ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ ပျက်စီးသွားသည့် နေအိမ်များအား တွေ့ရစဉ်။ (ဓာတ်ပုံ- ရဲဘော်သောင်းထွန်း)

DMG ၊ သြဂုတ် ၁၈

ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်တွင် ပြေးဆွဲနေသည့် ရေယာဉ်လိုင်းများကို ယနေ့(သြဂုတ်လ ၁၈ ရက်)မှစ၍ သြဂုတ်လ ၂၀ ရက်နေ့အထိ ရပ်နားထားရန် ပြည်နယ်ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။

လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွှေ့လျားပြီး နောက်(၆)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်။

ထို့နောက် အနောက်-အနောက်မြောက်သို့ ရွှေ့လျားကာ၊ အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားပြည်နယ်နှင့် သြရိဿပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်မည်ဟုခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးမှုဌာနက ထုတ်ပြန်ထားသည်။

ထိုလေဖိအားနည်းရပ်ဝန်းကြောင့် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင် စသည့်ခရီးစဉ်များကို ရပ်နားထားကြောင်း ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။

“ညွှန်ကြားချက်ထုတ်တာကတော့ ဒီနေ့ကနေ ၂၀ ရက်နေ့အထိလို့ပါတယ်။ ဆိုတော့ ကျနော်တို့ကလည်း ဒီနေ့ကတည်းက ရာသီဥတုအခြေအနေကြောင့် ရပ်နားထားတယ်။ နောက်လည်း ရာသီဥတုအခြေအနေအပေါ် သာယာမှုရှိမှ ခရီးစဉ်တွေထွက်ဖို့ရှိပါတယ်”ဟု ၎င်းကဆိုသည်။

လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ဒေသတွင် နေရာကွက်၍မိုးကြီးနိုင်ပြီး မိုးရွာနှုန်းမှာ ရာနှုန်းပြည့်ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့် ငပလီမြို့၊ ဂျိတ္တောရပ်ကွက်တွင် နေအိမ် ၃ အိမ်ပျက်စီးသွားခဲ့သည်။

နေအိမ်ပျက်စီးသွားသူ ကိုနေမင်းအောင်က" ည ၁၂ လောက်မှာ မိုးနဲ့လေတိုက်ပြီးတော့ နေအိမ်နားက အုန်းပင်လဲကျပြီးပိတာပါ။ ကျနော်တို့အိမ် အနောက်ဖက်ခြမ်းပျက်သွားတယ်။ ကျနော်တို့အိမ်ဘေးက တစ်အိမ်လည်းပျက်သွားတယ်၊ အခုတော့ ပိနေတဲ့အပင်ကို ရှင်းထားပြီးပြီ"ဟု ဆိုသည်။

ယင်းသို့ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးမှုရှိသည့်အပြင် စက်လှေများပါ ပျက်စီးမှုရှိနေသည်ဟုသိရသော်လည်း မည်သူ့စက်လှေဖြစ်သည်ကို မသိရသေးဟု ၎င်းကဆက်ပြောသည်။

လေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ကြရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုး/ဇလကထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၆ ရက်နေ့ကလည်း မိုးရွာသွန်းခြင်းကြောင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ရေနစ်မြုပ်မှုရှိခဲ့သည်။ မာန်အောင်မြို့နယ်တွင်လည်း သြဂုတ်လ ၁၇ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် သိမ်ကုန်းကျေးရွာအတွင်း နေအိမ်များကိုရေနစ်မြုပ်ကာ ဆန်များပျက်စီးမှုရှိကြောင်း ဒေသခံများ ထံမှ သိရသည်။

Author: DMG