တိုက်ပွဲကြောင့် ကျိုက်ထိုဒေသခံငါးထောင်ကျော် ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု လက်ပံပင်ရွာတွင် ယမန်နေ့(သြဂုတ်လ ၂၃ ရက်) ညနေ(၅)နာရီအချိန်၌ စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ(၁) KNLA ပူးပေါင်းအဖွဲ့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးအနားကျေးရွာများမှ ဒေသခံငါးထောင်ကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း ကေအန်ယူ သတင်းအရင်းအမြစ်မှ သိရသည်။

24 Aug 2022

ဓာတ်ပုံ - ကေအန်ယူတပ်မဟာ(၁) သထုံခရိုင်။

DMG ၊ သြဂုတ် ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု လက်ပံပင်ရွာတွင် ယမန်နေ့(သြဂုတ်လ ၂၃ ရက်) ညနေ(၅)နာရီအချိန်၌ စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ(၁) KNLA ပူးပေါင်းအဖွဲ့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးအနားကျေးရွာများမှ ဒေသခံငါးထောင်ကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း ကေအန်ယူ သတင်းအရင်းအမြစ်မှ သိရသည်။

ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု လက်ပံပင်ရွာ အနီး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အင်အား (၁၀၀)ကျော်နှင့် ကေအန်ယူတပ်မဟာ(၁) KNLA ပူးပေါင်းအဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။

“ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့က စစ်ကြောင်းလှည့်ရင်းတွေ့ပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်လောက်ရှိတယ်”ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။

ထိုသို့နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်မှ (၁၃)ဦးကျဆုံးခဲ့ကာ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNLA သတင်းရင်းမြစ်က ပြောဆိုထားသော်လည်း သီးခြားအတည်ပြုရန် စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ - ကေအန်ယူတပ်မဟာ(၁) သထုံခရိုင်။

ထို့အပြင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် သိမ်ဇရပ်အခြေစိုက် အမြှောက်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် လက်ပံပင်၊မဲရုံးလေး၊ ကျောက်ပုံကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံငါးထောင်ကျော်မှာ နီးစပ်ရာတောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကေအန်ယူ စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးက ဆိုသည်။

“တိုက်ပွဲရပ်တဲ့အချိန် သိမ်ဇရပ် အမြှောက်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တယ်။ လက်ပံပင်၊ မဲရုံးလေးနဲ့ ကျောက်ပုံကျေးရွာကိုထိတယ်။ တောတောင်ထဲကို ဒေသခံ ၅၀၀၀ လောက် အကုန်ထွက်ပြေးခဲ့ရတယ်”ဟု စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက ဆိုသည်။

လက်ပံပင်ကျေးရွာမှ ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်ပြီးတော့ မကြာဘူး။ ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်တော့တာပဲ။ အိမ်ကတော့ ပျက်စီးသွားတယ်။ အခု နီးစပ်တဲ့တောတောင်ထဲကို အလွတ်ထွက်ပြေးခဲ့ရပါတယ်”ဟု ပြောသည်။

တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံ ငါးထောင်ကျော်မှာ လက်ရှိအချိန်၌ နေထိုင်စရာ၊ အမိုးအကာနှင့် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်သူများထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း၌ ပြီးခဲ့သည့်ဇူလိုင်မှ ယခုသြဂုတ်လ တတိယပတ်အထိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများအပြင် တိုက်ပွဲဖြစ်စဉ်များကြောင့် ဒေသခံစစ်ဘေးရှောင်ဦးရေ (၂၂၂၇၉)ဦးအထိရှိလာကြောင်း ကေအန်ယူ တပ်မဟာ(၁)မှ သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ