စစ်တွေက အသတ်ခံရသည့် မိန်းကလေးငယ်အမှုကို တရားခံဖော်ထုတ်ပေးရန် ကမ်ပိန်းပြုလုပ်

စစ်တြေမြို့၊ အစိုးရရုံးအနီးတြင် အသတ္ခံရသည့်အမိုးသမီးငယ်အမှုမွ တရားခံကိုဖ္ထောုတ်ပေးရန် ယေန့(သြဂုတ္လ ၂၅ ရက်)တြင် စာရက္ကြပ် ကမ္ပိန်းတစ္ခုကိုျပုလုပ္ခဲ့ကြသည်။

25 Aug 2022

စစ်တွေမြို့မှ အသတ်ခံရပြီးသေဆုံးသွားသည့် မိန်းမကလေးအမှုကို တရားခံဖော်ထုတ်ပေးရန် ကမ်ပိန်းပြုလုပ်ထားသည်ကို တွေ့ရစဉ်။


DMG ၊ သြဂုတ်လ ၂၅

စစ်တွေမြို့၊ အစိုးရရုံးအနီးတွင် အသတ်ခံရသည့်အမျိုးသမီးငယ်အမှုမှ တရားခံကိုဖော်ထုတ်ပေးရန် ယနေ့(သြဂုတ်လ ၂၅ ရက်)တွင် စာရွက်ကပ် ကမ်ပိန်းတစ်ခုကိုပြုလုပ်ခဲ့ကြသည်။

အဆိုပါစာရွက်ကပ် ကမ်ပိန်းတွင် “မတရားမှုဟာ ဒီနေ့အချိန်ခါ ကိုယ်နဲ့မဆိုင်ဆိုရင် မနက်ဖြန် ကိုယ့်အိမ်တံခါးကို ဆိုက်ဆိုက်မြိုက်မြိုက်လာခေါက်လိမ့်မယ်။ အဲဒီအချိန်ခါ ကိုယ်နဲ့မဆိုင်ဆိုလို့ မရတော့ဘူး” စသည့်စာသားများ ရေးသားပါရှိသည်။

ယင်းအပြင် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က သေဆုံးသွားသော အမျိုးသမီးငယ်ကို သတ်ဖြတ်သွားသည့်တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးရန်လည်း ကမ်ပိန်းပြုလုပ်သူများက တောင်းဆိုထားသည်။

ထိုကမ်ပိန်းကို မည်သည့်အဖွဲ့မှလုပ်ဆောင်သည်ကို မသိရှိရဘဲ သေဆုံးသွားသော အမျိုးသမီးငယ်ပုံနှင့်အတူ အထက်ပါအကြောင်းအရာများပါရှိသည့် စာရွက်များကို စစ်တွေမြို့က လမ်းမကြီးနှင့် မင်းဗာကြီးလမ်းရှိ ဓာတ်တိုင်များ၌ ကပ်ထားသည်ကို DMG မှ တွေ့မြင်ခဲ့ရသည်။

ယခုကဲ့သို့ပြုလုပ်ခြင်းမှာ လုပ်သင့်သည့်ကိစ္စတစ်ခုဖြစ်သည်ဟု ရခိုင်အမျိုးသမီးကွန်ရက်မှ အတွင်းရေးမှူး မစောမြသန္တာက မှတ်ချက်ပြုသည်။

“အမှုတစ်ခုက တရားခံမပေါ်ပေါက်ခဲ့ရင် တရားလိုမိသားစုကလည်း ဘာမှမလုပ်တတ်ဘူး။ အသိအမြင်လည်းမရှိ၊ ဗဟုသုတလည်းမရှိဆိုရင် ရဲက တရားလိုလုပ်ပြီးတရားစွဲလို့ရတယ်။ လုပ်ပေးလား၊ မလုပ်ပေးလားဆိုတာကတော့ လုပ်ပေးတယ် မထိရောက်ဘူး။ ဒါက ထိုင်ပြီးငြိမ်နေရမယ့်အချိန် မဟုတ်တော့ဘူး။ အကုန်လုံးက ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်ရမယ့်အချိန်ဖြစ်နေပြီ”ဟု မစောမြသန္တာကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က စစ်တွေမြို့၊ အစိုးရရုံးအနီးရှိ ပစ္စည်းအရောင်းဆိုင်တစ်ခုမှ ဝန်ထမ်းအဖြစ်လုပ်ကိုင်နေသည့် မိန်းကလေးငယ်တစ်ဦး ဓားထိုးဒဏ်ရာများဖြင့် အသတ်ခံခဲ့ပြီး သေဆုံးခဲ့သည်။

စစ်တွေမြို့အတွင်း ယခုကဲ့သို့ မှုခင်းဖြစ်စဉ်များဖြစ်ပွားနေခြင်းသည် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားညံ့ဖျင်းမှုကြောင့်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဆန်းပြောသည်။

“အခုအခြေအနေက တော်တော်လည်း စိုးရိမ်ကြောက်လန့်စရာဖြစ်နေပြီ။ စစ်တွေမြို့ဆိုတာက အစိုးရရုံးစိုက်တဲ့ မြို့ဖြစ်တယ်ပေါ့။ အဲဒီမြို့မှာ အခုလိုအကြောင်းဖြစ်တယ်ဆိုတာက အစိုးရရဲ့အုပ်ချုပ်ရေးယန္တရား ညံ့ဖျင်းမှုလို့ ယူဆသတ်မှတ်တယ်။ အဲဒီအမျိုးသမီးငယ် သေဆုံးမှုအတွက်လည်း တရားမျှတမှုရရှိဖို့နဲ့ ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်ပေးဖို့လည်း ကျွန်တော်တို့တောင်းဆိုတယ်”ဟု ကိုအောင်ဆန်းကပြောသည်။

အဆိုပါသေဆုံးသွားသည့် အမျိုးသမီးငယ်နှင့် ဆက်စပ်သူများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က စစ်ဆေးနေသလို ရက္ခိုင့်တပ်တော်(AA)ကလည်း စုံစမ်းစစ်ဆေးနေသော်လည်း ယနေ့အချိန်ထိ ကျူးလွန်သူအမှန်ကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

ရခိုင်ပြည်အတွင်း ယခုကဲ့သို့ ပြစ်မှုကျူးလွန်ခြင်းများနှင့်ပတ်သက်၍ ဖော်ထုတ်အရေးယူမှုအပိုင်းတွင် စစ်ကောင်စီက အာရုံစိုက်မှုနည်းပါးနေသည်ကို တွေ့မြင်ရကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ဒီကိစ္စတွေက တစ်ဘက်ကတော့(ULA/AA) ဂရုတစိုက်နဲ့လုပ်ပေမယ့် စစ်ကောင်စီဘက်က တာဝန်ရှိတဲ့လူတွေက နည်းနည်းဂရုစိုက်မှုမရှိဘူး။ အဲဒီလိုပုံစံမျိုးဆိုတော့ ဒုစရိုက်ကျူးလွန်သူတွေကတော့ အမြဲတမ်းကျူးလွန်ဖို့ ကြိုးစားနေတဲ့သဘောမျိုးဖြစ်နေတယ်”ဟု ဦးမြတ်ထွန်းကပြောသည်။

ရခိုင်က မြို့တချို့တွင် ယခုနောက်ပိုင်း ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှု စသည့်အမှုအခင်းများ ခပ်စိပ်စိပ်ဖြစ်ပွားလာသည်ကို ကြားသိနေရသည်။ ၂၀၂၂ ခုနှစ်အစောပိုင်းမှ ယခုအချိန်ထိ စစ်တွေမြို့တွင် ဓားထိုးခံရပြီးသေဆုံးသည့် ရုပ်အလောင်း ၁၀ ကျော်အထိရှိကြောင်း လူမှုကူညီရေးအသင်းအဖွဲ့များ၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ