တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ)

 

မြန်မာ-ထိုင်း နယ်စပ်ရှိ ရက္ခိုင့်တပ်တော်(AA)၏ တပ်စခန်းတစ်ခုအား ဇူလိုင်လ ၄ ရက်နေ့၊နေ့လယ် ၁၂ နာရီ ကျော်ခန့်က မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကာ ၇ ဦးထက်မနည်းမှာလည်း ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။

08 Jul 2022

 

 

ဇူလိုင် ၁

  • မြန်မာနိုင်ငံ၊ ရခိုင်ပြည်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယခုနှစ်အတွင်းစတင်ကာ တိုက်ရိုက်ကုန်သွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (RSCCI) ဥက္ကဋ္ဌဖြစ်သူ ဦးတင်အောင်ဦးက ပြောခဲ့သည်။
  • မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြစ်ကျော် ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့မှုကြောင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံနေရသူ မြန်မာနိုင်ငံသား သောင်းချီ အထိရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများထံက သိရသည်။
  • ရခိုင်ပြည်တွင် တာဝန်ထမ်းဆောင်နေသည့် တိုင်းရင်းသားစာပေသင် ဆရာ၊ဆရာမများ (TA/LT) မှာ ဇွန်လအတွက် လစာငွေကို ဇူလိုင်လ ၁ ရက်နေ့အထိ မရရှိသေးကြောင်း ဆရာ/ဆရာမများထံမှ သိရသည်။
  • ကျောက်တော်မြို့နယ်၊ဝက်မှိုင်းကျေးရွာမှ အသက် ၄၀ ကျော်အရွယ် ဦးသန်းစိန်မောင် ဆိုသူမှာ ဇူလိုင် ၁ ရက်နေ့၊နေ့လယ် ၁ နာရီ ကျော်ခန့်က ကျေးရွာနှင့်တစ်မိုင်ကျော် ကွာဝေးသည့် လယ်ပြင်တွင် နွားရှာသွားစဉ် မှိုင်းထိမှန်ခဲ့ပြီး ခြေထောက်နှစ်ဖက်မှာ ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့သည်။
  • ရခိုင်ပြည်နယ်၊ ရသေ့တောင် - ပုဏ္ဏားကျွန်း ဆက်သွယ်ထားသည့် ကားလမ်းကို စစ်ကောင်စီက ၂ ပတ်ကြာသည်အထိ ပြန်မဖွင့်ဘဲ ပိတ်ပင်ထားသဖြင့် ဒေသခံများအနေဖြင့် စစ်တွေသို့သွားရာတွင် မိုးရာသီအတွင်း အန္တရာယ်များသည့် ရေလမ်းကို အသုံးပြု သွားလာနေရသည်။

ဇူလိုင် ၂

  • စစ်တွေမြို့မှ မြို့နယ်အသီးသီးသို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များကို ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ ယခင်ပုံမှန်အတိုင်း ပြေးဆွဲခွင့်ပြုခဲ့သည်။
  • ရခိုင်ပြည်တွင် စစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ကြား နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာလာနေပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးခြင်းထားများကို လွှတ်ပေးပြီး ငြိမ်းချမ်းရေးတည်ဆောက်ကြရန် နိုင်ငံရေးသမားများက တိုက်တွန်းခဲ့ကြသည်။
  • စစ်ရေးတင်းမာနေသည့် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့အား ညှိနှိုင်းဆွေးနွေးပွဲ၊ စားပွဲဝိုင်းသို့ ရောက်ရှိရေးအတွက် ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာပရက်ခ်ဆိုခွန်းကို ရခိုင့်ဦးဆောင်ပါတီ (AFP) ကတိုက်တွန်းခဲ့သည်။
  • ကျောက်တော်မြို့နယ်၊ဝက်မှိုင်းကျေးရွာမှ မိုင်းထိမှန်၍ ဒဏ်ရာပြင်းထန်ခဲ့သည့် အသက် ၄၀ ကျော်အရွယ် ဦးသန်းစိန်မောင် မှာ စစ်တွေဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှုခံယူနေရင်း သေဆုံးသွားခဲ့သည်။
  • ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ဂူတာရပ်ကွက်တွင် ချောင်းကမ်းပါးပြိုကျသွားခဲ့မှုကြောင့် လူနေအိမ် ၄ လုံးနှင့် ကားဝပ်ရှော့တစ်ခု ပြိုကျပျက်စီးဆုံးရှုံးသွားခဲ့သည်။

ဇူလိုင် ၃

  • ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ စစ်ပွဲဖြစ်ပွားခဲ့မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်မှ စစ်ဘေးရှောင်လယ်သမားများမှာ ၃ နှစ်ကြာသည့်တိုင် လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်သေးသည့်အတွက် အဘက်ဘက်မှ နစ်နာမှုများရှိနေသည်ဟု စစ်ဘေးရှောင်လယ်သမားများက ပြောဆိုကြသည်။
  • နေရပ်မပြန်နိုင်သေးသည့် ရခိုင်မှစစ်ဘေးရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါနှင့် ရာသီတုပ်ကွေးဖြစ်ပွားမှုများရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျှက်ရှိကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။
  • မင်းပြားမြို့နယ်၊ ဖုန်သာချောင်းအုပ်စု၊ အထက်ခချီးမြောင်ရွာမှ အသက် ၂၅ နှစ်အရွယ် မောင်လှထွန်းသည် ကျေးရွာအနီးရှိ တောင်တန်းပေါ်သို့ ဆွေမျိုးတစ်ဦးနှင့်အတူ ဝါးခုတ်ရန်သွားကြစဉ် ဇူလိုင်လ ၃ ရက်နေ့က မိုင်းနင်းမိ၍ ညာခြေထောက်တစ်ဖက် ပြတ်ထွက်သွားပြီး ဒဏ်ရာအများအပြားရရှိခဲ့သဖြင့် မင်းပြားဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရသည်။
  • ရခိုင်ပြည်နယ်၊ ပေါက်တောမြို့သို့ စစ်ကောင်စီတပ်သားများက ဇူလိုင် ၃ ရက်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်က ရောက်ရှိလာခဲ့ကြပြီး ကျေးရွာများသို့ လှည့်လည်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန်ခဲ့ကြသည်။

ဇူလိုင် ၄

  • ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေမြို့သို့ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅၅ ဦးကို ဇူလိုင်လ ၄ ရက်နေ့၊နံနက်က ကိုဗစ်ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခဲ့ရာ သုံးဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သည်။
  • ရခိုင်ပြည်နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာလျှင် ရခိုင်ပြည်တွင်းက ရွှေ့ပြောင်းအလုပ်သမားများ နည်းပါးလာနိုင်ပြီး စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း ရခိုင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။
  • မြန်မာ-ထိုင်း နယ်စပ်ရှိ ရက္ခိုင့်တပ်တော်(AA)၏ တပ်စခန်းတစ်ခုအား ဇူလိုင်လ ၄ ရက်နေ့၊နေ့လယ် ၁၂ နာရီ ကျော်ခန့်က မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကာ ၇ ဦးထက်မနည်းမှာလည်း ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။
  • မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကြားထဲတွင် ဒုက္ခရောက်နေကြရသော အပြစ်မဲ့ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဟန့်တားပိတ်ပင်ခြင်းများ မပြုလုပ်ရန် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရက်ခ်ဆိုခွန်ကို ရခိုင်အမျိုးသားပါတီ (ANP) က အကြံပြုခဲ့သည်။
  • ကျောက်တော်မြို့နယ်၊ မျာလီကန်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးလှမောင်မှာ အမှတ် (၃၇၇) အမြောက်တပ်ရင်းနှင့် တစ်မိုင်ခန့် ဝေးကွာသော မိမိ၏ လယ်ပိုင်နက်အတွင်းတွင် နွားကျောင်းနေစဉ် မိုင်းနင်းမိပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။

ဇူလိုင် ၅

  • မြန်မာ - ထိုင်းနယ်စပ်တွင် အခြေစိုက်ထားသည့် ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုအား ဇူလိုင်လ ၄ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် AA တပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့ရသည့်ဖြစ်စဉ်ကို လက်တုန့်ပြန်သွားမည်ဟု AA က ပြောဆိုခဲ့သည်။
  • လာမည့် ၂၀၂၃ ခုတွင် ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို PR စနစ်ဟု ခေါ်ဆိုသည့် အချိုးကျကိုယ်စားပြု စနစ်နှင့်ပတ်သက်ပြီး သင်တန်းပို့ချမှုများပြုလုပ်နေသည်။
  • ရခိုင်တွင် လယ်သမားများ ချေးငွေ ပြန်ဆပ်နိုင်ဖြစ်နေကြသဖြင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှ ယခု ၂၀၂၂ ခုနှစ်အထိ ချေးငွေထုတ်ယူသူ တနှစ်ထက်တနှစ် နည်းလာနေကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
  • မြန်မာစစ်တပ်က ဖမ်းဆီးထားသော လူမှုရေး၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုဇော်ဝင်း (ခ) လူထု ဇော်ဝင်း အပါအဝင် ဒေသခံ ၃ ဦးကို ကျောက်တော်မြို့မရဲစခန်းသို့ ဇူလိုင်လ ၅ရက်၊ နေ့လယ် ၁နာရီခွဲအချိန်တွင် လွှဲအပ်ခဲ့သည်။
  • ရခိုင်ပြည်၊ စစ်တွေမြို့ ပွိုင့် ကမ်းခြေရှိ စစ်တွေဟိုတယ်အနီးတွင် ဇူလိုင်လ ၅ ရက်နေ့ ညအချိန်ခန့်က သေဆုံးကာ သောင်တင်နေသည့် လင်းရှူးအထီးတစ်ကောင်ကို တွေ့ရှိခဲ့သည်။
  • မြန်မာနိုင်ငံတွင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ၊နေရပ်စွန့်ခွာထွက်ပြေးလာသူပေါင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့အထိ (၁၁၁၆၀၀၀) အထိ ရှိလာနေဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဇူလိုင် ၅ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
  • တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ချောမောစွာ လည်ပတ်နိုင်ရေးအတွက်  အာမခံချက်ပေးရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံစဉ် ထည့်သွင်းတောင်းဆိုခဲ့သည်။

ဇူလိုင် ၆

  • တရုတ်၊ ထိုင်း၊ မလေးရှားစသည့် နိုင်ငံခြားများက ဝယ်ယူမှုများရှိနေသောကြောင့် ရခိုင်ပြည်မှ ကွမ်းသီးစိမ်းအနုများမှာ ဈေးကောင်းရရှိနေသည်ဟု ဒေသခံများထံက သိရသည်။
  • မြန်မာစစ်တပ်က ရေယာဉ်ပေါ်တွင် ရိုက်နှက်ကန်ကျောက်ခံခဲ့ရပြီး ၂ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ် နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂) နှစ် ငါးဦးတို့ကို ဇူလိုင်လ ၆ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်စီချမှတ်ခဲ့သည်။
  • ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ရက္ကန်းလုပ်ငန်းများမှ ထုတ်လုပ်သည့် ရခိုင်လုံချည်များ ဈေးကွက်အတွင်းမှာ ဝယ်လိုအားကျဆင်းနေသည့်အတွက် ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
  • စစ်ကောင်စီ၏ ရေတပ်မှ ရေငုပ်သင်္ဘောစစ်ရေယာဉ် နှစ်စင်း၊ တစ်ခြားစစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ရခိုင့်ကမ်းရိုးတန်း ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ဇူလိုင် ၇

  • မြန်မာစစ်တပ်က ရခိုင်ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်ခြင်းမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ရခိုင်ပြည်သူများကို ခြိမ်းခြောက်ခြင်းသာဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။
  • ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟု ဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့ပေါ်မှ ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့တို့ကို ဇူလိုင်လ ၇ ရက်နေ့တွင် ရုံးချိန်းထားသော်လည်း ရုံးမထုတ်ဘဲ ရုံးချိန်းရွှေ့ဆိုင်းခဲ့သည်။
  • စက်သုံးဆီဈေးနှုန်းများကို မြင့်တက်နေသည့်ဈေးနှုန်းထက် လျှော့ပြီးရောင်းချရန် ဇွန် ၇ ရက်တွင် ထုတ်ပြန်ထားပြီး သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းမရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
  • ရခိုင်ပြည်နယ် ဂွမြေငလျင်စခန်း၏ မြောက်-အရှေ့မြောက်ဘက် (၁၀) မိုင်ခန့်အကွာကို ဗဟိုပြုလျက် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီကျော်က အင်အားရစ်(ချ်) တာစကေး (၃.၅) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်သွားခဲ့သည်။
  • ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ဘေးရှောင် ၇၀၀ ကျော်ကို စစ်ကျန်လက်နက်ဟောင်းပစ္စည်းများ သေချာရှင်းလင်းမှုမရှိသည့် ၎င်းတို့၏ မူလနေရပ်သို့ စစ်ကောင်စီက ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
  • ရခိုင်ကဗျာလောကတိုးတက်စေရန်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း "စစ်တွေကဗျာဝိုင်း"အမည်ဖြင့် ကဗျာစကားဝိုင်းတစ်ခုပြုလုပ်သွားမည်ဟု သိရသည်။

ဗီဒီယိုများ