စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်

စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA) တို့သည် ရှမ်းမြောက်ဒေသ လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီမှုတစ်စုံတစ်ရာမရဘဲ ပြီးဆုံးသွားကြောင်း သိရသည်။

By Admin 15 Aug 2025

လားရှိုးမြို့သိမ်းတိုက်ပွဲအပြီး အောင်ပွဲနေကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - 3HA News
လားရှိုးမြို့သိမ်းတိုက်ပွဲအပြီး အောင်ပွဲနေကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - 3HA News

DMG ၊ ဩဂုတ် ၁၅

စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA) တို့သည် ရှမ်းမြောက်ဒေသ လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီမှုတစ်စုံတစ်ရာမရဘဲ ပြီးဆုံးသွားကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် MNDAA ထိပ်ပိုင်းခေါင်းဆောင်အချို့တက်ရောက်ခဲ့ပြီး စစ်ကောင်စီဖက်က သိန္နီမြို့ကို ပြန်ပေးရန်တောင်းဆိုခဲ့သဖြင့် သဘောတူညီမှုမရရှိဘဲ ရပ်နားလိုက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲအကြောင်းကို သိသူတစ်ဦးက ပြောသည်။

" အဓိက စစ်ကောင်စီက သိန္နီကို ပြန်တောင်းနေတဲ့အတွက် နှစ်ဖက်ညှိမရဘဲ တင်းမာနေကြတာ။ အရင်လည်း ဆွေးနွေးမှုတွေရှိကြပေမယ့် သဘောတူညီချက် မရကြဘူး။ နောက်ထပ်ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်သေးဘူး " ဟု ဆွေးနွေးပွဲအကြောင်းသိသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် ကိုးကန့်တို့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သဘောတူညီချက်တစ်စုံတစ်ရာမှ ရရှိခဲ့ခြင်း မရှိကြပေ။

၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် MNDAA သည် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ကိုသိမ်းပိုက်ပြီး လားရှိုးမြို့ကို ထိန်းချုပ်ခဲ့သည်။ သို့သော်လည်း တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၂၅ ခုနှစ် ဧပြီလတွင် လားရှိုးမြို့ကို ကိုးကန့်တပ်က စစ်ကောင်စီထံ ပြန်ပေးခဲ့ရသည်။

စစ်ကောင်စီသည် ယခု သိန္နီမြို့ကိုပါ ပြန်လည်တောင်းယူနေခြင်း ဖြစ်သဖြင့် ညှိနှိုင်းမှု အဆင်မပြေကြခြင်းလည်း ဖြစ်သည်။

လက်ရှိမှာ စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့ ဆွေးနွေးမှု အဆင်မပြေမှုက နောက်ထပ်ထိတွေ့ တိုက်ပွဲများပြင်းထန်လာမှာကို စိုးရိမ်နေကြရသည်ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

" စစ်ကောင်စီနဲ့ လားရှိုးမြို့မှာ ဆွေးနွေးမှုက ၃ ကြိမ်ထက် မနည်းတော့ဘူး။ တခါမှ သဘောတူညီမှု မရရှိကြဘူး။ ဒီလိုဆက်တိုက် သဘောတူညီမှု မရရှိကြတော့ ပွတ်တိုက်မှုတွေဖြစ်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို မြို့ခံတွေကတော့ စိုးရိမ်မှုရှိကြတယ် " ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို တရုတ်အစိုးရက စစ်ကောင်စီကို ဆက်လက်မတိုက်ခိုက်ရန် ဖိအားများ ပေးနေပြီး ကိုးကန့်တပ်နှင့် တအာင်းတပ်တို့မှာ ထိုးစစ်များကို ရပ်တန့်ထားကြရသည်။