ကိုဗစ်ကူးစက်မှု မြင့်တက်မလာအောင် ဘယ်လိုထိန်းချုပ်သင့်သလဲ

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု မည်ကဲ့သို့ထိန်းချုပ်သင့်သည်နှင့် လက်ရှိကိုဗစ်ဖြစ်ပွားမှု အခြေအေနများအပေါ်  ရခိုင်အရပ်ဖက်အဖွဲ့ အစည်းများ၏ အမြင်များကို DMG မှ မေးမြန်းထားသည်။

19 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၉

ရခိုင်ပြည်နယ်တွင် ယခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁၆ ရက်နေ့အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ (၃၇) ဦးရှိခဲ့ပြီး သေဆုံးသူတစ်ဦးရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်သွယ်ပြီးပြန်လာသည့် စက်လှေသမားများနှင့် လေကြောင်းခရီးစဉ်လိုက်ပါမည့် သူများထံတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ရခိုင်နှင့်နယ်စပ်ကုန်သွယ်မှုပြုလုပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ကူးစက်မြန်သည့် ကိုဗစ်မျိုးကွဲသစ်(အိုမီခရွန်)ပိုး တွေ့ရှိမှုရှိလာနေသည်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းထိစပ်နေသည့် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင်လည်း အိုမီခရွန်ကိုဗစ်ပိုးတွေ့ရှိမှုများ ရှိလာနေသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု မည်ကဲ့သို့ထိန်းချုပ်သင့်သည်နှင့် လက်ရှိကိုဗစ်ဖြစ်ပွားမှု အခြေအေနများအပေါ်  ရခိုင်အရပ်ဖက်အဖွဲ့ အစည်းများ၏ အမြင်များကို DMG မှ မေးမြန်းထားသည်။

စောစံငြိမ်းသူ (ဥက္ကဋ္ဌ) ၊ ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့

ပထမလှိုင်းကနေ တတိယလှိုင်းအထိ ကိုဗစ်တောက်လျှောက်ဖြစ်ခဲ့တဲ့ သုံးကြိမ်စလုံးမှာ ကူးစက်ပြန့်ပွားမှု အနေအထားဟာ အဓိက ပေါ့ဆတဲ့အတွက် ကူးစက်ပြန့်ပွားမှုတွေဖြစ်တယ်လို့မြင်တယ်။ အခုဆိုလို့ရှိရင် တတိယလှိုင်းပြီးခါစရှိသေးတယ်။ စတုတ္တလှိုင်းတစ်ဆက်တည်းဖြစ်သွားတာပေါ့။ အခုကလည်းကိုဗစ်က တဖြည်းဖြည်းနဲ့ပိုပြီး ကူးစက်ပြန့်ပွားမှုက တိုးလာတဲ့အနေအထားကိုတွေ့ရတယ်။ ဒီအနေအထားမှာလည်း အဓိကပြဿနာက ပေါ့ဆမှုနဲ့ဆိုင်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်ကူးစက်တဲ့ တောက်လျှောက်မှာ အဓိကတာဝန်ယူဆောင်ရွက်တဲ့သူတွေအနေနဲ့လည်း အရမ်းကြီးအလေးထားပြီးတော့ ကူးစက်ပြန့်ပွားမှုဆိုင်ရာ တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အများကြီးထိထိ ရောက်ရောက်မလုပ်နိုင်ခဲ့လို့ဘဲ အခုလိုမျိုးပြန်ပြီးတော့ ကြုံရတာဖြစ်တယ်။

တစ်ဖက်မှာလည်း ပြည်သူလူထုတစ်ယောက်ချင်းစီအနေနဲ့ လိုက်နာဆောင်ရွက်မှုအပိုင်းမှာလည်း အခုအချိန်ထိ ပေါ့ဆမှုကရှိနေသေးတယ်။ ဒါကြောင့်လည်း ဒီလိုမျိုး ဆက်လက်ပြီးကူးစက်ပြန့်ပွားမှုတွေ များပြားလာတဲ့အနေအထားလို့သုံးသပ်တယ်။ တစ်ဆက်တည်းမှာပဲ ပထမလှိုင်းကနေ စတုတ္တလှိုင်းကြားထဲမှာ ကူးစက်ပြန့်ပွားမှုဖြစ်ခဲ့တာဟာ များသောအားဖြင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းကနေ ကူးစက်လာတာလို့ သိရတယ်။ အခုကိုဗစ်ရောဂါပိုးတွေ့ရှိမှုအနေအထားရဆိုရင်လည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ လာတဲ့သူတွေမှာ ကူးစက်မှုတွေဖြစ်တယ်လို့သိရတယ်။ ဒီအနေအထားမှာ ကူးစက်ပြန့်ပွားမှု ဘယ်ကနေလာလဲ။ လာတဲ့လမ်းကြောင်းကို သတိထားပြီးတော့ တားဆီးကာကွယ်ဖို့လိုအပ်တယ်လို့ ပြောချင် တယ်။

ဦးဇော်ဇော်ထွန်း (အတွင်းရေးမှူးအဖွဲ့ဝင်)၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(AHCT)

နယ်စပ်ကုန်သွယ်ရေးက အစီအမံတွေရှိတဲ့အခါကျတော့ လောလောဆယ်မှာ ထိန်းချုပ်နိုင်မယ်လို့ ယူဆလို့ရ နိုင်တယ်။ တစ်ဖက်မှာ ဘင်္ဂလားဒေ့ရှ်ဘက်က ခိုးဝင်တွေကိစ္စကစိုးရိမ်စရာဖြစ်တယ်။ အဲဒါက လုံခြုံရေးပိုင်းဆိုင်ရာကိစ္စဖြစ်တဲ့အတွက် ပြည်သူလူထုကို ထုတ်ပြန်ဖို့လည်းခက်တယ်။ ဒါပေမယ့် ပြည်သူလူထုကို အသိပေးနိုင်တဲ့အတိုင်းအတာထိ အသိပေးဖို့လိုတယ်။ တစ်ဖက်မှာလည်း နယ်စပ်ကုန်သွယ်ရေးကို သေချာစောင့်ကြည့်ပြီးတော့ ကိုဗစ်ပိုးတွေ့လူနာတွေ တွေ့ရှိတယ်ဆိုရင် သတင်းချန်မထားဘဲ ပြည်သူလူထုကိုသေချာချပြရမယ်။ ပြည်သူလူထုဘက်က လိုက်နာဆောင်ရွက်သင့်တဲ့ ကိစ္စကိုလည်းရှင်းပြရမယ်။ ထိန်းချုပ်တဲ့အခါမှာလည်း ဒေသခံအဖွဲ့တွေ၊ တခြားအာဏာပိုင်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီးတော့ သေချာသေချာချာကြပ်မတ်ဖို့ လိုအပ်တယ်။ အဓိကတော့ သတင်းအချက်အလက်က အရေးကြီးတယ်။ ကူးစက်မှုတွေတွေ့ရှိပြီဆိုရင် အဲဒါနဲ့ပတ်သတ်လို့ သတင်းအချက်တွေ ပြည့်စုံစွာပြောပြဖို့လိုတယ်။ ဒါမှလည်း ပြည်သူလူထုဘက်က စိုးရိမ်စိတ်တွေ ဖြစ်လာမယ်။ ဖြစ်လာတဲ့အလျောက် ပူးပေါင်းဆောင်ရွက်မှုတွေရှိလာမယ်။ အဲလိုမှမဟုတ်ဘူးဆိုရင် ပြည်သူလူထုဘက်ကနေပြီးတော့ သတင်းအချက်အလက်တွေမရရှိရင် သူတို့မှာ စိုးရိမ်စိတ်တွေရှိမှာမဟုတ်ဘူး။ ဒီလိုပဲ ပုံမှန်အတိုင်းပွဲလမ်းသဘင်တွေလုပ်လိုက်၊ ကာကွယ်မှုတွေလည်း အသုံးပြုတာမရှိဘဲ သွားလာနေကြမှာဖြစ်တယ်။ အဲတာကိုလည်း အပြစ်ပြောလို့နေလည်းမရဘူး။ လောလောစဉ်မြင်နေရတဲ့အနေအထားက ဘာမှလည်းမသိဘူး၊ ဘာမှလည်း မကြောက်ဘူးဆိုသလိုဖြစ်နေတယ်။ နောက်ပြီး ဖြစ်လာရင်လည်း ဒီထက်မထူးဆန်းတော့သလို ဖြစ်ရင်လည်းဖြစ်ရောဆိုတဲ့ သဘောကိုတွေ့ရတယ်။ ပြည်သူလူထုဘက်ကလည်း အဲဒီအတိုင်းပဲ။ အစိုးရ ဘက်ကလည်း လိုအပ်ချက်တွေရှိနေတယ်လို့မြင်တယ်။ တကယ်လို့သာ ပြင်းပြင်းထန်ထန်ဖြစ်လာမယ်ဆိုရင် တော့ တော်တော်လေးမထိန်းနိုင်ဘဲဖြစ်မယ့် အခြေအနေရှိတယ်လို့မြင်တယ်။

ဦးမင်းထည်ဝါ (ဥက္ကဋ္ဌ) ၊ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းလူမှုကူညီရေးအသင်း

အဓိက နယ်စပ်ကုန်သွယ်ရေးပိုင်းတွေကို တင်းတင်းကျပ်ကျပ်နဲ့လုပ်ဆောင်သင့်တယ်။ အခုက ဘင်္ဂလားဒေ့ရှ်မှာလည်း အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်တွေ့ရှိတဲ့အတွက် နယ်စပ်ကုန်သွယ်ဖို့သွားတဲ့ စက်လှေတွေကိုလည်း သေချာကြပ်မတ်စွာလုပ်သင့်တယ်လို့ထင်တယ်။ ရောဂါပိုးဆိုတော့ နည်းနည်းတော့စိုးရိမ်ရတာပေါ့။ ဒါပေမယ့် ပြည်သူလူထုတွေကို ဖိအားကြီးတစ်ခုအနေနဲ့ သိပ်ပြီးမထားစေချင်ဘူး။ အိမ်နီးချင်းထိစပ်နေတဲ့နိုင်ငံတွေမှာလည်း (အိုမီခရွန်) ကိုဗစ်ပိုးတွေ့ရှိလာတဲ့အတွက် အဲဒီနေရာတွေမှာ အဝင်အထွက်လုပ်နေတဲ့လှေလုပ်သားတွေကို တာဝန်ရှိတဲ့သူတွေက ကြပ်မတ်စွာလုပ်ဆောင်ရင်တော့ အဆင်ပြေသွားမှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနက ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာဖို့အရေးကြီးတယ်။ (Mask)တပ်၊ လက်ဆေးတာကအစပေါ့။ အဓိက လူစုလူဝေးတွေကို ရှောင်ရှားပြီးတော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်။ အရမ်းကြီး ဖိအားတစ်ခုအနေနဲ့ စိတ်ထဲမှာမထားဘဲ ကျန်းမာရေးဌာနက ချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာပြီး နေသွားရင်တော့ အဆင်ပြေသွားမှာဖြစ်တယ်။

ဦးခင်မောင်ကြီး (ပြောရေးဆိုခွင့်ရှိသူ)၊ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ

ကိုဗစ်နဲ့ပတ်သက်လို့ ရခိုင်ပြည်အတိုင်းအတာမှာ လူတွေက တော်တော်လေးကို ပေါ့ပေါ့လျော့လျော့ သွားလာနေကြတာကို တွေ့ရတယ်။ တစ်ဖက်မှာ (ကိုဗစ်တွေ့ရှိမှုဖြစ်နေတဲ့) နယ်စပ်ကုန်သွယ်မှုနဲ့ပတ်သက်ပြီတော့လည်းး ကုန်သွယ်မှုက မရှိလို့မရဘူး။ ဒါပေမဲ့ အစိုးရအနေနဲ့ သူတို့လည်း တတ်နိုင်သလောက် ကြိုးစားပြီး လုပ်နေတယ်။ ဒီနယ်စပ်ကုန်သွယ်ရေးတွေကို ရောဂါကူးစက်မှုမရှိစေရေးအတွက် ပိုပြီးတော့ တင်းကျပ်တဲ့ ထိန်းသိမ်းမှုတွေ လုပ်ဆောင်သင့်တယ်။ကောင်းမွန်တဲ့ အစီအစသ်တွေကို ချမှတ်သင့်တယ်။ နောက်တစ်ခုကဒီ အိုမီခရွန်ဟာ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေကို ရောက်လာတဲ့အနေအထားရှိတယ်။ ကမ္ဘာပေါ်မှာလည်း ကျယ်ပြန့်လာတယ်။ နောက်တစ်ခါ အိုမီခရွန်ရဲ့ ကူးစက်မှုကအရင်ရှိခဲ့တဲ့မျိုးကွဲတွေထက် ပိုပြီးတော့ ကူးစက်မှုမြန်တယ်။ အရှိန်ပြင်းတယ်လို့ သိရတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ သိပ်ပြီး ပေါ့ဆစွာမနေဖို့ လိုအပ်တယ်။ ဘာပဲပြောပြော ဒီကာလက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်အရှိန်မသေသေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးလွှမ်းခြုံမှု တော်တော်များတဲ့ နိုင်ငံတွေမှာတောင် အိုမီခရွန်ကိုဗစ်ကူးစက်တာတွေ ရှိနေတယ်။ အဲတော့ အိုမီခရွန်ဟာ စတုတ္ထလှိုင်းအနေနဲ့ ပေါ်မလာအောင် လူထုကပိုပြီး သတိထားရမယ့် အနေအထားရှိတယ်။

ဗီဒီယိုများ