မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်တွင် နေရာအနှံ့ ရေကြီးရေလျှံမှုများဖြစ်ပေါ်

ရန်ကုန်တိုင်းအတွင်း ယမန်နေ့(သြဂုတ် ၁၆) ညပိုင်းမှစပြီး ယနေ့(သြဂုတ်လ ၁၇ ရက်) နံနက် ၃ နာရီအထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

17 Aug 2022

ရန်ကုန်မြို့တွင် လက်ရှိရေကြီး ရေလျှံနေမှုကြောင့် ယာဉ်ကြောများ ပိတ်ဆို့နေစဉ်။ ဓာတ်ပုံ -CJ

DMG ၊ သြဂုတ် ၁၇

ရန်ကုန်တိုင်းအတွင်း ယမန်နေ့(သြဂုတ် ၁၆) ညပိုင်းမှစပြီး ယနေ့(သြဂုတ်လ ၁၇ ရက်) နံနက် ၃ နာရီအထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိရေကြီးရေလျှံမှုများဖြစ်ပေါ်နေသော မြို့နယ်များမှာ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပန်းဆိုးတန်း၊ သာကေတ၊ မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ ဗဟန်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မရမ်းကုန်းတို့ဖြစ်ကြောင်း မြို့ခံများမှပြောသည်။

“တညလုံးကို မိုးရွာနေတာ။ အခုထိလည်း မတိတ်သေးဘူး။ တချို့အိမ်တွေဆိုလည်း အောက်ထပ်မြုပ်နေပြီ။ ကျွန်မအိမ်လည်းပါတယ်။ ဖုန်းနဲ့လှမ်းမေးကြည့်တော့ တမြို့လုံးနီးပါး ရေမြုပ်နေတယ်လို့သိရပါတယ်”ဟု မင်္ဂလာတောင်ညွှန့်မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် မြေနိမ့်ရပ်ကွက်များရှိရာ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှိုင်နှင့် ကမာရွတ်မြို့နယ်တို့မှ နေအိမ်များအတွင်း ရေများအများအပြားဝင်ရောက်နေပြီး သွားလာရခက်ခဲနေကြောင်း မြေနိမ့်ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။

“တချို့ရပ်ကွက်ဆို ခါးလောက်နစ်တဲ့ နေရာတွေတောင်ရှိတယ်။ တချို့ကတော့ သွားလို့ရသေးတယ်ပေါ့နော်။ ဒါပေမယ့် အသွားအလာကတော့ခက်ခဲနေပြီ”ဟု ကမာရွတ်မြို့နယ်မှ ဒေသခံတစ်ဦးကဆိုသည်။

လက်ရှိတွင် မြို့အတွင်းလမ်းမများပေါ်သို့ ရေလျှံနေမှုကြောင့် ကားလမ်းမများ ပိတ်ဆို့မှုများရှိနေကြောင်းလည်း သိရသည်။

“တောင်ဥက္ကလာပ၊ ဝေဇယန္တာလမ်းမရယ် သမိုင်းလမ်းဆုံတွေမှာ ကားလမ်းမကို ရေကျော်နေပါတယ်။ ကားအနိမ့်တွေဆို သွားမရဘူး။ ဒါကြောင့် ကားလမ်းမကတော့ လုံးဝပိတ်နေတယ်”ဟု ရန်ကုန်မြို့တွင်း တက္ကစီယာဉ်မောင်းတစ်ဦးကပြောသည်။

မိုးသည်းထန်စွာရွာသွန်းနေမှုမှာ လက်ရှိဖြစ်ပေါ်နေသည့် အရှေ့လေပွေလှိုင်း(Upper Air Cyclonic Circulatio-UACC)ကြောင့်ဖြစ်ပြီး သံလွင်မြစ်၊ စစ်တောင်းမြစ်ဝှမ်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် သံတွဲမြို့အနီးရှိ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း ပင်လယ်ပြင်သို့ ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။

“လေပွေလှိုင်းက ည ၂ နာရီမှာ မော်လမြိုင်မြို့ပေါ်ကို ရောက်လာတာတွေ့ရတယ်။ စစ်တောင်းမြစ်ဝှမ်းကိုဖြတ်ရာကနေ မနက် ၁၁ နာရီဝန်းကျင်ခန့်မှာ လှည်းကူးမြို့နဲ့ ရန်ကုန်မြို့ကြား နောက်ဟင်္သာတမြို့ကိုဖြတ်မယ်။ နောက်ဩဂုတ်လ ၁၈ ရက်မှာတော့ သံတွဲမြို့အနီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းပင်လယ်ပြင်ကိုရောက်ရှိမယ်လို့ နောက်ဆုံးရတဲ့ ECMWF Model ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်”ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကသုံးသပ်သည်။

ထို့အပြင် အရှေ့လေပွေလှိုင်းမှာ တောင်ဘက်မိုင်အနည်းငယ်ကို ရောက်ရှိလာပြီး ဩဂုတ်လ ၁၉ ရက်နေ့တွင် အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ပြောင်းလဲလာနိုင်ကာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် ဩဂုတ်လ ၁၉ ရက်မှ ၂၀ ရက်အထိ လေပြင်းများကျရောက်ပြီး မိုးသည်းထန်နိုင်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ