ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင် တိုက်ရိုက်ကုန်သွယ်နိုင်ရန် ကြိုးပမ်းနေ

မြန်မာနိုင်ငံ၊ ရခိုင်ပြည်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယခုနှစ်အတွင်းစတင်ကာ တိုက်ရိုက်ကုန်သွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ကုန်သယ်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (RSCCI) ဥက္ကဋ္ဌဖြစ်သူ ဦးတင်အောင်ဦးက ဆိုသည်။

01 Jul 2022

ဇွန်လ ၁၇ ရက်နေ့က နှစ်နိုင်ငံကုန်သည်များတွေ့ဆုံဆွေးနွေးနေသည်ကိုတွေ့ရစဉ်။ (ကုန်သွယ်မှု လုပ်နေပုံ - Photo – RSCCI)

DMG ၊ ဇူလိုင် ၁

မြန်မာနိုင်ငံ၊ ရခိုင်ပြည်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယခုနှစ်အတွင်းစတင်ကာ တိုက်ရိုက်ကုန်သွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ကုန်သယ်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (RSCCI) ဥက္ကဋ္ဌဖြစ်သူ ဦးတင်အောင်ဦးက ဆိုသည်။

လက်ရှိတွင် စစ်တွေနှင့် မောင်တောမှတစ်ဆင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာမြို့ရှိ နယ်စပ်ကုန်သွ ယ်ရေး စခန်းနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိကြောင်းနှင့် မိမိတို့ အနေဖြင့် စစ်တကောင်းဆိပ်ကမ်းနှင့် တိုက်ရိုက်ကုန်သွယ်နိုင်သည်အထိ ကြိုးပမ်းလျှက်ရှိကြောင်း ၎င်းကဆိုသည်။

“နယ်စပ်ကုန်သွယ်ရေးက ကျတော့ ပမာဏအများကြီးနဲ့ ကုန်သွယ်မယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေဘူး။ နောက်ပြီး အချို့ကုန်တွေက နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့်သွားရင် သူတို့ဘက်က ကုန်သည်တွေအတွက် အခက်အခဲအချို့ရှိတယ်လို့ သိထားရတယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်ရေး ထက်ပိုတဲ့ တိုက်ရိုက်ကုန်သွယ်မှု စနစ်နဲ့ ကုန်သွယ်နိုင်ဖို့ ကြိုးပမ်းနေတာပါ ” ဟု ဦးတင်အောင်ဦးက ရှင်းပြသည်။

ထိုသို့ တိုက်ရိုက်ကုန်သွယ်မှုများပြုလုပ်နိုင်ရန်အတွက် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သည်များနှင့် ရခိုင်မှ ကုန်သည်များတို့အကြား စစ်တွေမြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ ကြောင်း ၎င်းကဆိုသည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးကိုယ်တိုင် လာရောက်ခဲ့ပြီး တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သည်များနှင့် ရခိုင်မှ ကုန်သည်များက အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်းကိုလည်း ဦးတင်အောင်ဦးကပြောသည်။

“သံအမတ်ကြီးရှင်းပြချက်အ ရဆိုရင် ၂၀၀၇ - ၂၀၀၈ ခုနှစ်လောက်ကတည်းက နှစ်နိုင်ငံ ကမ်းရိုးတန်း ကုန်တင်သင်္ဘောလိုင်း ပြေးဆွဲဖို့အတွက် သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်တယ်လို့သိရတယ်။ ဒါကိုသာ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ တိုက်ရိုက်ကုန်သွယ်မှု စတင်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အကောင်အထည်ဖော်နိုင်ဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ကြိုးစားနေပါတယ် ” ဟု ၎င်းကရှင်းပြသည်။

လက်ရှိတွင် ရခိုင်နှင့် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကုန်သွယ်နေသည်မှာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတစ်ခုတည်းသာရှိနေပြီး ထဲအထဲတွင် ကုန်အများအပြား မတင်ပို့နိုင်သေးသည့်အတွက် ယခုကဲ့သို့ တိုက်ရိုက်ကုန်သွယ်မှုပြုလုပ်နိုင်မည်ဆိုပါက ရခိုင်ပြည်နယ် အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ များစွာ အကျိုးရှိနိုင်မည်ဖြစ်ကြောင်းလည်း ကုန်သည်တစ်ဦးဖြစ်သူ ဦးအောင်အောင်က ပြောသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်က ဆန်စပါးထွက်တဲ့ ပြည်နယ်တစ်ခု ဖြစ်တယ်။ အရင်တုန်းကဆိုရင် ဆန်ကို သူတို့ဘက်က မလိုချင်ဘူးလို့ ပြောပေမယ့်မယ့် အခုဆိုရင် ကျွန်တော်တို့ဆီက ဆန်တွေကိုလည်း စိတ်ဝင်စား တယ်ဆိုပြီး ပြောလာတာတွေရှိနေပြီ ဖြစ်တယ်။ တကယ်လို့ တိုက်ရိုက်သာ တင်ပို့နိုင်ခဲ့မယ်ဆိုရင်တော့ အကျိုးအမြတ်ရှိ မယ့်ကိစ္စပါပဲ ” ဟု သူကဆိုသည်။

ယခုကဲ့သို့ တိုက်ရိုက်ကုန်သွယ်မှုလုပ်ဆောင်လာနိုင်မည်ဆိုပါက ရခိုင်ပြည်သူများအနေဖြင့် အချို့သော ကုန်များကို စရိတ်သက်သက်သာသာဖြင့် ဝယ်ယူနိုင်မည်သကဲ့သို့ ကုန်သွယ်မှုအနေဖြင့်လည်း အတိုင်းအတာတစ်ခုအထိ မြန်ဆန်စွာဖွံ့ဖြိုးလာနိုင်ကြောင်း ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက သုံးသပ်ပြောဆိုသည်။

“လက်ရှိမှာက နယ်စပ်ကုန်သွယ်ရေးပဲရှိတယ်။ဒါက ကုန်သွယ်မှုမြန်ဆန်မှုမရှိသလို လိုအပ်တဲ့ကုန်တွေကို လိုအပ်သလောက် တင်ပို့နိုင်တဲ့အနေအထားမှာရှိမနေဘူး။ အများကြီးလိုအပ်ချက်တွေရှိနေသေးတယ်။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကလည်း တိုက်ရိုက်ကုန်သွယ်မှုလုပ်နိုင်အောင် အမြန်ဆုံး ဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ် ” ဟု သူကရှင်းပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်နေသည်မှာ နိုင်ငံကုန်သွယ်မှုတန်ဖိုး၏ ၀ ဒဿမ ၃၃ ရာခိုင်နှုန်းခန့်သာရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်ကုန်သည်များမှ ကောက်ယူထားသည့် စာရင်း အချက်အလက်များအရသိရသည်။

ဗီဒီယိုများ