ကျောက်တော်နှင့် မောင်တောတို့တွင် နေအိမ်များဖောက်ထွင်းခံရ

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနှင့် မောင်တောမြို့တို့တွင် ယနေ့(သြဂုတ်လ ၁၇ ရက်)တွင် နေအိမ်များဖောက်ထွင်းခံရကာ ရွှေငွေများခိုးယူခံရခြင်း၊ အိမ်ပိုင်ရှင်များ တိုက်ခိုက်ခံရခြင်းတို့ဖြစ်ပွားခဲ့သည်။

17 Aug 2022

DMG ၊ သြဂုတ် ၁၇

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနှင့် မောင်တောမြို့တို့တွင် ယနေ့(သြဂုတ်လ ၁၇ ရက်)တွင် နေအိမ်များဖောက်ထွင်းခံရကာ ရွှေငွေများခိုးယူခံရခြင်း၊ အိမ်ပိုင်ရှင်များ တိုက်ခိုက်ခံရခြင်းတို့ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၁၇ ရက်နေ့၊ နံနက် ၂ နာရီခန့်တွင် အပေါက်ဝကျေးရွာ၊ ချောင်းဝရပ်ကွက်ရှိ ဒေါ်ချိုချို၏နေအိမ် ဖောက်ထွင်းခံလိုက်ရပြီး ရွှေ ၁၀ ကျပ်သားနှင့် ငွေကျပ်သိန်း ၁၀၀ ခန့် အခိုးခံလိုက်ရသည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။

ဒေါ်ချိုချိုသည် မိခင်၏နာရေးသို့သွားရောက်ပြီး နေအိမ်သို့ပြန်လာစဉ်တွင် ရွှေနှင့်ငွေများထည့်ထားသည့် သေတ္တာနှစ်လုံးပွင့်လျက်အနေအထား တွေ့ရှိရပြီးနောက် ရွှေ၊ငွေများအခိုးခံလိုက်ရသည်ကို သိရှိခဲ့ခြင်းဟု ၎င်းကဆက်လက်ပြောသည်။

“သူ့အမေက ညည့် ၁ နာရီ ၂၀ လောက်မှာဆုံးတယ်။ သူက သူ့သမီးငယ်ကိုခေါ်ပြီး နာရေးကိုသွားခဲ့တယ်။ ည ၂ နာရီလောက်သူသွားပြီး အိမ်ပြန်ရောက်လို့ အိမ်ပေါ်တက်တာနဲ့ သေတ္တာ ၂ လုံးက အပွင့်၊ ဘာတစ်ခုမှမကျန်ခဲ့ဘူး။ အားလုံးပါသွားပြီ”ဟု အထက်ပါ မိသားစုဝင်ကပြောသည်။

အဆိုပါနေအိမ်တွင် ၈ နှစ်အရွယ် သမီးငယ်ဖြစ်သူနှင့် ဒေါ်ချိုချိုတို့ နှစ်ဦးတည်းနေထိုင်ကြခြင်းဖြစ်ပြီး နှစ်ဦးစလုံး နာရေးသို့သွားရောက်ခဲ့စဉ် နေအိမ်၌ မည်သူမျှအိမ်စောင့်မကျန်ရှိခဲ့ပေ။

အလားတူ မောင်တောမြို့၊ မြို့ဦးဘုန်းကြီးကျောင်းအနီးတွင်ရှိသည့် နေအိမ်တစ်လုံးကိုလည်း ယနေ့နံနက် ၁ နာရီအချိန်ခန့်တွင် လက်နက်ကိုင်ဆောင်ထားသူများ ဝင်ရောက်လာပြီး မိန်းမဖြစ်သူကို ဓားဖြင့်နှစ်ချက်ထိုးကာ ပစ္စည်းများယူဆောင်သွားသည်ဟု ခင်ပွန်းဖြစ်သူ ဦးခင်မောင်လွင်ကပြောသည်။

“ပစ္စည်းတွေကတော့ ၂၅ သိန်းလောက်တော့ ပါသွားတယ်တဲ့။ ဘယ်ဘက်အောက်ဝမ်းဗိုက်နားမှာ ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်လက်မောင်းနားမှာ ဒဏ်ရာတစ်ချက် ရပါတယ်။ သူကဆေးရုံမှာပါ။ သက်သာပါတယ်။ ဓားဒဏ်ရာကတော့ အထဲကိုမရောက်လိုက်လို့ ခံသာသွားတာ။ ရဲစခန်းမှာတော့ တိုင်ချက်ဖွင့်ထားတယ်။ အသေးစိတ်အချက်အလက်တွေကို ကျွန်တော့်မိန်းမ ကောင်းကောင်းမွန်မွန် နေပြန်ကောင်းလာမှသိရပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်ရှိ မြို့နယ်များတွင် ခိုးဆိုးလုနှိုက်၊ ဓားပြတိုက်မှုများမှာ နေ့စဉ်နေ့တိုင်းဆိုသလိုဖြစ်လာနေပြီး တရားဥပဒေစိုးမိုးရေးအပေါ် ဒေသခံပြည်သူများက ပြင်းထန်စွာဝေဖန်နေကြသည်။

ဗီဒီယိုများ