ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်တွေဆေးရုံကြီးမှာ ယာယီတာဝန်ထမ်းဆောင်ဖို့ ရောက်ရှိနေတဲ့ သမားတော် ဒေါက်တာအောင်နိုင်လင်း နှင့် ဆက်သွယ်မေးမြန်းခြင်း

လက်ရှိ ပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေးအခြေအနေ၊ ကျန်းမာရေးဝန်ထမ်းတွေမှာ ကူးစက်မှုဖြစ်ရတာတွေနဲ့ လတ်တလော ရောဂါကာကွယ်ကုသရေးအပိုင်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်ကနေ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ယာယီတာဝန်ထမ်းဆောင်ဖို့ ရောက်ရှိနေတဲ့ သမားတော် ဒေါက်တာအောင်နိုင်လင်း ကို DMG သတင်းထောက် ခင်သရဖီဦးက ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

29 Aug 2020

ရခိုင်ပြည်နယ်အတွင်းမှာ COVID-19 ပိုးတွေ့လူနာဟာ နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။ အခုနောက်ပိုင်း ပိုးတွေ့လူနာတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ ကူးစက်မြန်တဲ့ ဒီရောဂါဟာ စစ်တွေမြို့နယ်အပြင် အခြားမြို့နယ်တွေမှာပါ တွေ့ရှိလာတာပါ။

လက်ရှိ ပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေးအခြေအနေ၊ ကျန်းမာရေးဝန်ထမ်းတွေမှာ ကူးစက်မှုဖြစ်ရတာတွေနဲ့ လတ်တလော ရောဂါကာကွယ်ကုသရေးအပိုင်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်ကနေ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ယာယီတာဝန်ထမ်းဆောင်ဖို့ ရောက်ရှိနေတဲ့ သမားတော် ဒေါက်တာအောင်နိုင်လင်း ကို DMG သတင်းထောက် ခင်သရဖီဦးက သြဂုတ်လ ၂၄ ရက်နေ့က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မေး - စစ်တွေမြို့မှာ တာဝန်ထမ်းဆောင်ဖို့လာဖြစ်ပုံကို ပထမဆုံး သိချင်ပါတယ်။
ဖြေ - စစ်တွေမြို့မှာ အခုက ကိုဗစ်ပိုကူးစက်နေရတဲ့လူတွေက တစ်နေ့ထက်တစ်နေ့ ပိုများလာကြတယ်။ နောက်ပြီး ပျံ့နှံ့နှုန်းကလည်း ဒေသအတွင်းပျံ့နှံ့မှုတွေဖြစ်နေတယ်။ သူများနိုင်ငံကလာတဲ့လူတွေကို Quarantine ထိန်းထားပြီးစစ်လိုက်တယ်။ ပိုးတွေ့တော့ ဆေးရုံကိုပို့လိုက်ပြီး သေသေချာချာကုလိုက်တယ်။ အဲဒီလို ထိန်းချုပ်လို့ရတဲ့ အခြေအနေမျိုးမဟုတ်ဘဲ လူထုကြားထဲမှာ ပိုးရှိတဲ့လူတွေက ဘယ်လိုပုံစံတွေနဲ့ ပျံ့နှံ့ပြီးရှိလဲတော့ မသိဘူးပေါ့။

အဲဒီလို Silent carry လို့ခေါ်တဲ့ပုံစံမျိုးတွေ လူထုကြားထဲကိုရောက်သွားတယ်။ ဘယ်ကကူးစက်မှန်းကို လိုက်လို့မရတဲ့အခြေအနေ၊ အဲဒါတွေက တဖြည်းဖြည်းများလာမယ်ဆိုတာကို မြင်တာပေါ့။ အဲဒါကြောင့် ကျနော်တို့က အခုလိုမျိုး ဝုန်းကနဲဖြစ်လာတဲ့ အခြေအနေအရ စစ်တွေမြို့မှာ ထိန်းချုပ်ဖို့အတွက် ဝန်ထမ်းအင်အား၊ လူအင်အားအခက်အခဲတွေ အများကြီးရှိမယ်ပေါ့။

အတတ်နိုင်ဆုံးလုပ်နေကြတဲ့လူတွေ အလွန်တရာမှ ပင်ပန်းပြီးတော့ မနိုင်မနင်းတွေဖြစ်လာခဲ့ရင် လိုအပ်တဲ့အပိုင်းမှာ လိုအပ်သလိုကူညီပေးဖို့အတွက် ကျနော်တို့က ဆန္ဒဖြစ်မိတယ်။ အဲဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ကိုယ့်တတ်ထားတဲ့ပညာနဲ့ တစ်ဖက်တစ်လမ်းက လာရောက်ဝိုင်းဝန်းကူညီတာ ဖြစ်ပါတယ်။

မေး - အခုလိုလာရောက်တဲ့အထဲမှာ တခြားဘယ်လိုဆရာဝန်တွေ ပါကြသေးလဲ။
ဖြေ - ကျနော်သိတာကတော့ အထူးကု လက်ထောက်ဆရာဝန်တွေ၊ ကျနော်ကတော့ ဆေးပညာအများခေါ်တော့ သမားတော်ပေါ့။ နောက် မေ့ဆေးအထူးကု လက်ထောက်ဆရာဝန်(၃)ယောက်၊ အဓိက မေ့ဆေးဆရာဝန်ဆိုတာကတော့ အထူးကြပ်မတ်ကုသတဲ့ ဆရာဝန်ပေါ့။

ဥပမာ လူနာအခြေအနေဆိုးလို့ အသက်ရှူရကျပ်ပြီး အောက်စီဂျင်ပေးရမယ့် အခြေအနေကို ရောက်လာရင်တော့ အဲဒီဆရာဝန်တွေက အဓိကအရေးပါတော့ပေါ့နော်။ အဲဒီလို လူနာတွေဖြစ်လာရင် ကူလ့ိုရအောင်ဆိုပြီးတော့ လာတဲ့ဆရာဝန်တွေပေါ့။

နောက်ပြီး Pathology လို့ခေါ်တဲ့ ရောဂါဗေဒက တစ်ယောက်ပါတယ်။
Microbiology ပိုးမွှားဗေဒမှာက ရောဂါအဖြေရှာမှုတွေမှာ ကူညီပေးဖို့အတွက် ဆရာဝန်ပါတယ်။ အထွေထွေရောဂါကု လက်ထောက်ဆရာဝန် (၁၀) ယောက်လောက်ပါတယ်။ ဆေးရုံရဲ့အုပ်ချုပ်ရေးအပိုင်း၊ အချက်အလက်တွေနဲ့ ပတ်သတ်ပြီးတော့ ဒု-ဆေးရုံအုပ်အဆင့် နေပြည်တော်ကျန်းမားရေးဦးစီးဌာနက ကူမယ်ဆိုပြီးတော့ပို့လိုက်တာ တစ်ယောက်ပါတယ်။ နောက်သူနာပြု ဆရာမက နှစ်ယောက်ပါတယ်။ သူနာပြုအုပ်ကြီး တစ်ယောက်ပါပါတယ်။

မေး - အခု ပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေးအခြေအနေကရော ဘယ်လိုတွေ့မြင်ရလဲ။
ဖြေ - ကျနော်တို့ကြည့်တော့ အခုရှိတဲ့လူနာတွေထဲမှာ တစ်ယောက်မှ ပြင်းပြင်းထန်ထန်နဲ့ မွန်းကျပ်ပြီးတော့ မနေနိုင်မထိုင်နိုင်ဖြစ်နေတဲ့ လူနာတစ်ယောက်မှ မရှိပါ။ ဥပမာ - တစ်ချို့လူနာတွေဆိုရင် ပါရာစီတမောလ် တစ်လုံးတောင်မလို၊ နှာစီး၊ ချောင်းဆိုးဖြစ်တဲ့ ရောဂါမှာသောက်ရမယ့် ဆေးတစ်လုံးတောင် မလိုဘဲ ရောဂါပိုးတွေ့ပြီးတော့ ဒီတိုင်းရှိနေတဲ့လူတွေ အများကြီးပါ။ Asymptomatic လက္ခဏာမပြဘဲပေါ့လေ။ လူတော်တော်များများက Stable (တည်ငြိမ်ခြင်း)လို့ခေါ်တဲ့ အခြေအနေပါ။ အဲဒါကို ဟိုလိုကုသမယ်၊ ဒီလိုလုပ်မယ်ဆိုတာထက် လူထုကြားထဲ ကူးစက်မှု ပျံ့နှံ့မှုမမြန်ရအောင်၊ မရောက်ရအောင် ဘယ်လိုထိန်းချုပ်မရလဲ၊ ဘယ်လိုအထားအသိုနဲ့ ဘယ်လိုအပြင်အဆင်တွေနဲ့ ကုသပေးမလဲ ဆိုတာကို ကျနော်တို့တွေးရမယ်။

ဆေးပညာကုသမှုတောင် အများကြီးခံယူစရာမလိုဘဲနဲ့ ကိုယ့်ဟာကိုယ် အချိန်တန်ရင် ပျောက်သွားမယ့်ဟာတွေ အများကြီးပါ။ သို့သော် အခုဖြစ်နေတာက ရောဂါမပြန့်ပွားအောင်အတွက် ဘယ်လိုထိန်းချုပ်မလဲ၊ ထိန်းချုပ်တယ်ဆိုတာက အရပ်ထဲမှာ ထိန်းချုပ်တာက တစ်ပိုင်း၊ လူနာထားတဲ့ အဆောင်က ကျန်းမာရေးဝန်ထမ်းတွေဆီ မရောက်ရအောင်၊ ကျန်းမာရေးဝန်ထမ်းက တစ်ဆင့် မိသားစုကို မရောက်ရအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကလည်း အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။ အဲဒါကြောင့် ကုသဖို့ပြောတာထက် ရောဂါကိုမပြန့်ပွားအောင် ဘယ်လိုထိန်းချုပ်မလဲဆိုတာကသာ အခုအချိန်မှာ ပိုအရေးပါပါတယ်။

မေး - ဆရာက ရန်ကုန်မှာလည်း ကိုဗစ်ကုသရေးမှာ ပါဝင်လုပ်ဆောင်ခဲ့တာ ဆိုတော့ လက်ရှိစစ်တွေမြို့အခြေအနေကိုရော ဘယ်လိုမြင်လဲ။
ဖြေ - ရန်ကုန်နဲ့ စစ်တွေအခြေအနေက ဆီနဲ့ရေ၊ မိုးနဲ့မြေ၊ ပြဒါးတစ်လမ်း သံတစ်လမ်းနီးပါးလောက် ကွာခြားတယ်လို့ ယူဆလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် ထဲထဲဝင်ဝင်၊ နဖူးတွေ့ဒူးတွေလုပ်တော့ မြင်တွေ့ခဲ့တာပေါ့နော်။ အရင်နေ့တွေကတော့ အဝေးကြည့်နဲ့ကြည့်တော့ ကိုယ့်ဆေးဖက်ဆိုင်ရာ ပညာနဲ့ မှန်းဆကြည့်တဲ့အခါ တစ်မျိုးပေါ့နော်။

အခု ထဲထဲဝင်ဝင်လုပ်ကြည့်တော့ အနေအထားတွေ အများကြီး အခက်ခဲတွေ ရှုပ်ထွေးသလို တွေ့တယ်။ ဘယ်လိုတွေ့လဲဆိုတော့ ကူးစက်နိုင်ခြေကြည့်လိုက်တော့ ရန်ကုန်မှာနဲ့ အများကြီးကွာတယ်။ ရန်ကုန်မှာက တော်တော်များများမြင်ပါလိမ့်မယ်၊ အားလုံးတော်တော်များများကတော့ နိုင်ငံခြားကလာတဲ့သူတွေဖြစ်တယ်။ Positive ဖြစ်လို့ ကြည့်လိုက်ရင် အိန္ဒိယ၊ အမေရိကန်၊ အဲဒီလိုမျိုးတွေ ပါလာတာမြင်ရမယ်။
အများအားဖြင့် ခရီးသွားရာဇဝင်ရှိတဲ့ လူတွေပေါ့နော့်၊ အဲဒီလူတွေက ဥပမာ-လေယာဉ်နဲ့လာလာ၊ သဘောၤနဲ့လာလာ၊ သူဝင်လာတဲ့ဖက်က သူ့ကို Quarantine လုပ်ထားတယ်။ နောက်ပြီး သတ်မှတ်ထားတဲ့ရက်မှာ စစ်ဆေးလိုက်တယ်၊ Positive တွေ့တယ်။ အဲဒါဆိုတော့ Positive ဖြစ်တဲ့နေရာမှာ ထားပြီးကုတယ်။ အချိန်တန်ရင်ပျောက်သွားတယ်။ အဲဒီလူတစ်ယောက်ကနေ မိသားစုကို ပြန့်သွားတယ်၊ လူထုကို ပြန့်သွားတဲ့ဆိုတာ ရန်ကုန်မှာအခုထိ အဲဒီအခြေအနေက ရှားရှားပါးပါးပါ။

နောက်တစ်ခုက ဘာအားသာလဲဆိုတော့ ကျနော်တို့ဆိုရင် ဝေဘာဂီ၊ တောင်ဥက္ကလာ၊ ဖောင်ကြီးကိုဗစ်စင်တာကို သွားလည်ခဲ့ရတယ်။ မြင်လည်းမြင်ခဲ့ရတယ်။ နောက်ပြီး အလုပ်လည်း ထဲထဲဝင်ဝင်လုပ်ခဲ့ရတယ်။ အဲဒီမှာ လူနာကိုထားပြီးကုသထားဖို့ Setting အနေအထားပုံစံ၊ ဆေးရုံအဆောက်အဦကအစ အထားအသို၊ အနေအထား လုပ်တဲ့ဝန်ထမ်း အဲဒါတွေကအစ အများကြီး ကွားခြားမှု ရှိတယ်။

မေး - စစ်တွေမှာ ဘယ်လို လိုအပ်ချက်တွေ ရှိတယ်လို့ ပြောလို့ရမလဲ။
ဖြေ - ကျနော်ကတော့ အဆောက်အဦး အနေအထားကိုကြည့်ပြီးတော့ တော်တော်လေး စိတ်ပျက်သွားတယ်။ အခုလို အဆောက်အဦး အနေအထားအရ ဒီလူနာတွေကို ဒီလိုထားပြီး ကုသပေးနေတာက အလွန်တရာမှ အန္တရာယ်များပြီးတော့ အလွန်တရာမှ စနစ်မကျတဲ့အခြေအနေလို့ ကျနော်မြင်တယ်။

သို့သော် ကျနော်က အခုဒါကို ဒီလိုပြောလိုက်ရင် အရင်က ပင်ပန်းခံပြီးတော့ ရက်နဲ့၊ နှစ်နဲ့ချီပြီးတော့ လုပ်နေကြတဲ့ ကျနော်အထက်လူကြီးတွေ အများကြီးရှိတယ်။ အဲဒီလူကြီးတွေကို စော်ကားနေတာမဟုတ်ပါဘူး။ အခုဒီလိုအခြေအနေ ဒီလိုကုသဖို့ လုပ်ထားတာက ရောဂါထိန်းချုပ်ဖို့ Setting လုပ်ထားတာက၊ အလွန်တရာမှ ဒီရောဂါပုံစံကို အခုလို Setting မျိုးနဲ့ ဘယ်လိုမှ ကုလို့မရနိုင်ဘူး။

အဲဒါကြောင့် မြင်မိတယ်ပေါ့။ အခုထွက်လာတဲ့ လူနာတွေမှာ ဆေးရုံဝန်ထမ်း တော်တော်များများပါလာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီဆေးရုံဝန်ထမ်းတွေက အရပ်တကာ လျှောက်လည်နေလို့ ကူးတာ မဟုတ်လောက်ဘူး ထင်ပါတယ်။ ဆေးရုံဝန်ထမ်းက ဆေးရုံအခြေအနေ၊ လူနာအသွားအလာအခြေအနေ၊ အထားအသို အနေအထား၊ လူနာစားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့၊ လူနာကို စမ်းသပ်စစ်ဆေးဖို့ အဲဒါတွေကို လုပ်ပေးနေတဲ့ အနေအထားကနေ ကူးတယ်လို့ ကျနော်ပြောလို့ရတယ်။

ဘာကြောင့်လဲဆိုတော့ ကျနော်တို့ Setting အနေအထားက တော်တော်လေး စိုးရိမ်စရာ ကောင်းတယ်။ တခြားဝန်ထမ်းတွေအတွက်လည်း အန္တရာယ်ရှိတယ်လို့ ကျနော်ကမြင်တယ်။ ကျနော့်အတွက်လည်း စိုးရိမ်ဖို့ကောင်းတယ်။ အခုလိုအခြေအနေမျိုးနဲ့ ဝန်ထမ်းတွေ ကူးစက်မခံရအောင် ပြောဖို့ဆိုတာက လုံးဝရှားရှားပါးပါး အခြေအနေမျိုးဖြစ်သွားတယ်။ အဲဒါနဲ့မပြီးဘူး။ တချို့ဝန်ထမ်းတွေက အရပ်ထဲမှာနေတယ်။ အိမ်မှာ မိသားစုနဲ့နေတယ်။ အဲဒီမိသားစုကနေပြီးတော့ တစ်ယောက်ယောက်က ဈေးကိုသွားတယ်၊ ဟိုသွားဒီသွားပေါ့။ အဲဒီလိုဆိုတော့ ဖြန့်ချီရေးလိုဖြစ်နေတယ်။ အဲဒီလိုမြင်တယ်။

ဥပမာ ကျနော်တို့ကို လူနာကိုထားမယ့်အခန်း၊ အထားအသို နေရာထိုင်ခင်းကအစ တကယ်ရောဂါကို ကာကွယ်ပေးတယ်၊ စနစ်ကျတယ်ဆိုတာမျိုး International level အထိမဟုတ်တောင်မှ ရန်ကုန်မှာ ကိုဗစ်လူနာတွေကိုထားတဲ့ ဝေဘာဂီတို့ Negative ဖြစ်တဲ့ လူနာတွေကိုထားတဲ့၊ အနိမ့်ဆုံး ဖောင်ကြီးဆေးရုံတွေလောက်တောင် အခြေအနေကမရှိဘူး ကျနော်တို့အခြေအနေက။

အခုအခြေအနေက ရောဂါကို ဖြန့်ချီရေးလုပ်နေသလို ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်က အထက်မှာလုပ်နေခဲ့တဲ့ ကျနော့်စီနီယာတွေကို ကျနော်ကစော်ကားပြီးတော့ ပြောတာမဟုတ်ပါဘူး။ သူတို့ကလည်း အတတ်နိုင်ဆုံးကြိုးစားပြီးတော့ အတတ်နိုင်ဆုံးလုပ်တယ်။ သူတို့ကလည်း ဒါတွေကို နားမလည်လို့ မဟုတ်ဘူး။ သူတို့လည်း ပညာရှင်တွေပါပဲ။ သူတို့လည်း မြင်တယ်၊ သိတယ်၊ အဲဒီ ကြားထဲက သူတို့လုပ်ရမယ့် အခြေအနေ၊ အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေ သူတို့မှာ မရှိဘူးဖြစ်နေတယ်။

အဲဒါကြောင့် စစ်တွေမြို့အနေအထားက အလွန်တရာမှ အန္တရာယ်ရှိတဲ့အပြင် ကိုဗစ်လူနာနဲ့ ထိတွေ့ပြီးတော့ ကုသမှုပေးနေတဲ့ ဝန်ထမ်းတွေက အလွန်တရာမှ အန္တရာယ်ရှိတယ်။ ဝန်ထမ်းမိသားစုတွေက အလွန်တရာမှ အန္တရာယ်ရှိနေတဲ့ အခြေအနေကို ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ Setting က လုံးဝကိုစနစ်မကျပါဘူး။ အဲဒါကြောင့် ရန်ကုန်နဲ့ စစ်တွေအခြေအနေက အများကြီးကွာပါတယ်။

မေး - ဖြည့်စွက်ပြောချင်တာများ ရှိပါလား။
ဖြေ - ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပြောချင်တာက ကျနော်တို့က ခဏလေးယာယီလာတာပါ။ အခုလိုနေရာမျိုးမှာ အမြဲတမ်း တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေ၊ ကျနော့်အထက်က အကြီးအကဲတွေ၊ သမားတော်ဌာနဆိုရင်လည်း သမားတော်ဌာနက အကြီးအကဲတွေ၊ ပြည်နယ်ဌာနက အကြီးအကဲတွေ၊ ဆေးရုံကအကြီးအကဲတွေ အားလုံးက သူ့နေရာနဲ့သူလုပ်နေကြတယ်။ မှန်ပါတယ်။ ကျနော် အခုလိုပြောလိုက်တာက သူတို့ကိုစော်ကားတာ မဟုတ်ပါဘူး။ သူတို့ပင်ပင်ပန်းပန်း လုပ်နေကြတာကို ကျနော်အသိအမှတ်ပြုပါတယ်။

ဒါပေမဲ့ ကျနော်မြင်တာက အလွန်တရာမှ မွန်းကျပ်ပါတယ်။ အလွန်တရာ စိတ်ပျက်စရာ ကောင်းပါတယ်။ သို့သော် ကျနော်ကတော့ စိတ်ပျက်သွားမယ့် လူမျိုးတော့ မဟုတ်ဘူးပေါ့နော်။

ဒါတွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် အထက်ကလူကြီးတွေ မြေပြင်ခြေအနေကို အလုပ်လုပ်နေရတဲ့ Setting အခြေအနေကို၊ လူနာတွေထားပြီးတော့ ဘယ်လိုလုပ်နေရလဲဆိုတာကို လေ့လာကြည့်ပါ၊ မလာရင်တောင်မှ လေ့လာကြည့်ပြီးတော့ လိုအပ်ချက်တွေကို ဖြည့်စွက်ပေးဖို့၊ အကောင်းဆုံးအနေအထားရှိဖို့ မြေပြင်အခြေအနေကို သေသေချာချာကြည့်ပြီးတော့ လေ့လာပါလို့ ကျနော်ပြောချင်ပါတယ်။

အထက်က လူကြီးတွေအနေနဲ့ ကျန်းမာရေးဌာနကိုပဲ နေပြည်တော်ကို လူနာဘယ်နှစ်ယောက်တိုးတယ်၊ အဲဒါတွေကိုပဲ Report တင်ဖို့လောက်ပဲ အာရုံမရောက်နေကြပါနဲ့။ လူနာဘယ်နှစ်ယောက်မှ မတိုးရအောင်၊ မများရအောင် ဘယ်လိုပုံစံနဲ့ထိန်းချုပ်နိုင်မလဲ၊ မြေပြင်အခြေအနေက ဘယ်လိုရှိတယ် ဆိုတာကို Empathize (မျှဝေခံစားခြင်း) လုပ်ကြပါ။ ဒီက ကိုယ့်ဆရာသမားကြီးတွေကို၊ ပညာရှင်တွေကို စော်ကားတာမဟုတ်ဘူး။

တကယ်လို့ လိုအပ်ရင် ရန်ကုန်တို့လိုနေရာက ရောဂါဗေဒထိန်းချုပ်ရေးကို ဘယ်လိုထိန်းချုပ်မလဲ ဆိုတာကို ဥပမာ-ဖောင်ကြီးအနေအထားကို ဘယ်လိုပုံစံမျိုးနဲ့လုပ်ခဲ့တယ်။ ဘယ်လိုလုပ်ရင် ဘယ်လိုကောင်းမလဲဆိုတဲ့ အထားအသိုတွေကို ပြင်ဆင်ခဲ့တဲ့ ပညာရှင်တွေ၊ ဥပမာ ဝေဘာဂီဆေးရုံက လူနာအထားအသိုတွေကို ဘယ်လိုပုံစံ ထားခဲ့သလဲဆိုတာတွေကို ညွန်ကြားနိုင်တဲ့ ပညာရှင်မျိုး၊ ဥပမာ - တောင်ဥက္ကလာပ ဆေးရုံမျိုးလိုနေရာတွေမှာ ဘယ်လိုတွေလုပ်၊ ဘယ်လိုအနေအထားနဲ့ ဘယ်လိုထွက်၊ အဲဒီအနေအထားတွေကို ညွှန်ကြားနိုင်တဲ့ ပညာရှင်မျိုး တစ်ယောက်ဖြစ်ဖြစ်၊ ခဏတဖြုတ်လာပြီးတော့ လိုအပ်တာကို ညွှန်ကြားပြီးတော့ ဖြည့်စွက်ပေးစေချင်ပါတယ်။

ကျနော်တို့ အခြေအနေကလည်း ဒါတွေကို လုပ်ပေးနိုင်လောက်တဲ့အထိ သိရှိနားလည်တဲ့ ပညာရှင်အဆင့်မဟုတ်ပါဘူး။ ကျနော်တို့က သမားတော်ပညာအရ လူနာကို ဆေးကုပေးဖို့လောက်ပဲ တတ်တာပါ။ ရောဂါထိန်းချုပ်နိုင်တဲ့ အနေအထားကို ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုဖွဲ့စည်းပုံအနေအထားနဲ့ ဘယ်လိုအပြင်အဆင်မျိုးနဲ့ လုပ်ရလဲဆိုတာကို ကျနော်က အဲဒီလောက် မကျွမ်းကျင်သေးဘူး။

သို့သော် ကျနော့်အမြင်ကကျတော့ ဆီနဲ့ရေလိုကွာနေတယ်။ ရောဂါထိန်းချုပ်ရေးနေရာက ရောဂ ဖြန့်ချီရေးဌာနလို ဖြစ်နေတယ်။ သို့သော် ဒီလိုပြောလိုက်တာက ကျနော်အထက်က လူကြီးတွေကို ကျနော်စော်ကားတာ မဟုတ်ဘူး။ ကျနော်တို့အခြေအနေအရ အခုလိုဖြစ်နေရတဲ့ သဘောပဲ ရှိတယ်။ အဲဒါကြောင့် အဲဒီလို ပညာရှင်တွေလာပြီးတော့ တစ်လအထိ နေစရာမလိုဘူး။ ၃၊ ၄ ရက်အတွင်းမှာ ဘယ်လိုလုပ်မှာလဲဆိုတာကို အကြံလာပေးစေချင်တယ်။ သက်ဆိုင်ရာလူတွေကို လာပြီးတော့ ညွှန်ကြားမှုတွေ ပေးစေချင်ပါတယ်။ စစ်တွေလူထုကိုယ်စား အထက်ကအကြီးတွေကို ကျနော်တောင်းဆိုတာပါ။

ဆက်စပ်ဖတ်ရှုရန် :

ဗီဒီယိုများ