စစ်ကောင်စီက ပြင်ဆင်သတ်မှတ်လိုက်သည့်ဒေါ်လာဈေးကြောင့် ပြည်ပသွင်းကုန်များ ဈေးတက်လာနိုင်

စစ်ကောင်စီမှ အသစ်ပြင်ဆင်သတ်မှတ်လိုက်သည့် ဒေါ်လာဈေးကြောင့် ပြည်ပမှသွင်းရသည့် ကုန်ပစ္စည်းဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြပြောဆိုကြသည်။

06 Aug 2022

Photo Crd- iMyanmarHouse.com

DMG ၊ သြဂုတ် ၆

စစ်ကောင်စီမှ အသစ်ပြင်ဆင်သတ်မှတ်လိုက်သည့် ဒေါ်လာဈေးကြောင့် ပြည်ပမှသွင်းရသည့် ကုန်ပစ္စည်းဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြပြောဆိုကြသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေ အမေရိကန်တစ်ဒေါ်လာလျှင် ယခင်က ၁၈၅၀ ကျပ်နှုန်းဖြင့်လဲလှယ်ရန် ညွှန်ကြားခဲ့သော်လည်း သြဂုတ်လ ၅ ရက်နေ့မှစတင်ကာ အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် လဲလှယ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ပြောင်းလဲသတ်မှတ်လိုက်သည့် ဒေါ်လာဈေးကြောင့် မြန်မာနိုင်ငံသို့ ပြည်ပမှတင်သွင်းနေသည့် သွင်းကုန်များမှာ ဈေးနှုန်းမြင့်တက်လာနိုင်ပြီး ပြင်ပဒေါ်လာပေါက်ဈေးမှာလည်း ယခုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးတင်အောင်ဦးက “ဒီလို တိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက် ပို့ကုန်သမားတွေမှာတော့ နည်းနည်းအဆင်ပြေနိုင်တယ်။ ဒါပေမယ့် သွင်းကုန်တွေဖြစ်တဲ့ ဆီနဲ့ အခြားဆေးဝါးတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေကတော့ ဈေးတွေမြင့်တက်လာနိုင်ပါတယ်”ဟု ပြောသည်။

ထိုသို့ ဈေးနှုန်းမြင့်တက်မှုများကို လာမည့်အပတ်မှစတင်ကြုံတွေ့နိုင်ပြီး ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်လိုက်သည့် လုပ်ရပ်များမှာ မြေပြင်အခြေအနေကို ပြောင်းလဲနိုင်ခြင်းရှိ၊ မရှိကိုမူ ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီအနေဖြင့် ဒေါ်လာငွေများကို ထိန်းချုပ်ရာတွင် ထိန်းချုပ်မရလွန်းသည့် အခြေအနေကြောင့် ယခုကဲ့သို့ တစ်ဆင့်ခံဖြေလျှော့လိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရခိုင်မှ ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

“သူတို့ကတော့ ဒေါ်လာတွေကိုထိန်းချုပ်ဖို့အတွက် လုပ်လိုက်တာပဲ။ ဒါပေမယ့်ဒါက လူထုကိုပါ သတ်လိုက်တဲ့သဘောဖြစ်နေတယ်။ ဒီဒေါ်လာဈေးတွေတက်လာတာနဲ့ ကုန်ဈေးနှုန်းတွေလည်းတက်လာမယ်။ ကုန်ဈေးနှုန်းတက်လာတာနဲ့ လူထုရဲ့ ဘဝရပ်တည်ရေးတွေဟာလည်း ခက်ခဲလာမယ်။ ဒါကြောင့် အခုလိုလုပ်လိုက်တာက ပြည်သူတွေကိုသတ်လိုက်တာလို့ပြောလို့ရတယ်”ဟု ၎င်းကရှင်းပြသည်။

လက်ရှိတွင် အခြေခံစားသောက်ကုန်များအားလုံးနီးပါး ဈေးမြင့်တက်လျှက်ရှိနေပြီး ယခုထက်ပိုမိုမြင့်တက်လာမည်ဆိုပါက စားဝတ်နေရေးအတွက် များစွာအခက်အခဲဖြစ်လာနိုင်ကြောင်း စစ်တွေမြိုကမှ ကွမ်းယာဆိုင်ရောင်းချနေသူ မသိန်းသိန်းအေးကဆိုသည်။

“အခုတောင် ကုန်ဈေးနှုန်းတွေတက်လွန်းလို့ စားဝတ်နေရေးအတွက် အလျှင်မီအောင် လုပ်နေကြရတာ။ ဈေးတွေသာ ဒီထက်ပိုတက်လာမယ်ဆိုရင် ကျွန်မတို့ ဘယ်လိုလုပ်ကိုင်စားသောက်ရတော့မလဲ”ဟု ၎င်းက မေးခွန်းထုတ်သည်။

ယခုကဲ့သို့ဖြစ်လာခြင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုနှင့် လွဲမှားသော စီမံမှုများကြောင့်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြသည်။

“အာဏာသိမ်းထားတဲ့ စစ်ကောင်စီက အခြေခံဥပဒေကို မလိုက်နာပဲ အာဏာသိမ်းတယ်။ ဒီတော့ ဘဏ္ဍာရေးပေါ်လစီနဲ့ စီးပွားရေးမူဝါဒတွေကို နိုင်ငံတကာကနေပြီး ပိတ်ဆို့ဖြတ်တောက်တယ်။ ဒီတော့ သူကလည်း ပြည်သူကိုထောက်ထားမှုမရှိပဲ လုပ်ချင်တာလုပ်တယ်။ အခုလို ဖောက်ပြန်မှားယွင်းတဲ့ မူဝါဒတေတွကြောင့် ပြည်သူတွေမှာ စီးပွားရေးပြိုကွဲမှုဒဏ်တွေကို ခံနေကြရတာပါ”ဟု ၎င်းကပြောသည်။

ယခုအကြပ်အတည်းကို ကျော်လွှားလိုပါက နိုင်ငံတော်အာဏာကိုသိမ်းယူထားသည့် စစ်ကောင်စီအနေဖြင့် နိုင်ငံတော်အာဏာကို ပြန်လည်လွှဲအပ်ရန်လိုအပ်ပြီး ထိုသို့မလုပ်ဆောင်ပါက အခြေခံပြည်သူများမှာ ဆက်လက်နစ်နာနေရမည်သာဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးသည့်နောက်ပိုင်း ရွှေဈေး၊ ဒေါ်လာဈေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ စံချိန်တင် မြင့်တက်မှုများရှိလာနေသည်။

ဗီဒီယိုများ