တိုက်ပွဲများကြောင့် KNU နယ်မြေအတွင်း စစ်ဘေးရှောင် သုံးသိန်းခွဲကျော်ရှိလာ

အာဏာသိမ်းမှုနောက် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာနယ်မြေ(၆)ခုတွင် နေ့စဉ်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ကရင်ဒေသခံ သုံးသိန်းခွဲကျော် အထိရှိလာကြောင်း ကေအန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

17 Aug 2022

ဓာတ်ပုံ - KNU

DMG ၊ သြဂုတ် ၁၇

အာဏာသိမ်းမှုနောက် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာနယ်မြေ(၆)ခုတွင် နေ့စဉ်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ကရင်ဒေသခံ သုံးသိန်းခွဲကျော် အထိရှိလာကြောင်း ကေအန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လမှ ယခု ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့အထိ ကေအန်ယူနယ်မြေများဖြစ်သော သထုံခရိုင် တပ်မဟာ(၁)၊ တောင်ငူခရိုင် တပ်မဟာ(၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)၊ မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)၊ မူတြော်ခရိုင် တပ်မဟာ(၅)၊ ဒူးပလာယာခရိုင် တပ်မဟာ(၆) နယ်မြေများအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDO) ပူးပေါင်းအဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား နေ့စဉ်တိုက်ပွဲများဖြစ်ပွားခဲ့သည်။

တိုက်ပွဲများကြောင့် ကရင်ဒေသခံ (၃၅၆၆၇၄)ဦး နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)- ဗဟိုက ယမန်နေ့(သြဂုတ်လ ၁၆ ရက်)က ထုတ်ပြန်သည်။

အဆိုပါစစ်ဘေးရှောင်များမှာ သထုံခရိုင်တွင် ၉၄၇၆၈ ဦး၊ တောင်ငူ ခရိုင်တွင် ၇၅၃၇ ဦး၊ ညောင်လေးပင်ခရိုင်တွင် ၆၁၈၉၈ ဦး၊ မြိတ်-ထာဝယ်ခရိုင်တွင် ၆၀၀၀ ဦး၊ မူတြော်ခရိုင်တွင် ၉၆၁၈၀ ဦး၊ ဒူးပလာယာခရိုင်တွင် ၉၀၂၉၁ ဦး စုစုပေါင်းစစ်ဘေးရှောင်ဦးရေ ၃၅၆၆၇၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထိုစစ်ဘေးရှောင်များ၏ ကျန်းမာရေး၊ နေရာထိုင်ခင်း၊ စားဝတ်နေရေးနှင့် လုံခြုံရေးလိုအပ်ချက်များကို KNU အပါအဝင် ကရင်အရပ်ဖက်အဖွဲ့အစည်းများက တာဝန်ယူထားသော်လည်း လိုအပ်ချက်များစွာရှိနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကပြောသည်။

“တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာရတဲ့သူတွေကို လူသားချင်း စာနာထောက်ထားမှုအရ KNLA နဲ့ KNDO အဖွဲ့တွေနဲ့ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေ၊ ကေအန်ယူ ကျန်းမာရေးအဖွဲ့တွေအားလုံး သက်ဆိုင်ရာကဏ္ဍအလိုက် ကူညီဆောင်ရွက်ပေးနေတာ။ ဒါပေမယ့် လိုအပ်ချက်တွေ များစွာရှိနေသေးတဲ့အတွက် အကူအညီတွေ ဆက်ပြီးရရှိဖို့ စီစဉ်ဆောင်ရွက်နေတာတွေရှိနေပါတယ်”ဟု KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOS) ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုများအပြင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိသဖြင့် ဒေသခံများ ထိခိုက်သေဆုံးမှုများမှာလည်း နေ့စဉ်ရှိလာနေသည်။

ယင်းကြောင့် စစ်ကောင်စီ၏ တိုက်ခိုက်မှုကျူးလွန်နေခြင်းအား ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ထိရောက်စွာ အမြန်ဆုံးအရေးယူပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုသည်။

“ကရင်မကဘူး ကယား၊ ချင်း၊ ကချင်နဲ့ ရခိုင် စတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOS)တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို စစ်ကောင်စီတပ်က အင်အားအများအပြားတွေနဲ့ စစ်ကြောင်း ထိုးမှုတွေ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုများလာတယ်။ တိုက်ပွဲဖြစ်နေတယ်ဆိုရင်တောင် လေကြောင်းရော လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးတာမနည်းဘူး။ ထွက်ပြေးတိမ်းရှောင်ရတာလည်း သန်းချီနေပြီ။ ဒါတွေကို အဆုံးသတ်ဖို့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေဖြင့် သေချာစွာ အရေးယူဆောင်ရွက်ဖို့လိုအပ်နေပြီ။ အမြန်ဆုံးဆောင်ရွက်ဖို့ တောင်းဆိုတယ်”ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုဇင်ကဆိုသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခနှင့် ဘဝမလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာရသူ ဦးရေ (၈၅၇၉၀၀)အထိ တိုးမြင့်လာခဲ့သည်။ ယခင်စစ်အာဏာမသိမ်းမီ နေရပ်စွန့်ခွာရသူ အရေအတွက်နှင့်ပေါင်းပါက တစ်နိုင်ငံလုံးတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် ၁ ဒသမ ၂ သန်းအထိရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ဇူလိုင်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ