- စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်
- ရခိုင်တွင် ရွေးကောက်ပွဲဖြစ်မြောက်ရေး စစ်ကောင်စီ စတင်လှုပ်ရှား
- ဝါရှင်တန်တွင် လုံခြုံရေးယူရန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၈၀၀ ရောက်ရှိ
- ဟောင်းနွမ်းငွေစက္ကူများကို သုံးစွဲကြရန် AA ဒေသန္တရ အမိန့်ထုတ်
- အိန္ဒိယကုမ္ပဏီ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ပူးပေါင်းပြီး မြေရှားသတ္တုသုံး သံလိုက်ထုတ်လုပ်ရေး လေ့လာ
ဒရုန်းစစ်ဆင်ရေးနဲ့ မြန်မာပြည် စစ်ရေးအရွှေ့
စစ်ကောင်စီ၏ တိုက်ပွဲများတွင် ဒရုန်း၏ အခန်းကဏ္ဍအပြင် တော်လှန်ရေးအင်အားစုများ ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ စစ်လက်နက်ပစ္စည်းများအရေး လေ့လာစောင့်ကြည့်သူ သုံးသပ်ချက်များ ရေးသည့် Tactical Raptor အား DMG မှ ဆက်သွယ်မေးမြန်းထားခြင်းအား တင်ဆက်လိုက်သည်။
15 Aug 2025

DMG ၊ အင်တာဗျူး
စစ်ကောင်စီသည် နိုင်ငံတဝန်း လက်လွှတ်ထားရသည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရန် တပ်သားသစ်များ စုဆောင်းခြင်းအပြင် ဒရုန်းနည်းပညာများဖြင့် ပြန်လည်ထိုးစစ်ဆင်နေသည်။
ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ဒရုန်းပစ်ကူဖြင့် ခံလိုက်ရသည့် စစ်ကောင်စီသည် ဒရုန်း အင်အားဖြည့်တင်းမှုကို အရှိုန်မြှင့်လုပ်ဆောင်လာနေပြီး တော်လှန်ရေးအင်အားစုများအတွက် ဖြေရှင်းရမည့် စစ်ရေးစိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေသည်။
စစ်ကောင်စီ၏ တိုက်ပွဲများတွင် ဒရုန်း၏ အခန်းကဏ္ဍအပြင် တော်လှန်ရေးအင်အားစုများ ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ စစ်လက်နက်ပစ္စည်းများအရေး လေ့လာစောင့်ကြည့်သူ သုံးသပ်ချက်များ ရေးသည့် Tactical Raptor အား DMG မှ ဆက်သွယ်မေးမြန်းထားခြင်းအား တင်ဆက်လိုက်သည်။
DMG - ဒီကနေ့အချိန်မှာ စစ်ကောင်စီဟာ ဒရုန်းနည်းပညာကို အရှိုန်မြှင့် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ စစ်မြေပြင်သတင်းရင်းမြစ်တွေကလည်း စစ်ကောင်စီရဲ့ အခုတန်ပြန်ထိုးစစ်ဆင်မှုတွေမှာ ဒရုန်းတွေကို တော်တော်လေး သတိထားရတယ်လို့ ဆိုပါတယ်။ ဒီလို အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ ဒရုန်းနည်းပညာ၊ ဒရုန်းအင်အားက ဘယ်အဆင့်ထိရောက်နေပြီလို့ သုံးသပ်ရနိုင်ပါလဲ။
Tactical Raptor - စစ်ကောင်စီရဲ့ ဒရုန်းနည်းပညာက အဆင့်မြင့်လှတယ်လို့တော့ မယူဆလိုသေးပါဘူး။ ဒါပေမဲ့ ငွေအင်အားသုံးနိုင်တာ၊ တရုတ်နဲ့ ရုရှားလို နိုင်ငံတွေက ထောက်ပံ့နေတာတွေကြောင့် ဒရုန်းတွေ အများအပြား ဝယ်ယူနိုင်တယ်။ ဆုံးရှုံးတာတွေ ပြန်လည်ဖြည့်တင်းနိုင်စွမ်း ရှိနေပါတယ်။ နိုင်ငံခြားကနေ အဆင်သင့်ဝယ်ယူလို့ရတဲ့ ဒရုန်းတွေ သုံးနိုင်နေတာကြောင့် စကစရဲ့ ဒရုန်းစွမ်းရည်နဲ့ ပတ်သက်ပြီး တိုးတက်လာတယ် ထင်ရပေမယ့် စစ်ကောင်စီ ကိုယ်တိုင် ဒီဇိုင်းလုပ်ပြီး တည်ဆောက်နေတဲ့ တာဝေး အသေခံဒရုန်းတွေက ဒီဇိုင်းနဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းနေပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီ ဒရုန်းအဖွဲ့တွေရဲ့ စွမ်းဆောင်ရည်က တစ်နေရာနဲ့ တစ်နေရာ မတူဘဲ ကွာခြားတာမျိုးတွေလည်း ရှိနေပါတယ်။ ကချင်နဲ့ ရှမ်းမြောက်မှာ ဒရုန်းတွေ အမြဲသုံးပြီး ဝါဒဖြန့်ဗီဒီယိုတွေ မကြာခဏတွေ့နေပေမယ့် ချင်းပြည်နယ်လိုမျိုးမှာဆိုရင် ဒရုန်းသုံးတာ သိပ်မတွေ့ရပါဘူး။
DMG - တစ်ဖက်မှာလည်း နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဒရုန်း အသုံးပြုတိုက်ခိုက်တာ တွေ့ရပါတယ်။ စစ်ကောင်စီရော တော်လှန်ရေး အင်အားစုဘက်ကရော ဒရုန်းနည်းပညာတွေနဲ့ တိုက်ခိုက်ကြတဲ့အထဲမှာ ဒရုန်းအမျိုးအစား ကွာခြားချက်တွေနဲ့ အားနည်းချက် အားသာချက်တွေကိုလည်း သိချင်ပါတယ်။
Tactical Raptor - တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား ဒရုန်းအမျိုးအစား ကွာခြားချက်ဆိုတာထက် စစ်ကောင်စီဘက်က အီလက်ထရောနစ်စစ်ဆင်ရေး၊ Jammer တွေ ပိုသုံးနိုင်တာက အဓိက အားသာချက်လို့ မြင်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေမှာ အရပ်ဘက်သုံး ဒရုန်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့ လှည့်ပတ်ဝယ်ယူလို့ ရနိုင်သေးပေမယ့် စစ်သုံးကာကွယ်ရေးပစ္စည်းအဖြစ် သတ်မှတ်လို့ ရနိုင်တဲ့ Jammer တွေကိုတော့ ဝယ်ယူနိုင်ဖို့ ခက်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီရဲ့ Jammer တွေကို ကျော်လွှားနိုင်ဖို့ အမြဲကြိုးစားနေရပေမယ့် စစ်ကောင်စီဘက်မှာတော့ ဒီလိုအခက်အခဲ သိပ်မရှိနေပါဘူး။
DMG - ဒီလို ဒရုန်းပစ်ကူတွေ ထိရောက်ပြီး အားကောင်းလာတဲ့ စစ်ကောင်စီကို တော်လှန်ရေးအင်အားစုတွေ ဘက်က ဘယ်လို နည်းလမ်းတွေနဲ့ တုံ့ပြန်လို့ ရနိုင်မလဲ။ ဒီလို တန်ပြန်ထိုးစစ်တွေကို ခုခံနေကြရတဲ့ အချိန်မှာ ဒရုန်းပစ်ကူတွေက စစ်ကောင်စီအတွက် ဘယ်လောက်ထိ အကျိုးပြုနေတယ်လို့ မြင်မိပါလဲ။
Tactical Raptor - စစ်ကောင်စီဘက်က ဒရုန်းပစ်ကူထက် ထောက်လှမ်းရေးဒရုန်းတွေက အန္တရာယ်ပို ပေးနိုင်ပါတယ်။ ထောက်လှမ်းရေးဒရုန်းတွေက စစ်မြေပြင်အတွင်း လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်နေနိုင်ပြီး လက်နက်ကြီး၊ လေယာဉ်၊ တိုက်ခိုက်ရေးဒရုန်းအဖွဲ့တွေကို ပစ်မှတ်တွေဆီ လမ်းညွှန်ပေးနိုင်ပါတယ်။ ထောက်လှမ်းရေး သတင်းမရဘဲ ပစ်ကူတွေက မပစ်နိုင်ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ဒရုန်းတွေကို တုံ့ပြန်နိုင်ဖို့အတွက် နည်းပညာနဲ့ ငွေကြေးထောက်ပံ့မှုတွေ လိုအပ်ပါတယ်။ Jammer တွေ လိုတယ်။ ကိုယ့်နေရာကို ဒရုန်းရန်က ကာကွယ်ဖို့ အသိပညာပေးတာ လေ့ကျင့်တာတွေ လိုတယ်။ ယူကရိန်းစစ် မြေပြင်မှာ အောင်မြင်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ ဒရုန်းအသုံးပြုပြီး ရန်သူဒရုန်းကို ပစ်ချတဲ့ နည်းလမ်းတွေကို စမ်းသပ်နိုင်ဖို့ လိုပါတယ်။
DMG - စစ်ကောင်စီရဲ့ ဒရုန်းအင်အားက ဘာကြောင့် အင်အားကောင်းလာရတယ်လို့ ထင်ပါလဲ။ ဘယ်ကနေ အထောက်အကူတွေ ရနေတာလို့ သိထားပါလဲ။
Tactical Raptor - အရပ်ဘက်သုံး ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေထုတ်လုပ်ရာမှာ ဈေးကွက်ဝေစု အများဆုံး ရထားတာက တရုတ်က ဖြစ်ပါတယ်။ တရုတ်နဲ့ စစ်ကောင်စီက ဆက်ဆံရေးကောင်းနေပြီး ဒရုန်းကိစ္စတွေအထိ မင်းအောင်လှိုင်က တရုတ်အထိ ခရီးတွေ သွားထားပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ဒရုန်းအသုံးပြုမှုနောက်မှာ တရုတ်ရဲ့ ထောက်ပံ့မှု အကြီးအကျယ်ရှိနေမှာ အသေအချာပါပဲ။ အာဏာမသိမ်းခင်က အစ္စရေးကနေ စစ်သုံး ဒရုန်းတွေ ဝယ်ထားတယ်။ ရုရှားနဲ့ တရုတ်ဆီကလည်း စစ်သုံးဒရုန်းတွေ ဝယ်ထားတယ်။ ယူကရိန်းစစ်ပွဲက ရလာတဲ့ အတွေ့အကြုံနဲ့ နည်းပညာတွေကိုလည်း ရုရှားကနေ အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ပေးနေမယ်လို့ ယူဆရပါတယ်။
DMG - စစ်ကောင်စီရဲ့ ဒရုန်းပစ်ကူက တော်လှန်ရေးအင်အားစုတွေအတွက် ဘယ်အပိုင်းတွေကို ပိုပြီး အထိနာစေပါလဲ။
Tactical Raptor - ဒရုန်း အင်အားသာလာတဲ့ စစ်ကောင်စီကို ရင်ဆိုင်ရာမှာ အငိုက်ဖမ်းပြီး ကြားဖြတ်တိုက်ခိုက်တာ။ ပြောက်ကျား စစ်ပွဲဆင်နွှဲတာတွေ မဟုတ်ဘဲ မြို့သိမ်းတိုက်ပွဲတွေမှာ သမားရိုးကျ စစ်ပွဲပုံစံနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့အခါ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ပိုခက်ခဲလာစေပါတယ်။ မြို့တွေမှာ ခံစစ်နဲ့ တိုက်ခိုက်တာက စစ်တပ်အတွက် ဒရုန်းတွေသုံးဖို့ ပိုပြီး အခွင့်သာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပိုပြီး ထိခိုက်ရပါတယ်။
DMG - ဒရုန်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဘာပြောချင်ပါလဲ။
Tactical Raptor - ဒရုန်းအသုံးပြုတာအပြင် ဒရုန်းကာကွယ်ရေးနဲ့ ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့တွေမှာ အထောက်အပံ့တွေ ပိုလိုအပ်လာပါတယ်။ အဖွဲ့တွေအချင်းချင်း ချိတ်ဆက်မှုလိုသလို ဗဟိုကနေ ဦးဆောင်ပေးမယ့် ပုံစံမျိုးတွေ လိုအပ်ပါတယ်။
DMG - အခုလိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။