တိုက်ပွဲပြင်းထန်နေချိန် ရခိုင်နှင့်ပလက်ဝမှ စစ်ဘေးဒုက္ခသည်အချို့ကို နေရပ်ပြန်ရန် စစ်ကောင်စီမှဖိအားပေး

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ရခိုင်ပြည်မှ မြို့နယ်အချို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့က စစ်ဘေးဒုက္ခသည်အချို့ကို အောက်တိုဘာလတွင် နေရပ်ပြန်ရန် စစ်ကောင်စီမှ ဖိအားပေးနေသည်ဟု စစ်ဘေးဒုက္ခသည်များထံမှ သိရသည်။

By Khin Tharaphy Oo 01 Oct 2022

DMG ၊ အောက်တိုဘာ ၁

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ရခိုင်ပြည်မှ မြို့နယ်အချို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့က စစ်ဘေးဒုက္ခသည်အချို့ကို အောက်တိုဘာလတွင် နေရပ်ပြန်ရန် စစ်ကောင်စီမှ ဖိအားပေးနေသည်ဟု စစ်ဘေးဒုက္ခသည်များထံမှ သိရသည်။

စက်တင်ဘာလ လဆန်းပိုင်းမှစတင်ကာ ပလက်ဝနှင့် ကျောက်တော်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို နေရပ်ပြန်ခိုင်းရန် သက်ဆိုင်ရာထွေ/အုပ်ရုံးများကို စစ်ကောင်စီမှ ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှ စစ်ဘေးဒုက္ခသည် စခန်းတာဝန်များခံများကို အကြောင်းကြားလာခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီမှ နေရပ်ပြန်ခိုင်းနေသော်လည်း ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် AA တို့ကြား တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေခြင်းနှင့် မိုင်းလင်းရှင်းမှုများ မရှိသေးခြင်းကြောင့် နေရပ်ပြန်ရန်မဖြစ်နိုင်သေးကြောင်း ပလက်ဝမြို့ပေါ်ရှိ (RC)စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ရီးမဝကျေးရွာသားတစ်ဦးက ပြောသည်။

“ပြန်ချင်စိတ် ဘယ်ရှိပါ့မလဲ။ နေခဲ့တဲ့ရွာမှာက အခြေအနေလည်းမကောင်းဘူး။ မိုင်းလည်းမရှင်းလင်းသေးဘူး။ တိုင်းပြည်လည်း မအေးချမ်း၊ တိုက်ပွဲတွေလည်းဖြစ်နေတော့ ကျနော်တို့ နေရပ်မပြန်ချင်ဘူး။ သူတို့က အောက်တိုဘာလမှာ ပြန်ရမယ်လို့ပြောတယ်။ ဗဟိုက အမိန့်စာရောက်တယ်တဲ့။ ဒီရက်ပိုင်းတော့ တစ်ခုမှ လာမပြောသေးဘူ”ဟု သူကပြောသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း (၅)ခုရှိပြီး လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျောက်ဖျာ၊ တောင်မင်းဝ၊ နှမဒါ၊ နေလ၊ သူဌေးကုန်း၊ သရက်တပင်၊ သကာချောင်း၊ ရုပ်ဝ၊ မီးလက်ဝ စသည့်ကျေးရွာများမှ ထောင်နှင့်ချီသောဒေသခံများမှာ ပလက်ဝမြို့ပေါ်နှင့် အိန္ဒိယနယ်စပ်ဘက်တွင် ခိုလှုံနေကြရသည်။

“ကျနော်တို့က ကိုယ့်ရပ်ကိုယ့်ရွာကိုတော့ ပြန်ချင်တာပါပဲ။ ဒါပေမယ့် သိတဲ့အတိုင်း နယ်မြေတည်ငြိမ်မှုမရှိတဲ့အတွက် ကျနော်တို့ အသက်အန္တရာယ်ကို စိုးရိမ်မိတယ်။ တိုက်ပွဲတွေက အချိန်မရွေးဖြစ်လာနိုင်တယ်။ နေရပ်ပြန်သွားလို့ တိုက်ပွဲဖြစ်ရင် ထပ်ပြီးပြေးရမှာကို စိုးရိမ်တယ်။ နယ်မြေအခြေအနေကောင်းရင်တော့ တကယ့်ကိုပြန်ချင်တာပါ။ ဒါပေမဲ့ အခုလို တိုက်ပွဲတွေဖြစ်နေရင်တော့ ဘယ်သူကပြန်ရဲမှာလဲ”ဟု မီးလက်ဝကျေးရွာမှ ပလက်ဝမြို့ပေါ်ရှိ စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူတစ်ဦးကပြောသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များကိုလည်း အောက်တိုဘာလအတွင်း နေရပ်ပြန်ရန် စစ်ကောင်စီမှ အကြောင်းကြားလာသည်ဟု စစ်ဘေးဒုက္ခသည်များထံမှ သိရသည်။

အကြောင်းကြားစာတွင် စစ်ဘေးရှောင်များနေရပ်မပြန်ပါက ကုလသမဂ္ဂ(UN)အပါအဝင် NGO/INGO အဖွဲ့အစည်းများ၏ ထောက်ပံ့မှုအားလုံးကို ရပ်ဆိုင်းသွားမည်ဆိုသည့် အချက်လည်းပါဝင်သည်ကို တစ်ဆင့်ခံကြားရသည်ဟု ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးဒုက္ခသည်တစ်ဦး ကပြောသည်။

“ကျနော်တို့ ညောင်ချောင်းမှာက ကျောက်တော်အထက်ပိုင်းကရွာတွေက ပြန်လို့မရနိုင်တဲ့ အခြေအနေဖြစ်တယ်။ နေရပ်ပြန်လို့ မရနိုင်တဲ့သူတွေကို  ပြန်ခိုင်းလို့မရဘူး။ တင်းမကြီး၊ အထက်တင်းမ၊ ပြိုင်းတိုင်း စတဲ့ မီးလောင်ထားတဲ့ရွာတွေက ဘယ်လိုနေကြမှာလဲ။ အစိုးရဆီကရောက်လာတဲ့ စာထဲမှာတော့ မပြန်ရင်ပေါ့။ ဆက်လက်ရှိနေမယ်ဆိုရင် (IDP Camp)တွေကို  UN နဲ့ NGO အဖွဲ့တွေကို တရားဝင်အဖြစ်ရပ်ဆိုင်းသွားမယ်လို့တော့ ပြောပါတယ်”ဟု သူကပြောသည်။

ကျောက်တော်မြို့နယ်အတွင်းတွင် စစ်ဘေးရှောင်စခန်းပေါင်း ၁၀ ကျော်ခန့်ရှိပြီး စစ်ဘေးရှောင်ဦးရေမှာလည်း ၄၀၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။

ထိုသို့ နေရပ်ပြန်ခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို DMG မှဆက်သွယ်ရာတွင် လက်တလောတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုကြောင့် သြဂုတ်လမှစတင်ကာ အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူ စုစုပေါင်း ၉၀၀၀ နီးပါးရှိလာကြောင်း ကုလသမဂ္ဂ လူသာချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA)က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအပြင် စားနပ်ရိက္ခာများနှင့် တခြား လူသားချင်းစာနာထောက်ထားရေး အကူအညီများပေးအပ်နေသည့် INGO/NGO အဖွဲ့အစည်းများကို ရခိုင်ပြည်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်များသို့ လုံခြုံရေးကိုအကြောင်းပြပြီး စစ်ကောင်စီမှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ခရီးသွားလာခွင့် ပိတ်ပင်ထားသည့်အတွက် စစ်ဘေးဒုက္ခသည်များမှာ စားဝတ်နေရေးအခက်ကြုံနေကြရသည်။

ဗီဒီယိုများ