို့ ဒေါ်လာနဲ့ဝယ်ပြီး သုံးနေရတာဆိုတော့ အဓိက ဒေါ်လာဈေးတည်ငြိမ်ဖို့လိုတယ်။ ဈေးနှုန်းတည်ငြိမ်မှာဖြစ်တယ်။ ဈေးကျမယ်ဆိုရင်လည်း အဲဒီအချိန်မှ မျှော်လင့်လို့ရမယ်”ဟု ရခိုင်မှ ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက သုံးသပ်ပြောဆိုသည်။

သို့သော် စက်သုံးဆီဈေးနှုန်းများ ယခုထက်ပို၍ အဆမတန်မြင့်တက်လာလျှင်လည်း အကူအညီတောင်းခံလာသည့် သာရေး/နာရေး၊ ကျန်းမာရေးကိစ္စရပ်များကို မဖြစ်၊ ဖြစ်သည့်နည်းဖြင့် ကူညီသွားမည်ဖြစ်ကြောင်း ရခိုင်မှ လူမှုကူညီရေးအသင်းများက ဆုံးဖြတ်ထားကြသည်။

စက်ဆီသုံးဈေးနှုန်းအခြေအနေ မည်သို့ပင်ရှိစေကာမှု လူနာတင်ယာဉ်များ သွားလာနိုင်ရန်နှင့် လူနာများအား ကူညီရေးကို အတက်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုလာသူက ရွှေရောင်မေတ္တာလူမှု ကူညီရေးအသင်း၏ ဥက္ကဋ္ဌ ဦးမင်းထည်ဝါဖြစ်သည်။

“လူနာဆိုတာမျိုးက တခြားခရီးသည်တင်ယာဉ်တွေနဲ့ တင်လို့ရတာမဟုတ်ဘူး။ သက်တောင့်သက်သာ ဖြစ်ဖို့လိုတယ်။ Save ဖြစ်ဖို့လိုတယ်။ အောက်ဆီဂျင်ပါဖို့လိုတယ်။ အဲဒါတွေက မရှိမဖြစ်လိုအပ်တာဖြစ်တဲ့ အတွက် ဆီဈေးဘယ်လောက်ပင်တက်တက်၊ ဘယ်လိုအခက်အခဲတွေရှိရှိ မဖြစ်မနေကူညီသွားမယ်”ဟု ၎င်းကဆိုသည်။

မင်းထွန်း - ရေးသည်။

ဗီဒီယိုများ