- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကျောက်တော်မြို့မရဲစခန်းမှူး လုပ်ကြံခံရပြီး သေဆုံး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် သြဂုတ် ၁၂ ရက်နေ့ ည ၇ နာရီကျော်အချိန်က သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
13 Aug 2020
နှင်းနွယ် | DMG
သြဂုတ် ၁၃ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် သြဂုတ် ၁၂ ရက်နေ့ ည ၇ နာရီကျော်အချိန်က သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောက်တော်မြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းနိုင်ဦးမှာ ဦးခေါင်းကျည်ထိ ဒဏ်ရာ၊ ကျောကုန်း ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့သည်ဟုကြားသိရကြောင်း အမည်မဖော်လိုသည့် ကျောက်တော် မြို့ခံတစ်ဦးက ပြောသည်။
ယမန်နေ့က ကျောက်တော်မြို့မရဲစခန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကြားရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက်နေကြစဉ် ယင်းသို့ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟုလည်း အဆိုပါဒေသခံက ပြောသည်။
“ကျွန်တော်တို့ စုံစမ်းသိရှိသလောက်ကတော့ ရဲစခန်းကလူတွေက အဲဒီလက်ဖက်ဆိုင်မှာ နေ့တိုင်းသောက် နေကျ။ မနေ့ကတော့ စခန်းမှူးနဲ့အတူ ဒုရဲအုပ်တွေပါ လက်ဖက်ရည်သောက်နေတဲ့အချိန်မှာ လူတစ်စုက ရောက်လာပြီးတော့ စကားများကြတယ်။ ပြီးတော့ အချင်းချင်းပစ်ခတ်မှုဖြစ်ကြပြီး စခန်းမှူးက ကျည်ထိ သွားတာ”ဟု ၎င်းကဆိုသည်။
အခင်းဖြစ်ပွားရာနေရာမှ သေနတ်ပစ်သံအချက် (၁၀)ကျော်ခန့် ထွက်ပေါ်ခဲ့ကြောင်း မြို့ခံများကပြောဆို ကြသည်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ယမန်နေ့ကပစ်ခတ်သံများကို ကြားခဲ့ရပြီးနောက် ယခုကဲ့သို့ စခန်းမှူးကျည်ထိဒဏ်ရာဖြင့် သေဆုံးသွားသည်ဟု ကြားသိရကြောင်း ပြောသည်။
“မနေ့က ၇ နာရီခွဲဝန်းကျင်လောက်မှာ ရဲစခန်းဘက်က ပစ်ခတ်သံတွေကြားရတယ်။ ဘာတွေဖြစ်မှန်းတော့ မသိ သေးဘူး။ မနက်မိုးလင်းမှ စခန်းမှူးသေတယ်ဆိုပြီး ဒေသခံတွေဆီက သတင်းကြားရတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ကျောက်တော်မြို့မရဲစခန်းသို့ DMG က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ရဲတပ်ကြပ်ကြီးတစ်ဦးက ဖြစ်စဉ်အားအသေးစိတ် မသိရှိရသေးသဖြင့် တစ်စုံတစ်ရာ ပြောဆို၍မရသေးဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း ကျောက်တော်မြို့မရဲစခန်းမှ ရဲအုပ်အောင်မင်းဇော်မှာ ဓားထိုးခံရ၍ သေဆုံးသွားခဲ့သည်။
ကျောက်တော်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်းက ကျောက်တော်မြို့ရဲစခန်းမှ ရဲမှူးစောသန်းလွင်နှင့် ရဲတပ်ကြပ်ကြီး ဦးမောင်လှတို့ ဓားထိုးခံရသည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။