- ကျောင်းနေအရွယ် ကလေးငယ် ၇ သန်းခန့် ပညာသင်ခွင့်ဆုံးရှုံးနေရဟု ISP - Myanmar ဖော်ပြ
- အိန္ဒိယဝန်ကြီးချုပ် ၇ နှစ်အတွင်း ပထမဆုံးအဖြစ် တရုတ်သို့ သွားမည်
- တရုတ်မယားအဖြစ် ရောင်းစားခံနေရသည့် ရခိုင်အမျိုးသမီးနှစ်ဦး အကူအညီလိုအပ်နေ
- ဖားကန့်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက်ရှိနေ
- AA သည် အောက်လမ်းဖြင့် တိုက်နေကြောင်း ရှေ့တန်းစစ်မြေပြင်တွင် စစ်ကောင်စီ ဝါဒဖြန့်
AA သည် အောက်လမ်းဖြင့် တိုက်နေကြောင်း ရှေ့တန်းစစ်မြေပြင်တွင် စစ်ကောင်စီ ဝါဒဖြန့်
စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ ရင်ဆိုင်တိုက်ပွဲများတွင် AA သည် အောက်လမ်းနည်းများကို အသုံးပြုကာ တိုက်ခိုက်နေသည်ဟု ရှေ့တန်းစစ်မြေပြင်ရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝါဒဖြန့် ပြောဆိုထားကြောင်း သိရသည်။
06 Aug 2025

DMG ၊ ဩဂုတ် ၆
စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ ရင်ဆိုင်တိုက်ပွဲများတွင် AA သည် အောက်လမ်းနည်းများကို အသုံးပြုကာ တိုက်ခိုက်နေသည်ဟု ရှေ့တန်းစစ်မြေပြင်ရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝါဒဖြန့် ပြောဆိုထားကြောင်း သိရသည်။
ယင်းကြောင့် အာရက္ခတပ်တော်ကို ရင်ဆိုင်ရန် သေနတ်များတွင် တရားစာများ၊ ထမီစများ ချည်၍ တိုက်ခိုက်ခိုင်းကြောင်း AA ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားက ပြောသည်။
" ကျနော့် အထက်အရာရှိပြောတာတော့ AA က အောက်လမ်းနည်းနဲ့ တိုက်နေတာ။ ကျနော်တို့ဘက်က ကျသွားတဲ့ ရဲဘော်တွေကို အသားစိမ်း၊ ငါးစိမ်းကျွေးပြီး ပြန်တိုက်ခိုင်းတာလို့ ပြောတယ်။ ဒါကြောင့် ကျနော်တို့ လက်ပစ်ဗုံးတွေမှာ ဘုရားစာ ပုံမှန်ကပ်လေ့ရှိတယ်။ သေနတ်တွေမှာ ထမီစချည်ထားရတယ်။ လက်နက်ကြီးမှာလည်း ထမီစ ချည်ပြီး ပစ်လေ့ရှိတယ် " ဟု နေသူရမျိုးက ပြောသည်။
နေသူရမျိုးသည် အမ်း-ပဒါန်းလမ်းပိုင်းတိုက်ပွဲ နတ်ရေကန်ဗျူဟာကုန်းစခန်းကနေ ဇူလိုင် ၂၇ ရက်တွင် အာရက္ခတပ်တော်ထံတွင် လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ပြည်သူ့စစ်မှုထမ်း တစ်ဦးဖြစ်သည်။
ယင်းအပြင် အာရက္ခတပ်တော်သည် အလင်းဝင်သူများကို နှိပ်စက်ပြီး ကျင်းတူးခိုင်းကာ နောက်ကနေ သတ်ဖြတ်သည်ဟု စစ်ကောင်စီတပ်အတွင်း ဝါဒဖြန့်ထားကြောင်း ဆိုသည်။
လက်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း ဗျူဟာကုန်းတွင် AA ထံသို့ အလင်းဝင်လိုသည့် တပ်သားအများအပြားနှင့် အရာရှိများလည်း ရှိနေကြောင်း သူက ပြောသည်။
ထိုဗျူဟာကုန်းတွင် စစ်ကောင်စီ အများအပြား အင်အားဖြည့်တင်းပြီး အခိုင်အမာ ခံစစ်ပြင်ဆင်ထားသော်လည်း အာရက္ခတပ်တော်၏ စနိုက်ဘာ ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှုများလည်း နေ့စဉ်ရှိနေကြောင်းသည်ဟု သူက ဆက်ပြောသည်။
" AA ကတော့ စနိုက်ဘာတွေနဲ့ နေ့ရော၊ ညပါ ပစ်ခတ်တာတွေရှိပါတယ်။ ကျနော်တို့ဆိုရင် နေ့ရော၊ ညပါထွက်လို့ မရဘူး။ စနိုက်ဘာနဲ့ ခံရတဲ့သူတွေဆိုရင် အယောက် ၂၀ ရှိပါတယ်။ အဲဒီအထဲမှာ ၅ ယောက်လောက်တော့ ဒဏ်ရာရပါတယ်။ ၁၅ ယောက်ကတော့ သေဆုံးတာ ရှိပါတယ် " ဟု နေသူရမျိုးက ပြောသည်။
AA ၏ စနိုက်ဘာလက်ချက်ကြောင့် တပ်မ ၉၉ လက်ခံ ခမရ ၁၅ တပ်ရင်းမှ တပ်ရင်းမှူးတစ်ဦး သေဆုံးသွားခဲ့ပြီး ဒရုန်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခမရ ၁၄ တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးလည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိ အမ်း- ပဒါန်း လမ်းပိုင်းတွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နတ်ရေကန်ဗျူဟာကုန်းအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား ထိတွေ့တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
" ဒီစခန်းက ဘယ်လောက်ထိ တောင့်ခံနိုင်မလဲဆိုတော့ AA နဲ့ ပူးပေါင်းတပ်တွေ တိုက်တဲ့အပေါ်မှာ မူတည်တယ်။ ဘာလို့လည်းဆိုတော့ စစ်ကောင်စီစခန်းတွေက တကယ်တိုက်ပြီဆို မကြာပါဘူး ကျတာပဲ။ ဒီတော့ AA နဲ့ ပူးပေါင်းတပ်တွေ အင်အားအများနဲ့ တိုက်ရင် ကျသွားမှာပဲဖြစ်ပါတယ် " ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
စစ်ကောင်စီတပ်သား နေသူရမျိုးသည် ပဒါန်းတပ်နယ်ရှိ အမြောက်တပ် (၄၀၉) တပ်ရင်းမှ နတ်ရေကန် လေ ကြောင်းရန် ကာကွယ်ရေးစခန်းဗျူဟာကုန်း ရှေ့တန်းစစ်မြေပြင်သို့ မေလ ၅ ရက်နေ့တွင် ပို့ဆောင်ခံလိုက်ရ ခြင်းဖြစ်သည်။
ဇူလိုင် ၉ ရက်ကလည်း အမ်း-ပဒါန်း စစ်မြေပြင်မှ စစ်ကောင်စီ၏ ပြည်သူ့စစ် တပ်သား အောင်သက်ထွန်းမှာ အာရက္ခတပ်တော်ထံ လက်နက်ချ အညံ့ခံ အလင်းဝင်လာခဲ့သည်။
စစ်ကောင်စီသည် စစ်မှုထမ်းဉပဒေဖြင့် နိုင်ငံအနှံ့က လူငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ တိုက်ပွဲပြင်းထန်နေသည့် ရှေ့တန်းစစ်မြေပြင်များသို့ အသီးသီး ပို့ဆောင်ထားသည်။
ယင်းအထဲ တိုက်ခိုက်လိုစိတ်မရှိသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် အခြေအနေကြည့်ကာ AA အပါအဝင် တော်လှန်ရေးအဖွဲ့များထံသို့ ဘက်ပြောင်းခိုလှုံရန် ကြိုးစားနေသူများလည်း ရှိနေသည်။