ရသေ့တောင် စစ်ဘေးရှောင်စခန်းတွင် မြန်မာစစ်တပ်က တပ်စွဲနေသည်မှာ တပတ်အထိကြာမြင့်လာ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် မြန်မာစစ်တပ်က လာရောက်တပ်စွဲနေထိုင်နေသည်မှာ တစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံနှင့် စစ်ဘေးရှောင်များထံမှ သိရသည်။

25 Jul 2022

ရသေ့တောင်မြို့ပေါ်မှ စစ်ဘေးရှောင်များ ဘေးလွတ်ရာသို့ တိမ်းရှောင်နေသည်ကို တွေ့ရစဉ်။ Photo- KMK

DMG ၊ ဇူလိုင် ၂၅

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် မြန်မာစစ်တပ်က လာရောက်တပ်စွဲနေထိုင်နေသည်မှာ တစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံနှင့် စစ်ဘေးရှောင်များထံမှ သိရသည်။

မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်သည် ဇူလိုင် ၁၈ ရက်နေ့မှစတင်ကာ အဆိုပါစစ်ဘေးရှောင်စခန်းတွင် လာရောက်တပ်စွဲနေထိုင်နေခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ အဆိုပါဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် နေထိုင်နေဆဲဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသည့် လုံခြုံရေးအရအမည်မဖော်လိုသော ရသေ့တောင်မြို့ခံတစ်ဦးက “ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးကျောင်းစခန်းမှာ စစ်တပ်က တပ်စွဲထားတာတစ်ပတ်လောက်ရှိပြီ။ စစ်ဘေးရှောင်လည်းမနေရဲတော့ အကုန်လုံး ထွက်ပြေးကုန်ပြီ။ ကျောင်းထိုင်ဆရာတော်လည်း တခြားနေရာတစ်ခုမှာ နေနေတယ်။ စစ်ဘေးရှောင်တချို့က မြို့ထဲမှာနေကြတယ်။ တချို့ကလည်း တခြားဆွေမျိုးတွေရှိတဲ့ ရွာတွေကို ထွက်ပြေးသွားကြတာတွေလည်းရှိတယ်”ဟု ဆိုသည်။

လက်ရှိတွင် စစ်သားများက ဘုန်းတော်ကြီးကျောင်းရှေ့နှင့် ကားလမ်းဝဲယာတို့တွင် သဲအိတ်များဖြင့် ဘန်ကာပြုလုပ်ကာ တပ်စွဲထားသည်ကိုတွေ့ရကြောင်း စစ်ဘေးရှောင်များကပြောဆိုသည်။

မြန်မာစစ်တပ်က တပ်စွဲနေထိုင်မှုကြောင့် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ဦးရေ ၄၀ ကျော်မှာ တိမ်းရှောင်နေရပြီး သက်ကြီးရွယ်အိုနှင့် ကလေးများလည်းပါဝင်သည်။

ပြည်လုံးချမ်းသာစစ်ဘေးရှောင်စခန်းမှ ဦးသာထွန်း(အမည်လွှဲ)က စစ်ဘေးရှောင်စခန်းမှ တိမ်းရှောင်နေရ၍ စစ်ဘေးရှောင်များ အခက်အခဲဖြစ်နေရကြောင်းပြောသည်။

“အသက်ကြီးတဲ့ အဘိုး၊အဘွားတွေမှာ နေမကောင်းဖြစ်ရင်လည်း သောက်စရာဆေးမရှိဘူး။ စားသောက်ဖို့ကိုလည်း သူများဆီကပေးမှ စားနေရပါတယ်။ အလကားကျွေးတယ်ဆိုတာလည်း တစ်ရက်၊ နှစ်ရက်လောက်ပဲ ထမင်းကျွေးနိုင်ကြမယ်။ ရက်တွေ အများကြီးကြာလာရင် ဘယ်သူမှ မကျွေးချင်ကြတော့ဘူး။ ဒီထက်ပိုပြီးကြာလာရင်တော့ ကျနော်တို့မှာ ပိုပြီးခက်ခဲသွားမှာပါ”ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်များ စစ်ဘေးရှောင်စခန်းတွင်နေထိုင်နိုင်ရန် တပ်စွဲထားသည့် မြန်မာစစ်တပ်မှ အမြန်ဆုံးထွက်ခွာပေးရန်လည်း တောင်းဆိုကြသည်။

အဆိုပါစခန်းမှ နောက်ထပ်အမည်မဖော်လိုသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးကလည်း “စစ်သားတွေမှာ လက်နက်တွေ အပြည့်နဲ့ဆိုတော့ ကျနော်တို့စိုးရိမ်ရတာပေ့ါ။ ဖမ်းဆီးစစ်ဆေးမှာကိုလည်းစိုးတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်လာမလားဆိုပြီးတော့လည်း အရမ်းစိုးရိမ်တယ်။ ဒါကြောင့် ကျနော်တို့ထွက်ပြေးလာကြတာပါ။ စခန်းမှာ စားနပ်ရိက္ခာတွေကျန်ခဲ့တယ်”ဟု ပြောသည်။

စစ်တပ်မှ ဘုန်းတော်ကြီးကျောင်းနှင့် သာသနိကအဆောက်အဦးများတွင် တပ်စွဲနေထိုင်ခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်းနှင့် ယင်းသို့နေထိုင်ခြင်းမှာ ဒေသခံများကို ပိုမိုစိုးရိမ်မှုဖြစ်စေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတို့က ဝေဖန်ကြသည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက “သာသနာ့မြေနေရာမှာ စစ်တပ်ကနေတယ်ဆိုတာ မဖြစ်သင့်ဘူး။ ရခိုင်ပြည်သူနဲ့ မြန်မာလူထုကလည်း ဒီလိုဖြစ်စဉ်တွေကို လက်ခံကြမှာမဟုတ်ဘူး။သာသနာ့မြေဆိုတာ လွတ်လွတ်လပ်လပ်ရှိနေရမယ်”ဟု ပြောသည်။

မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့ပေါ်ရပ်ကွက်နှင့် အနီးအနားကျေးရွာတချို့ကို လှည့်လည်သွားလာခြင်း၊ ဒေသခံတချို့ကို စစ်ဆေးမှုများရှိနေသည့်အတွက် ရွှေပါရမီ၊ ပညာပါရမီ၊ ပြည်လုံးချမ်းသာ စသည့်မြို့ပေါ်ရပ်ကွက်မှ စစ်ဘေးရှောင်များနှင့် ပြားချောင်းကြီး၊ အလယ်ရွာချေနှင့် ပြင်ခေါင် စသည့်ကျေးရွာများမှ ဒေသခံတချို့မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းတွင် မြန်မာစစ်တပ်မှ တပ်စွဲနေထိုင်နေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံ ဖြေကြားခြင်းမရှိသေးပေ။

ဗီဒီယိုများ