နယ်စပ်မှတစ်ဆင့် ကိုဗစ်ကပ်ရောဂါမကူးစက်စေရေး ရခိုင်အရပ်ဘက်အဖွဲ့များ၏ အကြံပြုချက်များ

ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေပြီး နယ်စပ်ကနေတဆင့် ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် အန္ဒိယနိုင်ငံတို့တွင် ကိုဗစ်ပိုးကူးစက်မှုမြင့်မားပြီး လူအသေအပျောက် များစွာရှိနေသည့်အချိန်တွင်  မိမိတို့ဒေသတွင်းသို့ ကုန်သွယ်ရေးလုပ်ငန်းများမှ လူအဝင်အထွက်ကြောင့် ကိုဗစ်ကူးစက်မှု မဖြစ်ပေါ်စေရန် မည်သို့လုပ်ဆောင်သင့်သည်ကို စစ်တွေအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများအား DMG မှ ဆက်သွယ်မေးမြန်းထားသည်။

04 May 2021

DMG ၊ မေ ၄

ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေပြီး နယ်စပ်ကနေတဆင့် ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် အန္ဒိယနိုင်ငံတို့တွင် ကိုဗစ်ပိုးကူးစက်မှုမြင့်မားပြီး လူအသေအပျောက် များစွာရှိနေသည့်အချိန်တွင်  မိမိတို့ဒေသတွင်းသို့ ကုန်သွယ်ရေးလုပ်ငန်းများမှ လူအဝင်အထွက်ကြောင့် ကိုဗစ်ကူးစက်မှု မဖြစ်ပေါ်စေရန် မည်သို့လုပ်ဆောင်သင့်သည်ကို စစ်တွေအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများအား DMG မှ ဆက်သွယ်မေးမြန်းထားသည်။

ဦးဇော်ဇော်ထွန်း (အတွင်းရေးမှူး၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး - REC)

“တကယ်လို့ကူးစက်ခံရရင် ထိန်းမနိုင်၊ သိမ်းမနိုင်ဖြစ်တာကို အရင်အစိုးရလက်ထက်မှာ အတွေ့အကြုံရှိပြီးပြီ။ ကိုဗစ်ကူးစက်လာရင် လုပ်ရတဲ့အလုပ်တွေက အလွန်တရာမှ ကုန်ကျစရိတ်မျာပြီးတော့ ရှုပ်ထွေးတယ်။ အခုလို နိုင်ငံရေးအရ တည်ငြိမ်မှုမရှိတဲ့ အခြေအနေမှာ ပိုပြီးတော့ဆိုးလာမယ်။ အဲဒါကြောင့် ကျွန်တော်တို့ သဘောထားဆိုရင် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ရမယ်။ ပြီးတော့ နိုင်ငံခြားနယ်စပ်ပေါက်တွေကို လူဝင်ခွင့်နဲ့ ပတ်သတ်ပြီး အသေအချာ ကြပ်မတ်ရမယ်။ အဲဒါတွေက အရေးတကြီး လုပ်ဖို့လိုမယ်။ ပြည်မတွေမှာလည်း တချို့နေရာတွေမှာ ကိုဗစ်ပိုးကူးစက်လာတာတွေ တွေ့နေရတဲ့အတွက် တွေ့တဲ့နေရာက လာတဲ့လူတွေနဲ့ပတ်သတ်ပြီးတော့ ခရီးသွားလာခွင့်တွေ ကန့်သတ်မှုတွေ ကော်ရန်တိန်းစင်တာတွေ လုပ်ရမယ်။ အရင်ပထမလိုင်းတုန်းကလည်း ဘင်္ဂလားဒေ့ရှ်က တစ်ယောက်ဆိုလို့ရှိရင် အဲဒီလိုပဲ ကြပ်မတ်နေတဲ့ကြားထဲက ဝင်လာတာကို သိတောင်မသိလိုက်ဘူး။ နယ်စပ် ကုန်သွယ်ရေး ပိတ်ရင်ပိတ် တကယ်လို့ လုံးဝ မပိတ်ဘဲနဲ့လုပ်မယ်ဆိုလို့ရှိရင် တိတိကျကျ အသေအချာ ကြပ်မတ်ဖို့လိုတယ်။ ”

ဒေါ်မေသက်ခိုင် (အထက်တန်းရှေ့နေ၊ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့)

“အရင်တုန်းကလည်း ကိုယ်တို့မှာ ဖြစ်ဖူးတဲ့ သင်ခန်းစာရှိပြီးပြီ။  ဖြစ်တဲ့အတွက် အဲဒီလိုမျိုး ကျယ်ကျယ်ပြန့်ပြန့် မဖြစ်အောင် အစိုးရအနေနဲ့ ထိန်းချုပ်နိုင်ရင်တော့ ပိုလို့ကောင်းပါတယ်။ ပြည်သူတွေ အနေနဲ့လည်း စည်းကမ်းတကျ လိုက်နာနိုင်ရင်တော့ ပိုကောင်းပါတယ်။ အထူးသဖြင့် လူထူထပ်တဲ့ နေရာတွေကို သွားလို့ရှိရင် Mask တပ်ထားတာတွေ ကျမတို့လို တရားရုံးမှာ အလွှာစုံနဲ့ တွေ့နေရတဲ့ လူတွေအတွက် ဆိုလို့ရှိရင် ကိုဗစ်ကာကွယ်ထားတဲ့ လက်အိပ်တပ်ထားတာတို့ Mask တပ်ထားတာတို့ လုပ်ထားလို့ရှိရင် ပိုလို့ကောင်းတယ်။ အထူးသဖြင့်  ကိုဗစ်ကာကွယ်ဆေးထိုးတာတွေက ပိုလို့ကောင်းပါတယ်။ အဲဒါတွေကို အစိုးရအနေနဲ့လည်းထိုးပါ ဆိုတာထက် မဖြစ်မနေ ထိုးရမယ်ဆိုတဲ့ စီမံချက်တွေနဲ့ လုပ်ပေးရင်တော့ ပိုလို့ ကောင်းပါမယ်။ တတိယလိုင်း မဖြစ်ရအောင် ပြည်ဝင်ပြည်ထွက်တွေကို စနစ်တကျ၊ စည်းကမ်းတကျနဲ့ ပိတ်ဆို့ထားတာတွေ ဖွင့်ပေးတဲ့ အချိန်တွေမှာလည်း ဖွင့်ပေးသလောက် ဖွင့်ပေးပြီးတော့ စနစ်တကျ ဖြစ်စေချင်ပါတယ်”

ဦးခိုင်ကောင်းစံ (ဒါရိုက်တာ၊ ဝံလက်ဖောင်ဒေးရှင်း)

“ကိုဗစ်ကတော့ အိန္ဒိယဖက်တွေ တခြားနိုင်ငံတွေမှာတော့ တတိယလိုင်းဖြစ်နေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ လူတွေ ခံနိုင်ရည်အားကောင်းတယ်လို့ပြောရမလား။ ထူးခြားမှုတွေတော့ မရှိသေးဘူး။ ပြည်သူလူထုကတော့ စိုးရိမ်မှု မရှိတာကို တွေ့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပထမလိုင်းကလည်း ရခိုင်ပြည် သူလူထုက စိုးရိမ်မှုမရှိ။ ဒုတိယလိုင်းမှာလည်း မစိုးရိမ်ခဲ့ကြဘူး။ အခုတတိယလိုင်းကိုလည်း စိုးရိမ်မှုမရှိဘူး။ စိုးရိမ်မှု ရှိလို့ရှိရင် ရှင်ပြုပွဲတွေ ပွဲလမ်းသဘင်တွေ လူစုလူဝေးတွေလုပ်မှာ မဟုတ်ဘူး။ ရခိုင်ပြည်လို့ မဟုတ်ဘူး။ မြန်မာနိုင်ငံအတွင်းမှာလည်း စိုးရိမ်မှု မရှိတာကို တွေ့ရတယ်။ ရခိုင်ပြည်ရဲ့နယ်စပ်ကုန်သွယ်ရေးကတော့  ကိုဗစ်ကြောင့်တော့ ကြီးမားတဲ့ ထိခိုက်မှုတွေမရှိလာနိုင်ဘူး လူထုကိုယ်တိုင်ကလည်း ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့အတိုင်း Mask တပ်ရမယ်။ ကိုဗစ်နဲ့ဆောင်ရန်၊ ရှောင်ရန်တွေကိုတော့ လိုက်နာဖို့လိုအပ်တယ်။ အဲဒါတွေကိုလည်း အစိုးရကိုယ်တိုင်က ဆိုင်းဘုတ်ထောင်ပြီး အသိပညာပေးမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ မြင်တယ်။ ဖြစ်လာရင်တော့ တင်းကြပ်မယ်။ မဖြစ်ရင်တော့ အစိုးရရဲ့သဘောသဘာဝအရ ဒီအတိုင်းပဲ လွှတ်ထားမယ်။ ကိုဗစ်မှာကတော့ အစိုးရလုပ်တယ်ဆိုတာထက် ကိုယ်တို့ပြည်သူတွေ အနေနဲ့လည်း ကျန်းမာရေးသတိ၊ ရှိဖို့လိုတယ်။ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာဖို့လိုတယ်။ ဒီဟာတွေကတော့ ကိုယ့်မိသားစု၊ ဆွေမျိုး စသည်အားဖြင့် အနီးကပ်ဆုံးလူတွေပဲ ထိခိုက်မှုတွေ ဖြစ်လာမှာဖြစ်တယ်။ ဒီဟာတွေကို ပြည်သူတစ်ဦးချင်း အနေနဲ့ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးမှုတွေကို လိုက်နာဖို့လိုအပ်တယ်။ ဆောင်ရန်၊ ရှောင်ရန်တွေကို တစ်ယောက်ချင်းစီလိုက်နာဖို့လိုအပ်တယ်”

ဒေါ်ဦးခင်သိန်း (အဖွဲ့ဝင်၊ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်)

“အစိုးရအနေနဲ့လည်း အရှေ့က ပထမလိုင်း၊ ဒုတိယလိုင်း နှစ်ကြိမ်မှာ အတွေ့အကြုံလည်း တော်တော်များများ ရှိခဲ့ပြီးပြီ။ အတွေ့အကြုံလည်း ရခဲ့တယ်လို့ ကျမတို့ကယုံကြည်တယ်။ ယုံကြည်ပေမယ့်လည်း  အစိုးရမှာ အမြဲတမ်း လိုလို လစ်ဟာမှုတွေ လိုအပ်ချက်တွေ အများကြီးတွေ့ရတယ်။ ရှေ့မှာလည်းနှစ်ကြိမ်ဖြစ်ပြီးဆိုတော့ နယ်စပ်တွေကို စစ်ဆေးတဲ့ အပိုင်းတွေမှာ ဟန်ပြမဟုတ်ပဲ တိတိကျကျ လုပ်ဖို့လိုအပ်ပါတယ်။ ပြီးလို့ရှိရင် သံသယလူနာတွေ ပိုးတွေ့လူနာတွေကိုလည်း သေသေသပ်သပ်ထားဖို့လိုအပ်တယ်။ အရင်တုန်းကလို လူနာတွေ့ပြီဆိုပေမယ့်လည်း လူနာနဲ့ဆက်စပ်တဲ့ သူတွေကို ရှာလို့မရ အဲလိုပုံစံမျိုးမဟုတ်ပဲ တိတိကျကျ လုပ်ဖို့ လိုပါတယ်။ အစိုးရဖွင့်ထားတဲ့ ကော်ရတိုင်းစင်တာတွေ ထားတာက အဆင်မပြေဘူး။ ရှေ့မှ ပထမလိုင်း၊ ဒုတိယလိုင်း တွေမှာလည်း ပြဿနာပေါင်းစုံနဲ့ရေသောက်ဖို့တောင်မှ ရေမရှိဘူး။ အိမ်သာတွေ ဆိုရင်လည်း သန့်သန့်ရှင်း ရှင်းမရှိဘူး။ အဲဒီနေရာက လူတွေဟာ သတ်မှတ်ထားတဲ့ နေရာတွေမှာ အဆင်မပြေမှုတွေ ဖြစ်လို့ရှိရင် စိတ်ပိုင်း ဆိုင်ရာကျဆင်းနေတဲ့ ဟာမှာ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုတွေ ပိုပြီးတော့ ဖြစ်တာတွေ့ရတယ်။ တကယ်လို့များ ဖြစ်လာလို့ရှိရင် အခုကတည်းက အဲဒီလိုအပိုင်းတွေကို အစိုးရမှာ ကြိုတင်ပြင်ဆင်ထားရမယ်။ ပြည်သူလူ ထုတော်တော်များများကလည်း အတွေ့အကြုံ အများကြီး ရပြီးပြီလို့ထင်ပါတယ်။ ဆိုတော့ ကြိုတင်ပြင်ဆင်မှု အပိုင်းမှာ တစ်ဦးတစ်ယောက်ချင်းစီက အစ အသွားအလာဆင်ခြင်တာတွေ လုပ်ရပါမယ်။ ပြည်သူလူထု ကြားထဲမှာလည်း ပိုးတစ်ယောက် တွေ့တယ်ဆိုတာနဲ့ မိသားစုတွေကို ဖုံးကွယ်ဖို့ကြိုးစားကြ တာတွေ ရှိတယ်။ ကျမတို့ဖြစ်စေချင်တာက ပိုးတွေ့တာဟာ ရှက်စရာကောင်းတာမဟုတ်တဲ့ အတွက် ပိုးတွေ့လို့ရှိရင် သေသေသပ်သပ် ကုသမှုခံယူမှုတွေကို လုပ်စေချင်တယ်။ ပိုးတွေ့ပြီးတော့ ကိုယ်သွားခဲ့တဲ့ နေရာတွေကို ပျောက်ထားတာတွေလည်း ရှိခဲ့တယ်။ အဲဒီလိုပုံစံမျိုး မဖြစ်စေချင်ဘူး”

ဦးစိုးနိုင် (စစ်တွေဒေသခံ)                                            

“အဓိကတော့ နယ်စပ်ကုန်သွယ်ရေးကို ကြပ်မတ်ပေးဖို့လိုအပ်တယ်။ နယ်စပ်ကုန်သွယ်ရေးကို မှီခိုပြီး လုပ်စားနေကြတဲ့ သူတွေရှိတဲ့အတွက် ပိတ်ပင်ထားလို့လည်းမရတဲ့အခါမှာ အဝင်အထွက်တွေကို စစ်ဆေးပေး ဖို့လိုအပ်တယ်။ အခုလက်ရှိအနေအထားက ကိုဗစ်က မဖြစ်သေးတဲ့အတွက် မဖြစ်အောင် ကြိုတင်ပြင်ဆင် ထားဖို့လိုအပ်တယ်။ အစိုးရအနေနဲ့ အသိပညာပေးဖို့လိုအပ်သလို ပြည်သူတွေအနေနဲ့လည်း စည်းကမ်း၊ စည်းမျဉ်းတွေကို လိုက်နာဖို့လိုအပ်တယ်။ အဝင်အထွက်တွေကို သေချာစီစစ်လို့ရှိရင် ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ခိုးဝင်လာတဲ့သူတွေကို သတိနဲ့သေချာ စောင့်ကြည့်ရမယ် ကိုယ့်ပြည်တွင်းမှာ မဖြစ်သေးတဲ့အတွက် တစ်ခြားနိုင်ငံက ဝင်လာတဲ့ သူတွေမှာ ပါလာမှာကို စောင့်ကြည့်နေရမယ်”

ဗီဒီယိုများ