မြောက်ဦး - မင်းပြားဆက်သွယ်ထားသည့် မြောင်းဘွေတံတားသစ် တည်ဆောက်မှု အမြန်ဆုံးပြီးစီးရန် ဒေသခံများလိုလား

မြောက်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့ကို ဆက်သွယ်ထားသော မြောင်းဘွေတံတား အသစ်တည်ဆောက်မှုကို မြန်မြန်ဆန်ဆန် ပြီးဆုံးစေလိုကြောင်း ယင်းနှစ်မြို့နယ်မှ ဒေသခံများက လိုလားနေကြသည်။

26 Mar 2021

DMG ၊ မတ် ၂၆

မြောက်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့ကို ဆက်သွယ်ထားသော မြောင်းဘွေတံတား အသစ်တည်ဆောက်မှုကို မြန်မြန်ဆန်ဆန် ပြီးဆုံးစေလိုကြောင်း ယင်းနှစ်မြို့နယ်မှ ဒေသခံများက လိုလားနေကြသည်။

မြောင်းဘွေတံတားမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်ရန် ဆောင်ရွက်နေကြောင်း လမ်းတံတားအထူးအဖွဲ့ (၇) မှ သိရသည်။

လက်ရှိ တံတားမှာ သစ်သားတံတားဖြစ်သည့်အပြင် အကျိုးအပဲ့များစွာရှိနေ၍ ကုန်တင်ကားနှင့် ခရီးသည်ကားများ ဖြစ်သန်းသည့်အခါပြိုကျမည်ကို စိုးရိမ်ရကြောင်း ဒေသခံများနှင့် ခရီးသွားများက ပြောကြသည်။

ကားသမား ဦးဘမောင်က "ပွင့်လင်းရာသီ ခရီးသည်များ အသွားအများဆုံး ရာသီဆိုရင် ဒီတံတားမှာ ပိုပြီးတော့ အခက်အခဲရှိတယ်။ အခုဆိုရင်လည်း တံတားကျိုးနေတဲ့အတွက် ကားတွေ တန်းစီပြီး စောင့်နေရတယ်။ တခါတလေဆိုရင် ကားသမားတွေ လမ်းဘေးမှာတဲထိုးပြီး တနေကုန်အိပ်လို့ စောင့်ရတဲ့အခါလည်း ရှိပါတယ်" ဟု ဆိုသည်။

ယင်းသစ်သားတံတားမှာ ကားငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ နှစ်စီးသွားလာ၍ မရခြင်းနှင့် ပျက်စီးမှုက အလွန်ဆိုးဝါးနေကြောင်း မြောင်းဘွေကျေးရွာမှ ဒေါ်စိန်ဦးသာက ပြောသည်။

ခရီးသွား ကိုအောင်ကိုငြိမ်းက " ကျနော်တို့က မင်းပြားကနေ အရေးတကြီး အလုပ်ကိစ္စနဲ့ မြောက်ဦးကို လာတာလေ။ ဆိုတော့ အခုလိုမျိုးကားတွေ တန်းစီပြီး ရပ်နေရတော့ ကျနော်တို့မှာ အလုပ်လည်း နောက်ကျသွားတယ်။ တဖက်က လူတွေကိုလည်း စောင့်ခိုင်းထားရတဲ့ အခြေနေလည်းရှိပါတယ် " ဟု ဆိုသည်။

မြောင်းဘွေတံတား အသစ်တည်ဆောက်မှုမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

သို့သော်လည်း ဘတ်ဂျက်ချပေးမည့်အပေါ် လိုက်လုပ်နေရ၍ လာမည့် ၂၀၂၂ ခုနှစ်တွင်သာ ပြီးစီးနိုင်မည်ဟု တည်ဆောက်ရေး (၂) လမ်းတံတား အထူးအဖွဲ့ (၇) ၏ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းခိုင်က ပြောသည်။

“ဒီနှစ်တော့ မပြီးသေးပါဘူး။ နောက်နှစ်လောက်ကျ ပြီးမယ်ထင်ပါတယ်။ တံတား စီမံကိန်းစုစုပေါင်း ခန့်မှန်းတန်ဖိုးက လေးထောင်ခုနှစ်ရာလေးဆယ်သန်း။ ၂၀၂၀-၂၀၂၁ မှာ ရံပုံငွေရတာက ကျပ်သန်းတစ်ထောင်ရတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀၁၉-၂၀၂၀ ထိ ရရှိရံပုံငွေက တစ်ထောင့်ငါးရာကိုးဆယ်ငါးသန်း ရပြီးသွားပြီခင်ဗျာ။ အခု လက်ရှိရံပုံငွေအရ ပြီးစီးမှုတန်ဖိုးက ၁၅ ရာခိုင်နှုန်းပေါ့။ တံတား တစ်လုံးအနေအထားအရ ဆိုရင် ၄၅ ရာခိုင်နှုန်းလောက်တော့ ပြီးသွားပါပြီ။ ရံပုံငွေ ရရှိပေါ်မူတည်ပြီးတော့ အလုပ်က တွန်းတွန်းတိုက်တိုက် လုပ်ရတာပေါ့နော်။ အခုကာလက အေးချမ်းပါတယ်။ အရင်ခေတ်တွေကတော့ နည်းနည်းလေး လုပ်ရကိုင်ရ ခက်ခဲတော့ ရုံးချုပ်ကလည်း ရံပုံငွေကို ထိန်းပေးရတဲ့ သဘောတော့ ရှိတာပေါ့နော်။ နောက်နှစ်ကတော့ ကျနော်တို့ အပြီးတောင်းထားပါတယ်” ဟု ပြောသည်။

မြောက်ဦးမြို့အနီးတစ်ဝိုက်နှင့် မြောင်းဘွေကျေးရွာအနီးတစ်ဝိုက်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲကြောင့် မြောင်းဘွေတံတားအသစ်တည်ဆောက်မှုမှာ လုပ်ငန်းလုံးဝရပ်နားရသည်အထိ မရှိပေမယ့် ကြန့်ကြာမှုရှိနေခဲ့သည်။

အသစ်တည်ဆောက်နေသည့် မြောင်းဘွေတံတားမှာ အလျားပေ ၇၄၀ နှင့် အနံပေ ၃၄  ပေရှိသည်။

မြောင်းဘွေတံတားသည် မြောက်ဦးနှင့် မင်းပြားအတွက် အရေးပါသည်သာမက ရန်ကုန်နှင့် စစ်တွေမြို့သို့ ဆက်သွယ်သွားလာနေသည့် ဟိုက်ဝေးလမ်းမကြီး၏ အဓိက တံတားတစ်စင်းလည်း ဖြစ်သည်။

ဗီဒီယိုများ