အိန္ဒိယကုမ္ပဏီ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ပူးပေါင်းပြီး မြေရှားသတ္တုသုံး သံလိုက်ထုတ်လုပ်ရေး လေ့လာ

အိန္ဒိယအစိုးရပိုင် IREL မြေရှားသတ္တု ကုမ္ပဏီသည် ဂျပန်၊ တောင်ကိုရီးယား ကုမ္ပဏီများနှင့် ပူးပေါင်းပြီး မြေရှားသတ္တုသုံး သံလိုက်များ ထုတ်လုပ်နိုင်ရေးအတွက် လေ့လာနေသည်ဟု နီးစပ်သူ သတင်းရင်းမြစ် တစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 15 Aug 2025

သရုပ်ဖော်ပုံ - India Times
သရုပ်ဖော်ပုံ - India Times

အိန္ဒိယအစိုးရပိုင် IREL မြေရှားသတ္တု ကုမ္ပဏီသည် ဂျပန်၊ တောင်ကိုရီးယား ကုမ္ပဏီများနှင့် ပူးပေါင်းပြီး မြေရှားသတ္တုသုံး သံလိုက်များ ထုတ်လုပ်နိုင်ရေးအတွက် လေ့လာနေသည်ဟု နီးစပ်သူ သတင်းရင်းမြစ် တစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြေရှားသတ္တု ထုတ်လုပ်ရေး ကုမ္ပဏီ (Indian Rare Earths Limited - IREL) သည် မြေရှားသတ္တု သန့်စင်ရေး နည်းပညာများအတွက် အစိုးရချင်း ဆက်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ချိတ်ဆက်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု သတင်းက ဆိုသည်။

IREL သည် မြေရှားသတ္တု ထုတ်လုပ်ရေးနှင့် နည်းပညာ ကဏ္ဍပိုင်းအတွက် အခြားနိုင်ငံများနှင့်လည်း တရားဝင် ဆွေးနွေးမှုများ စတင်နိုင်ရန် ကြိုးပမ်းနေသည်ဟု သတင်းရင်းမြစ်က ဆိုကြောင်း ရိုက်တာတွင် ဖော်ပြသည်။

ထို့ပြင် IREL သည် မြေရှားသတ္တု ထုတ်လုပ်ရေးအပိုင်းနှင့် ပတ်သက်၍လည်း မြန်မာ၊ သြစတြေးလျ၊ အာဂျင်တီးနား၊ မာလာဝီနိုင်ငံတို့ကို လေ့လာလျက်ရှိသည်ဟု သတင်းရင်းမြစ်က ပြောကြားထားသည်။

ယခုသတင်းနှင့် ပတ်သက်ပြီး IREL နှင့် အိန္ဒိယအစိုးရ အက်တမ်စွမ်းအင်ဌာနသို့ ရိုက်တာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစုံတရာ အကြောင်းမပြန်ခဲ့ပေ။

IREL သည် ဂျပန်နှင့် မြေရှားသတ္တု တင်ပို့ရေး ၁၃ နှစ်စာ သဘောတူစာချုပ် ချုပ်ဆိုထားသည်။ အိန္ဒိယအစိုးရသည် ပြည်တွင်း မြေရှားသတ္တု အသုံးပြုမှုကို ချွေတာနိုင်ရေးအတွက် အဆိုပါ သဘောတူညီချက်ကို ဖျက်သိမ်းရန် IREL အား ညွှန်ကြားခဲ့ကြောင်း ရိုက်တာသတင်းက ပြီးခဲ့သော ဇွန်လတွင် ဖော်ပြခဲ့သည်။

IREL သည် အိန္ဒိယအစိုးရ၏ အက်တမ်စွမ်းအင်ဌာနအတွက် လိုအပ်သော နျူကလီးယားစွမ်းအင်နှင့် ကာကွယ်ရေး ဆက်စပ်ပစ္စည်းများဆိုင်ရာ သတ္တုအရင်းအမြစ်များ တင်သွင်းနေသည့် ကုမ္ပဏီလည်းဖြစ်သည်။