ဘူးသီးတောင်မြို့ရှိ စက်မှုလက်မှုသိပ္ပံကျောင်းကို အမြန်ဆုံးဖွင့်လှစ်ပေးရန် ဒေသခံများလိုလား

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ နန်းရာကုန်း ကူတို့ဆိပ်ကျေးရွာအနီးတွင် တည်ဆောက်ထားသည့် စက်မှုလက်မှုသိပ္ပံကျောင်းကို ဒေသဖွံ့ဖြိုးရေးအတွက် အမြန်ဆုံးဖွင့်လှစ်ပေးရန် ဒေသခံများက လိုလားနေကြသည်။

19 Jul 2022

ဘူးသီတောင်မြို့ရှိ စက်မှုလက်မှုသိပ္ပံကျောင်းကို တွေ့ရစဉ်။ Photo - CJ

DMG ၊ ဇူလိုင် ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ နန်းရာကုန်း ကူတို့ဆိပ်ကျေးရွာအနီးတွင် တည်ဆောက်ထားသည့် စက်မှုလက်မှုသိပ္ပံကျောင်းကို ဒေသဖွံ့ဖြိုးရေးအတွက် အမြန်ဆုံးဖွင့်လှစ်ပေးရန် ဒေသခံများက လိုလားနေကြသည်။

အဆိုပါ စက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ်ပြီးစီးပါက ဒေသအတွင်း စည်ကားဖွံ့ဖြိုးလာမည်ဖြစ်ပြီး လူငယ်များအတွက်လည်း ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သောကြောင့် အမြန်ဆုံးဖွင့်လှစ်ပေးစေလိုကြောင်း ဘူးသီတောင်မြို့ခံ ကိုအောင်မင်းသူက DMG ကို ပြောသည်။

“ဒီကျောင်းဖွင့်ပြီးသွားရင် မြို့ကအတိုင်းအတာတစ်ခုထိ စည်ကားလာပြီး ဒေသခံတွေလည်း အလုပ်အကိုင်လေးတွေ ရလာမှာဖြစ်တယ်။ အဓိကလူငယ်တွေ ပညာရေးအခွင့်အလမ်း ရှိလာမှာဖြစ်တဲ့အတွက် အမြန်ဆုံးဖွင့်လှစ်ဖို့ တောင်းဆိုချင်တယ်”ဟု ကိုအောင်မင်းသူကပြောသည်။

အဆိုပါ စက်မှုလက်မှုသိပ္ပံကျောင်းကို ပြီးခဲ့သည့် NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် ပြီးစီးခဲ့သော်လည်း လက်ရှိတွင် ရပ်နားထားခြင်းကိုတွေ့ရကြောင်းလည်း ဒေသခံများကဆိုသည်။

ယင်းကြောင့် အဆောက်အအုံတချို့ ပြီးစီးမှုရှိနေပြီဖြစ်သော်လည်း ကျောင်းဖွင့်လှစ်ရေးအတွက် ဆက်လက်အကောင်ထည်မဖော်ဘဲ ရပ်နားထားခြင်းမှာ ဒေသဖွံ့ဖြိုးရေးအကျိုးကို လျစ်လျူှရှုထားခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ဝေဖန်သည်။

“ကျောင်းက ၂၀၂၀ ခုနှစ်မှာကတည်းက ပြီးသင့်သလောက် ရှိနေခဲ့ပြီ။ ဒါကိုရပ်နားထားခဲ့ကြတာ။ ဆက်ပြီး အကောင်အထည်ဖော်ရမှာက အစိုးရမှာ တာဝန်ရှိတဲ့အတွက်ကြောင့်မို့ ဒါဟာ ဒီဒေသကလူတွေကို ခွဲခြားဆက်ဆံထားတာပဲဖြစ်တယ်”ဟု ဦးအောင်သောင်းရွှေက ပြောသည်။

ထို့အပြင် ရခိုင်တွင် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ကုန်သွယ်စီးဆင်းရေး စသည့်အခြေခံအချက်များကိုလည်း အာဏာပိုင်များက ပိတ်ပင်ထားခြင်းများမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဟုလည်း ဦးအောင်သောင်းရွှေက ဆက်ပြောသည်။

“ရခိုင်မှာ ပညာရေးကိုမပြောနဲ့ ကုန်သွယ်စီးဆင်းရေးနဲ့ အခြား အခွင့်အလမ်းတွေကိုပါ ပိတ်ပင်နေတာ။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်။ တောင်းဆိုရင်လည်းရမှာမဟုတ်ဘူး။ ဟန်ပြလုပ်တာပဲရှိမယ်”ဟု ဦးအောင်သောင်းရွှေကပြောသည်။

ထိုသို့ စက်မှုလက်မှုသိပ္ပံကျောင်း အမြန်ဆုံးဖွင့်ပေးဖို့ ဒေသခံများ တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကို DMG က ဆက်သွယ်ခဲ့ရာတွင် “ကျောင်းဆောင် ပင်မအဆောက်အုံက ပြီးထားပါပြီ။ ဖွင့်လှစ်ဖို့ဆိုတာကတော့ ဆရာမအဆောင်တွေနဲ့ ကျောင်းသားအဆောင်တွေက မပြီးသေးတဲ့အပိုင်းတွေရှိတယ်။ ဒီနှစ်မှထပ်ပြီး ဘတ်ဂျတ်ကျတယ်လို့ပြောသံကြားတယ်။ ကျနော့်ဆီကိုတော့ မရောက်သေးတဲ့ အတွက် တိတိကျကျမပြောနိုင်သေးဘူး”ဟု ဦးကျန်အေးကပြောသည်။

ရခိုင်တွင် စက်မှုလက်မှုသိပ္ပံကျောင်းများကို ကျောက်ဖြူ၊ သံတွဲမြို့တို့တွင် ဖွင့်လှစ်ထားပြီး လက်ရှိတွင် တောင်ကုတ်မြို့တွင်လည်း စက်မှုလက်မှုသိပ္ပံကျောင်းတစ်ကျောင်း တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ