စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် AA ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီ စစ်ရေးအရ တိုက်ခိုက်လာ

နိုင်ငံတဝန်းက မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီးနောက် ရခိုင်တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းမှုနှင့်အတူ အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို စစ်ရေးအရ တိုက်ခိုက်မှုများ လုပ်လာနေသည်။

By Admin 04 Aug 2025

ဓာတ်ပုံ - cincds
ဓာတ်ပုံ - cincds

DMG ၊ ဩဂုတ် ၄

နိုင်ငံတဝန်းက မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီးနောက် ရခိုင်တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းမှုနှင့်အတူ အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို စစ်ရေးအရ တိုက်ခိုက်မှုများ လုပ်လာနေသည်။

ဩဂုတ် ၂ ရက်တွင် AA သိမ်းပိုက်ထိန်းချုပ်ထားသည့် သံတွဲမြို့နယ်၊ ငပလီကမ်းခြေကို စစ်ကောင်စီက ပင်လယ်ပြင်မှ နေဗီများဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။

ဇူလိုင်လကုန်ပိုင်းကလည်း စစ်ကောင်စီ နေဗီ နှစ်စီးထက်မနည်းမှာ ငပလီကမ်းခြေအနီးသို့ ချဉ်းကပ်စောင့်ကြည့်မှုများ ရှိနေပြီး ကျောက်ဖြူမြို့သို့လည်း တင့်ကား ၄ စီးနှင့် စစ်သင်္ဘော ၃ စီး ထပ်ပို့ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီက AA ထိန်းချုပ်မြို့နယ်များအပါအဝင် မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးကြေညာခြင်းမှာ လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေများကို ပြန်လည်ရရှိရန် လုပ်လာနိုင်ကြောင်း စစ်ရေးအကဲခတ်သူတို့က သုံးသပ်နေကြသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်က AA ထိန်းချုပ်နယ်မြေများကို မြေပြင်မှတစ်ဆင့် ပြန်လည်ထိုးစစ်ဆင်မည်ဆိုပါက မလွယ်ကူနိုင်မှန်း သိ၍ ရေကြောင်းကနေ တိုက်ခိုက်လာနိုင်ကြောင်း ရှုမြင်မှုများ ရှိနေသည်။

"ရခိုင်ရဲ့ ပထဝီအနေအထားအရ စစ်ကောင်စီ ပြန်ထိုးစစ်ဆင်ဖို့ တော်တော်ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ အခု ပင်လယ်ပြင်ကို စိုးမိုးထားတာဆိုတော့ တစ်ခုခုကြံစည်နေပုံရတယ်။ ကမ်းခြေမြို့တွေဖြစ်တဲ့ မောင်တောတို့ သံတွဲ ဂွမြို့တွေကို ရေတပ်အားနဲ့ ပြန်မတိုက်ဘူးလို့ ယုံကြည်လို့မရဘူး။ အခုနောက်ပိုင်း ပိုဆိုးလာတာပေါ့။ ဒီအခြေအနေက စောင့်ကြည့်ရမှာဖြစ်သလို သတိလည်း ထားရမယ့် အခြေအနေလို့ မြင်ပါတယ်" ဟု ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး သိပ္ပံ ကျောင်းတက်နေသည့် ရခိုင်လူငယ်တစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီက မြို့နယ် ၆၀ ကျော်ကို ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေးကြေညာထားသဖြင့် ထိုကာလအတွင်း ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုပမ်းနိုင်ဖွယ်ရှိနေသည်။

ရခိုင်က မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော်အနေဖြင့် ထိန်းချုပ်နယ်မြေများကို ပြန်လည်လက်မလွှတ်နိုင်အောင် စစ်ကောင်စီ၏ ပင်လယ်ပြင်စိုးမိုးမှုကို သတိထားစောင့်ကြည့်ကာ ကြိုတင်ပြင်ဆင်မှုများလည်း ရှိနေကြောင်း AA နှင့် နီးစပ်သူများဆိုကြသည်။

AA အနေဖြင့် ဧရာဝတီ စစ်မျက်နှာနှင့် ပဲခူးစစ်မျက်နှာတို့ကို စစ်ကောင်စီ မြေပြင်ထိုးစစ်မှ တားဆီးထားသည့် အတွက် စစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်းကို အသုံးချရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

"AA ရဲ့ တိုက်စစ်က မြစ်ဝကျွန်းပေါ်ကနေ ပန်းတောင်းဘက်ကို ထွက်သွားမှာထက် စစ်တပ်ဖက်ကနေ ကြည်းတပ်တွေ ဝင်မလာအောင် ပိတ်ဆို့ကာရံထားပြီးသား ဖြစ်တယ်။ ဒါကြောင့်မို့ သူတို့က ရေတပ်၊ လေတပ်နဲ့ နှောင့်ယှက်ဖျက်ဆီးတဲ့ အနေအထားမျိုးကိုသာ တွေ့ရပါတယ်။ စစ်ကောင်စီကတော့ ရွေးကောက်ပွဲမတိုင်ခင် သံတွဲကို ထိန်းချုပ်ဖို့က မဖြစ်နိုင်ပါဘူး။ မဖြစ်ပေမယ့်လည်း သူတို့က စစ်ရေးသိက္ခာအရ နှောက်ယှက်ဖျက်ဆီးမှုတွေလုပ်နေတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ရခိုင်တွင် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့သာကျန်တော့ပြီး လက်ရှိတွင် ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများရှိနေပြီး စစ်တွေမြို့နယ်မှာတော့ နှစ်ဖက်စစ်ဆိုင်နေသည့် အနေအထားရှိသည်။

ရခိုင်တစ်ပြည်လုံးကို စစ်ကောင်စီ ကင်းစင်နယ်မြေတစ်ခုအဖြစ် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်က အခိုင်အမာပြောထားသဖြင့် ရည်မှန်းချက်အတိုင်းသွားမည်ဟု စစ်ရေး၊ နိုင်ငံရေးအကဲခတ်သူတို့က ရှုမြင်ထားကြသည်။