ဝါရှင်တန်တွင် လုံခြုံရေးယူရန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၈၀၀ ရောက်ရှိ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ ဥပဒေစိုးမိုးရေးအဖွဲ့များကို အကူအညီပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အမိန့်အရ ညွှန်ကြားထားသော အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၈၀၀ ဦးလုံး ရောက်ရှိနေပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 15 Aug 2025

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ဝါရှင်တန်ဒီစီရှိ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံတွင် အစောင့်တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေကြသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ဝါရှင်တန်ဒီစီရှိ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံတွင် အစောင့်တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေကြသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ ဥပဒေစိုးမိုးရေးအဖွဲ့များကို အကူအညီပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အမိန့်အရ ညွှန်ကြားထားသော အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၈၀၀ ဦးလုံး ရောက်ရှိနေပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်မြို့တော်တွင်ဖြစ်ပွားနေသော ရာဇဝတ်မှုများကို နှိမ်နင်းရန်အတွက် ယခုကဲ့သို့ တပ်ဖွဲ့ဝင်များ စေလွှတ်ပေးရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး ယခု စေလွှတ်မှုသည် ပြီးခဲ့သည့် ဇွန်လအတွင်း၌ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ဆန္ဒပြပွဲများအတွင်း ပုံစံတူ လုပ်ဆောင်ခဲ့သည့် နည်းလမ်းအတိုင်းပင်ဖြစ်ကာ လက်ရှိတွင် ဝါရှင်တန်မြို့တော်၌ အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုများမှာ လျော့ကျလျက်ရှိသည်။

"ဒီကနေ့အထိ စစ်တပ်နဲ့ လေတပ်က အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၈၀၀ ဦးလုံးကို ဝါရှင်တန်ဒီစီ ပူးပေါင်းတပ်ဖွဲ့ရဲ့ အစိတ်အပိုင်းအဖြစ် တပ်ဖြန့်ပြီးပါပြီ။ သူတို့အားလုံးဟာ အခုအချိန်မှာတော့ ကျွန်တော်တို့ရဲ့ မြို့တော်ဆီကို ရောက်ရှိနေပြီဖြစ်ပါတယ်" ဟု ပင်တဂွန်၏ စာနယ်ဇင်းဖြေကြားရေးဆိုင်ရာ အတွင်းရေးမှူး ကင်းစလေ ဝီလ်ဆင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ တပ်ဖွဲ့ဝင်များသည် မြို့တော်ရဲဌာန (DC Metropolitan Police Department) နှင့် ဖက်ဒရယ်ဥပဒေစိုးမိုးရေး မိတ်ဖက်အဖွဲ့များကို အထိမ်းအမှတ် အဆောက်အအုံများ၏ လုံခြုံရေး ဆောင်ရွက်ခြင်း၊ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်း ရပ်ရွာလုံခြုံရေးအတွက် ကင်းလှည့်ခြင်း၊ ဖက်ဒရယ် အဆောက်အအုံများနှင့် အရာရှိများကို ကာကွယ်ခြင်းနှင့် ယာဉ်ကြောထိန်းချုပ်ခြင်း အစရှိသည့် တာဝန်များတွင် ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း ဝီလ်ဆင်က ပြောကြားသည်။

တပ်ဖွဲ့ဝင်များသည် သမ္မတ၏ဆုံးဖြတ်ချက်အရ ဝါရှင်တန်မြို့တော်တွင် တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ငြိမ်သည်အထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်းလည်း ဝီလ်ဆင်က ပြောသည်။

အမျိုးသားအစောင့်တပ်ဖွဲ့၏ ကနဦးတာဝန်မှာ အဓိကကျသော လူထုနေရာများတွင် သိသာထင်ရှားစွာ ရုပ်သွင်အရ တည်ရှိနေပေးခြင်းဖြင့် ရာဇဝတ်မှုများကို ထင်သာမြင်သာ တားဆီးရန် ဖြစ်ကြောင်း အမေရိကန်စစ်တပ်ဘက်က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

တပ်ဖွဲ့ဝင်များသည် ဖမ်းဆီးထိန်းသိမ်းခြင်း၊ ရှာဖွေခြင်း သို့မဟုတ် ဥပဒေစိုးမိုးရေးအဖွဲ့များကို ညွှန်ကြားခြင်းတို့ ပြုလုပ်မည်မဟုတ်သော်လည်း အများသူငါ ထိခိုက်နိုင်စေလောက်သည့် ချက်ချင်းလက်ငင်းဖြစ်ပေါ်လာသော ဘေးအန္တရာယ်အခြေအနေမှ ကာကွယ်ရန်အတွက် လူပုဂ္ဂိုလ်များကို ခေတ္တထိန်းသိမ်းပိုင်ခွင့်ရှိကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်ဖွဲ့ဝင်များသည် အကာအကွယ်ပစ္စည်းများ အပြည့်အစုံ တပ်ဆင်ထားမည်ဖြစ်ပြီး လိုအပ်ပါက လက်နက်များ ရယူခွင့်ရှိသည့်တိုင် လက်နက်များကို လက်နက်တိုက်တွင်သာ ထားရှိမည်ဖြစ်ကြောင်းလည်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတ ထရမ့်သည် ပြီးခဲ့သည့် တနင်္လာနေ့က "ကျွန်တော်တို့ရဲ့ မြို့တော်ကို ပြန်ယူမယ်" ဟု ကြွေးကြော်ခဲ့ပြီးနောက် အမျိုးသားအစောင့်တပ်ဖွဲ့ကို စေလွှတ်ရန် ညွှန်ကြားခဲ့ပြီး မြို့တော်ရဲဌာနကိုလည်း ဖက်ဒရယ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိရမည်ဟု ကြေညာခဲ့သည်။