- စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်
- ရခိုင်တွင် ရွေးကောက်ပွဲဖြစ်မြောက်ရေး စစ်ကောင်စီ စတင်လှုပ်ရှား
- ဝါရှင်တန်တွင် လုံခြုံရေးယူရန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၈၀၀ ရောက်ရှိ
- ဟောင်းနွမ်းငွေစက္ကူများကို သုံးစွဲကြရန် AA ဒေသန္တရ အမိန့်ထုတ်
- အိန္ဒိယကုမ္ပဏီ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ပူးပေါင်းပြီး မြေရှားသတ္တုသုံး သံလိုက်ထုတ်လုပ်ရေး လေ့လာ
ရခိုင်တွင် ရွေးကောက်ပွဲဖြစ်မြောက်ရေး စစ်ကောင်စီ စတင်လှုပ်ရှား
ရခိုင်ပြည်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီက ထိန်းချုပ်မြို့နယ် ၃ ခုတွင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် စတင်လှုပ်ရှားလာနေသည်။
15 Aug 2025

DMG ၊ ဩဂုတ် ၁၅
ရခိုင်ပြည်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီက ထိန်းချုပ်မြို့နယ် ၃ ခုတွင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် စတင်လှုပ်ရှားလာနေသည်။
ယမန်နေ့ (ဩဂုတ် ၁၄ ရက်)တွင် စစ်ကောင်စီ ရုံးစိုက်ရာ စစ်တွေမြို့တွင် ရခိုင်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဝန်ကြီးများအဖွဲ့က ရွေးကောက်ပွဲဖြစ်မြောက်ရေး အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းစာက ဖော်ပြသည်။
ထိုဆွေးနွေးပွဲတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ဆွေးနွေးခဲ့ကြပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တို့တွင် ခရိုင်နှင့် မြို့နယ်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြသည်။
စစ်တွေ ဒေသခံ အမျိုးသမီးတစ်ဦးက "မြို့အတွင်းမှာ ပိတ်မိနေသူတွေ ငရဲတွင်းထဲကို ရောက်နေသလို ဖြစ်နေတာကို ရွေးကောက်ပွဲကို ဘာလို့ စိတ်ဝင်စားနေရမှာလဲ။ ပြည်သူတွေ အငတ်ဘေးမဆိုက်အောင် အရင်လုပ်ဖို့ပဲ ပြောချင်တယ်" ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်မြို့နယ် အများစုကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး ကျန်မြို့နယ် ၃ ခုအနက် မြို့နယ် ၂ ခုမှာ တိုက်ပွဲများရှိနေသဖြင့် ဒေသခံအများအပြား ဘေးလွတ်ရာတိမ်းရှောင်လျက်ရှိသည်။
စစ်တွေမြို့တွင် ငွေကြေးမတတ်နိုင်သူများသာ ပိတ်မိကျန်နေကြပြီး စစ်ကောင်စီ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရသည်။
ရခိုင်ပြည်နယ်မြေ ၉၀ ရာခိုင်နှုန်းခန့်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီးဖြစ်၍ စစ်ကောင်စီ ထိန်းချုပ်ဆဲ မြို့နယ် ၃ ခုတွင် ပြုလုပ်မည့်ရွေးကောက်ပွဲမှာ ရခိုင်လူထုအတွက် အရေးမပါကြောင်း ဒေသခံများက ပြောဆိုထားကြသည်။
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)၏ အထွေထွေအတွင်းရေးမှူးဟောင်း ကိုတိန်ဦးက "လက်ရှိမှာ ရခိုင်ပြည်သူတွေ လိုလားနေတာက ကိုယ့်ရခိုင်ပြည်ကို ကိုယ်ပိုင် စီမံခန့်ခွဲရေး၊ ပြောရမယ်ဆိုရင် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးပေါ့။ ဒါကြောင့်လည်း တော်လှန်ရေး တိုက်ပွဲတွေ ဆင်နွှဲနေရတာဖြစ်တယ်။ အခုဆိုရင် လက်နက်ကိုင်တော်လှန်ရေးလုပ်လို့ ရခိုင်ပြည်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ULA က ထိန်းချုပ်ထားနိုင်ခဲ့ပြီ။ ဒါဟာ မြေပြင်က ရခိုင်လူထုရဲ့ လိုအပ်ချက်ဖြစ်ပြီး ရွေးကောက်ပွဲပါတီတွေနဲ့ တစ်ယောက်တစ်လမ်းစီလို့ ပြောလို့ရတယ်" ဟု ပြောသည်။
လာမည့် ၂၀၂၅ နှစ်ကုန် (သို့မဟုတ်) ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းနေသော စစ်ကောင်စီသည် သေဒဏ်အထိ ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဆန့်ကျင်နှောင့်ယှက်ခြင်းမှ ကာကွယ်နိုင်မည့် ဥပဒေတစ်ရပ်ကို ဇူလိုင် ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။
စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ရခိုင်က နိုင်ငံရေးပါတီ ၆ ခုအထိ ဝင်ပြိုင်ခွင့်ရရှိထားပြီး ထိုပါတီများမှာ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ (RSNUP)၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MNDP)နှင့် ရခိုင်တိုင်းရင်းသားများပါတီ (RNP) တို့ ဖြစ်သည်။
လူမှုအဖွဲ့အစည်းတစ်ခုမှ အမျိုးသားတစ်ဦးက "အခု ရခိုင်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့နယ် ၃ ခုပဲ ရှိတယ်။ ပြောရရင် ရခိုင်ပြည်သူအများစုက ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲ လုပ်ဖြစ်လို့ အနိုင်ရရင်လည်း ရခိုင်ပြည်သူတွေအတွက် ဘာတစ်ခုမှ ထူးခြားလာမှာ မဟုတ်ဘူး" ဟု DMG သို့ ပြောဆိုထားသည်။
စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲသည် ရခိုင်ပြည်သူများအတွက် အကျိုးမရှိကြောင်းနှင့် ပြည်သူများကလည်း ရွေးကောက်ပွဲကို စိတ်မဝင်စားကြောင်း အာရက္ခတပ်တော် (AA) က ပြောဆိုထားသည်။