ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အများအပြားသို့ ရွှေပြည်တန်ရေယာဉ် ပြေးဆွဲခွင့်မရသေး

ရခိုင်ပြည် ရေကြောင်းသွားလာရေးတွင် အကျယ်ပြန့်ဆုံး ရေယာဉ်လိုင်းတစ်ခုဖြစ်သော ရွှေပြည်တန်အမြန်ရေယာဉ်သည် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်များသို့ ခရီးစဉ်ပြေးဆွဲခွင့်မရဘဲ ရပ်တန့်ထားရဆဲဖြစ်သည်ဟု သိရသည်။

01 Oct 2022

DMG ၊ အောက်တိုဘာ ၁

ရခိုင်ပြည် ရေကြောင်းသွားလာရေးတွင် အကျယ်ပြန့်ဆုံး ရေယာဉ်လိုင်းတစ်ခုဖြစ်သော ရွှေပြည်တန်အမြန်ရေယာဉ်သည် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်များသို့ ခရီးစဉ်ပြေးဆွဲခွင့်မရဘဲ ရပ်တန့်ထားရဆဲဖြစ်သည်ဟု သိရသည်။

အဆိုပါရေယာဉ်လိုင်းကို စက်တင်ဘာလ ၁၅ ရက်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ခရီးစဉ်ပြေးဆွဲခြင်းကို ရပ်တန့်ထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်တွေ-ပေါက်တော၊ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ်-မာန်အောင် ခရီးစဉ်များကိုသာ ပြေးဆွဲခွင့်ပြုထားပြီး ကျန်မြို့နယ်များသို့ ပြေးဆွဲခွင့်မပြုသေးပေ။

“ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြားတော့ မရသေးဘူး။ လက်ရှိ စစ်ရေးအခြေအနေအရ အန္တရာယ်ကင်းအောင်ဆိုပြီး မပြေးဆွဲခိုင်းတာပါလို့ပြောပါတယ်။ အစည်းအဝေးခေါ်ပြီး ကျနော်တို့ကိုပြောတာပါ။ ဘယ်အချိန်ထိ ရပ်ထားရမယ်ဆိုပြီး သတ်မှတ်ပေးတာတော့ မရှိဘူး။ နည်းနည်းသည်းခံပေးပါလို့ပဲ ပြောပါတယ်”ဟု ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းက DMG သို့ ပြောသည်။

လက်ရှိတွင် စစ်တွေ-မင်းပြား၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်ခရီးစဉ်တို့ကို ရပ်နားထားဆဲဖြစ်သည်။

ယခုကဲ့သို့ ရပ်နားထားရသောကြောင့် ခရီးသွားပြည်သူများမှာလည်း အခက်အခဲဖြစ်ရကြောင်းနှင့် ကုန်းလမ်းကသွားလျှင်လည်း ငွေကြေးကုန်ကျမှုများသည့်အပြင် မြန်မာစစ်တပ်က စစ်ဆေးမှုများရှိနေသဖြင့်လည်း စိုးရိမ်နေရသည်ဟု မင်းပြားဒေသခံတစ်ဦးကပြောသည်။

“ရွှေပြည်တန်နဲ့ စစ်တွေကနေ မင်းပြားသွားရင် တစ်ယောက်ကို ရှစ်ထောင်လောက်ပဲကျတယ်။ ရွှေပြည်တန်ရပ်နားထားလို့ မင်းပြားကနေစစ်တွေကို ကားနဲ့လာတာ တစ်ယောက်ကို တစ်သောင်းရှစ်ထောင်ပေးခဲ့ရတယ်။ တစ်သောင်းလောက် ကွာတာပေါ့။ကျနော်တို့မှာ ခရီးသွားနေရတာဆိုတော့ ကားခနဲ့ဆို အရင်းပါပြုတ်နိုင်တယ်။ ပြီးရင် ရွှေပြည်တန်နဲ့ဆိုရင် သက်တောင့်သက်သာလည်းဖြစ်တယ်။ ကားလမ်းကကျတော့ ပင်ပန်းတယ်လေ”ဟု ၎င်းက DMG သို့ ပြောသည်။

လက်ရှိတွင် စစ်တွေတက္ကသိုလ်တွင် တက်ရောက်နေကြသည့် အဝေးသင်ဒုတိယအသုတ် ကျောင်းသား၊ကျောင်းသူများမှာလည်း ယနေ့(အောက်တိုဘာလ ၁ ရက်)တွင် စာမေးပွဲဖြေဆိုပြီးဖြစ်သည်။ သို့သော်လည်း ရွှေပြည်တန်အမြန်ရေယာဉ် ပိတ်ထားသဖြင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးတို့မှ ကျောင်းသား၊ ကျောင်းသူများမှာ နေရပ်ပြန်ရန် အခက်အခဲရှိနေကြသည်။

“အခု စစ်တွေ-ရသေ့တောင် ရွှေပြည်တန်ခရီးစဉ်ပိတ်ထားတော့ ကျနော်တို့ တခြားရွာတွေကထွက်တဲ့ ကုန်တင်တဲ့စက်လှေတွေနဲ့ သွားရပါတယ်။ ဒါတောင် ကျနော်တို့ရွာဘက်ကိုရောက်ချင်မှရောက်မှာ။ ရွှေပြည်တန်နဲ့ဆိုရင် ကျနော်တို့ရွာကို အိုးဖောက်ရွာကနေ ဆင်းပြီး စက်လှေငှားသွားရင်ရပြီ။ အခုစက်လှေငှားလို့ရပါ့မလား မသိသေးဘူး။ အဆင့်ဆင့်သွားရတော့ ခရီးလည်းပင်ပန်းမယ်။ ငွေကြေးအကုန်အကျလည်း များမယ်ပေါ့”ဟု ရသေ့တောင်မြို့နယ် ဇေယျာမြိုင်ကျေးရွာမှ အဝေးသင်တတိယနှစ်ကျောင်းသား ကိုအနော်က DMG သို့ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာလာပြီးနောက် ကုန်းလမ်း၊ရေလမ်းဖြင့် သွားလာနေသည့် ခရီးသည်များကိုလည်း စစ်ကောင်စီက တင်းကျပ်စွာစစ်ဆေးလျက်ရှိနေသည်။

ဗီဒီယိုများ