- သေဒဏ်ပေးနိုင်သည့် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် ပြည်သူအသံကို နှုတ်ပိတ်ခြင်းဟု ဆို
- အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်နေ
- စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် ကုလ၊ တရုတ်နှင့် နိုင်ငံတကာကို TNLA မေတ္တာရပ်ခံ
- တူရကီထံမှ KAAN တိုက်လေယာဉ် ၄၈ စင်း အင်ဒိုနီးရှား ဝယ်မည်
- မင်းပြား မြေယာအငြင်းပွားမှုတွင် ဒေသခံ ၁၁ ဦးကို ၅၀၅ အပါ ပုဒ်မ ၄ ခုဖြင့် ULA/AA အမှုဖွင့်ထား
ကိုဗစ်ရောဂါ ရခိုင်သို့ မကူးစက်စေရေး ကြိုတင်ကာကွယ်ထားရန် လိုအပ်
မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများတွင် တကျော့ပြန် ကိုဗစ် ၁၉ မျိုးကွဲသစ်ရောဂါကူးစက်မှု မြင့်တက်နေသဖြင့် ကုန်သွယ်မှုပြုလုပ်နေသော ကုန်သည်များကို ရခိုင်သို့ ဝင်ရာလမ်းများတွင် စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင့် ပြောဆိုနေကြသည်။
02 Jun 2025

DMG ၊ ဇွန် ၂
မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများတွင် တကျော့ပြန် ကိုဗစ် ၁၉ မျိုးကွဲသစ်ရောဂါကူးစက်မှု မြင့်တက်နေသဖြင့် ကုန်သွယ်မှုပြုလုပ်နေသော ကုန်သည်များကို ရခိုင်သို့ ဝင်ရာလမ်းများတွင် စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင့် ပြောဆိုနေကြသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကနေ ရခိုင်ပြည်သို့ ကုန်သည်များ နေ့စဉ်ဝင်ရောက်မှုရှိနေသဖြင့် အချို့လူများတွင် ရောဂါကူးစက်ပြန့်ပွားမှု မရှိလာစေရေး ကြိုတင်ကာကွယ်ထားရန် လိုအပ်သည်ဟု ရခိုင်ဒေသခံများက ပြောသည်။
လက်ရှိ အိန္ဒိယတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု မြင့်တက်လျက်ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်မှ မေလ ကုန်ပိုင်းအထိ မဟာရက်ရှ်ထရာပြည်နယ်တွင် ကူးစက်ခံရသူ ၅၉၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။
ထို့သို့ အိန္ဒိယနိုင်ငံအတွင်း ရောဂါကူးစက်ပြန့်ပွားသူ များလာနေ၍ မီဇိုရမ်ပြည်နယ်နှင့် ရခိုင်သို့ ကုန်သွယ်မှု ပြုလုပ်နေသူများကို ရောဂါကူးစက်မပြန့်ပွားလာစေရေး ကြိုတင်ကာကွယ်သတိရှိစေရန် လိုအပ်နေခြင်း ဖြစ်သည်။
" ထိုင်းနဲ့ မြန်မာတို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တာကြောင့် ကူးစက်မှုတွေရှိလာနေတယ်။ ဒီလိုပဲ ရခိုင်နဲ့ အိန္ဒိယနဲ့ ကုန်စည်ကူးလူး ဆက်သွယ်တာတွေရှိနေတော့ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်သွားလာနေရင် ရခိုင်မှာလည်း ဖြစ်လာမှာကို စိုးရိမ်စရာပဲ။ နဂိုကတည်းက ရခိုင်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကောင်းနေတာ မဟုတ်ဘူး။ အခုကာလမှာသာ ကိုဗစ်ကူးစက်မှုတွေဖြစ်ရင် ပိုပြီး စိုးရိမ်စရာရှိလာမယ် " ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ လူငယ်တစ်ဦးက ပြောသည်။
ယခု ကူးစက်ပြန့်ပွားနေသည့် ကိုဗစ်မျိုးကွဲသစ် JN - 1 နှင့် XEC တို့မှာ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအများအပြားမှာ ကူးစက်ပြန့်ပွားနေပြီး ရောဂါပြင်းထန်မှုမှာ ယခင် ကိုဗစ်ကဲ့သို့ ပြင်းထန်မှု မရှိသော်လည်း ရောဂါကူးစက်မှုနှုန်း မြန်ဆန်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။
လက်ရှိတွင် အိန္ဒိယနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ရခိုင်ကုန်သည် ရာနှင့်ချီရှိပြီး ကူးစက်မြန် ကိုဗစ် - ၁၉ ပြန့်ပွားမှု မရှိလာစေရေး အာရက္ခတပ်တော်က သတိရှိစွာဖြင့် ကြပ်မတ်ပေးရန် လိုအပ်သည်ဟု ရခိုင်ပြည်သူများက ထောက်ပြသည်။
လမ်းခရီးပိတ်ဆို့ခံထားရသည့် ရခိုင်တွင် ဆေးဝါးရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရပြီး ကိုဗစ် - ၁၉ ရောဂါသာ ပြန့်ပွားလာလျှင် ပို၍ အခက်ကြုံလာရနိုင်သည်ဟု ပြောဆိုကြသည်။
ကျောက်တော်မြို့ခံအမျိုးသားတစ်ဦးက " မတော်တဆ အခုအခြေအနေမှာ ကိုဗစ်ပိုးကိုသာ ရခိုင်မှာ တွေ့ခဲ့ရင် ဆေးဝါးလုံလောက်မှု မရှိတဲ့ ပြဿနာနဲ့ ကြုံတွေ့ရမယ်။ ကိုဗစ်က ကူးစက်မြန်တဲ့ ရောဂါဆိုတော့ ထိန်းမနိုင်ဖြစ်သွားမှာကို စိတ်ပူရတယ် " ဟု ပြောသည်။ ယင်းအပြင် ပြည်ပနိုင်ငံများမှ ရခိုင်ပြည်သို့ အောက်လမ်းမှတဆင့် ဝင်ရောက်လာသူများကိုလည်း အာဏာပိုင်များအနေဖြင့် စောင့်ကြည့် ကြပ်မတ်သင့်ကြောင်း ပြောဆိုကြသည်။
ရခိုင်ပြည်တွင်းသို့ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မပြန့်ပွားလာစေရန် အိန္ဒိယနှင့် ကုန်သွယ်မှု ပြုလုပ်နေသူများနှင့် ပြည်ပမှ ဝင်ရောက်လာသူများကို အာရက္ခတပ်တော်အပါအဝင် INGO၊ NGOနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ကြောင်း ဆိုသည်။
" နိုင်ငံတကာက ကိုဗစ်ကာကွယ်ဆေးတွေ ကူညီပေးရင်တောင် ဒါတွေက ရခိုင်ကို ရောက်ဖို့ မလွယ်ကူဘူး။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်တို့ အိန္ဒိယတို့ကလည်း AA ဟာ တရားဝင်အစိုးရ မဖြစ်သေးတော့ ဆေးဝါး အထောက်အကူ ရဖို့လည်း အခက်အခဲရှိမယ် " ဟု ပေါက်တောမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
လက်ရှိ ကိုဗစ် - ၁၉ ကူးစက်မှု မြင့်တက်နေခြင်းမှာ ရာသီအလိုက်ဖြစ်ပေါ်ခံစားလေ့ရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ နာမကျန်းမှုများနှင့် ဆင်တူနေပြီး ကူးစက်ဖြစ်ပွားမှု အများစုသည် ရောဂါအသင့်အတင့် (သို့မဟုတ်) ရောဂါလက္ခဏာ မပြသကြောင်း အိန္ဒိယနိုင်ငံ၊ မဟာရက်ရှ်ထရာပြည်နယ် ပြည်သူ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ခံရသူ ၉ ဦးအထိ တွေ့ရှိထားကြောင်း စစ်ကောင်စီ၏ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၏ မေလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ စတင်ရောက်ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၃) ရက်မှ ၂၀၂၅ ခုနှစ်၊ မေလ (၁၁) ရက်အထိ ရောဂါဖြစ်ပွားသူ (၆၄၃,၂၄၂) ဦးရှိခဲ့ပြီး သေဆုံးသူ (၁၉,၄၉၄) ဦးရှိခဲ့ကြောင်း သိရသည်။