- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမ်းမြို့နယ် ခမောင်းတော ပရဟိတစာသင်ကျောင်းတွင် အကူအညီများလိုအပ်နေ
အမ်းမြို့နယ် ခမောင်းတောကျေးရွာရှိ ပရဟိတပညာဒါနကျောင်းတွင် ကျောင်းသား/သူများ စားဝတ်နေရေးစရိတ်နှင့် ဆရာမများကိုလစာပေးရန် ငွေကြေးမလုံမလောက်ဖြစ်နေသဖြင့် အလှူငွေများလိုအပ်နေကြောင်း သိရသည်။
19 Jul 2022

DMG ၊ ဇူလိုင် ၁၉
အမ်းမြို့နယ် ခမောင်းတောကျေးရွာရှိ ပရဟိတပညာဒါနကျောင်းတွင် ကျောင်းသား/သူများ စားဝတ်နေရေးစရိတ်နှင့် ဆရာမများကိုလစာပေးရန် ငွေကြေးမလုံမလောက်ဖြစ်နေသဖြင့် အလှူငွေများလိုအပ်နေကြောင်း သိရသည်။
အဆိုပါကျောင်းကို ခမောင်းတောကျောင်းထိုင်ဆရာတော် ဦးဩဘာသမှ ဦးဆောင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဒေသအတွင်းက ဆင်းရဲသည့် ကျောင်းသား၊ကျောင်းသူများကို ပညာတတ်ဖြစ်စေနိုင်ရေးအတွက် စီစဉ်ထားခြင်းလည်းဖြစ်သည်။
လက်ရှိတွင် ကျောင်းသား/သူ ၂၅ ဦးနှင့် ဆရာမ ၄ ဦးရှိကာ လစဉ်ကုန်ကျစရိတ်(၁၀)သိန်းနီးပါးရှိပြီး ရေရှည်ရပ်တည်နိုင်ရေး အတွက် ငွေကြေးအခက်အခဲရှိနေကြောင်း ဆရာတော်က DMG ကို မိန့်ကြားသည်။
“ဆရာမ ၄ ယောက်မှာ ၃ ယောက်က လစာပေးပြီးခန့်ထားတယ်။ တစ်လကို လေးသိန်းခွဲပေါ့။ ကျောင်းသားတွေအတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ စားစရိတ်တွေပေါင်းရင် တစ်လကို (၁၀)သိန်း ဝန်းကျင်ရှိတယ်၊ ဒီကုန်ကျစရိတ်တွေကို မဖြည့်ပေးနိုင်ရင် ဒီက ကလေးတွေရဲ့ပညာရေး အနာဂတ်အတွက် စိုးရိမ်စရာရှိတယ်”ဟု ဆရာတော် ဦးသြဘာသကမိန့်သည်။
အဆိုပါကျောင်းတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ကျောင်းသူများကိုသာ အဓိက သင်ကြားနေခြင်းဖြစ်ပြီး မဲလက်မောင်း အ.ထ.က(ခွဲ)ကျောင်းမှ တွဲဖက်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပရဟိတကျောင်းကို ယခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မူလကကျောင်းတွင် ကိုရင်များကိုသင်ကြားပေးရန် ရည်ရွယ်ခဲ့သော်လည်း ဆင်းရဲနွမ်းပါးသည့်ပြင်ပမိဘများက ကျောင်းအပ်နှံလာသည်ကို မငြင်းလွှတ်ရဲသည့်အတွက် ယခုကဲ့သို့ ကျောင်းသားအရေအတွက် များလာခြင်းဖြစ်ကြောင်း ဆရာတော်ကဆက်လက်မိန့်ကြားသည်။
“ဒီရွာမှာက မူလတန်းကျောင်းပဲရှိတယ်။ အလယ်တန်းတက်လို့ရတဲ့နေရာနဲ့က ဆိုင်ကယ်ခရီးဆို သုံးနာရီလောက်စီးရတယ်။ သွားထားရင်လည်း စားစရိတ်၊ နေစရိတ်အတွက် မတတ်နိုင်ရှာကြဘူး။ ဒါကြောင့် ကလေးတွေ ကျောင်းဆက်မတက်နိုင်တာတွေမရှိရအောင် မဲလက်မောင်းထ(ခွဲ)ကျောင်းနဲ့ ညှိနှိုင်းပြီး ဒီကျောင်းကိုဖွင့်လိုက်ရတာပါ”ဟု ဆရာတော်ကမိန့်ကြားသည်။
အဆိုပါကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသူ၊ကျောင်းသားများမှာ အခက်အခဲများကြားမှ အမှန်တကယ် ပညာရေးကိုလိုလားကာ လာရောက်သင်ယူနေကြသူများဖြစ်သဖြင့် ဒေသအတွင်းက ပရဟိတအဖွဲ့အစည်း၊ အလှူရှင်တို့ကလည်း အကူအညီများ ပံ့ပိုးပေးစေလိုကြောင်း ၎င်းကျောင်းတွင် အခမဲ့စာသင်ပြပေး နေသည့် စေတနာ့ဝန်ထမ်းဆရာမဖြစ်သူ မမီးမီးကပြောသည်။
“သူတို့ရဲ့အနာဂတ်အတွက် တတ်နိုင်သလောက် ပံ့ပိုးပေးကြစေချင်တယ်။ သူတို့မိဘတွေခမျှာလည်း အမှန်တကယ် ငွေကြေးမပြေလည်နိုင်လိုမို့သာ ဒီကိုအားကိုပြီး လာအပ်ကြတာဖြစ်တဲ့အတွက် ကျောင်းသားတွေကို အဆင်ပြေစေချင်တယ်”ဟု မမီးမီးကပြောသည်။
အဆိုပါ ပရဟိတပညာဒါနကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများမှာ အမ်းမြို့နယ် ဝဲချောင်းကျေးရွာနှင့် မင်းတင်ကျေးရွာကဖြစ်ပြီး ၇ တန်း၊ ၈ တန်း၊ ၁၀ တန်း စသည့် ကျောင်းသားများဖြစ်ကြောင်းလည်း သိရသည်။