စစ်ပွဲ ရပ်ပေးပါ

“စစ်ကိုရပ်ပေးပါလို့ တောင်းဆိုချင်တယ်။ ပြောရမယ်ဆိုရင် AA ကို လူကြမ်းလို့ပြောနေကြတယ်။ သူတို့လည်း တိုင်းပြည်လိုချင်လို့ တောင်းနေကြတာလေ။ (ရဲတပ်ဖွဲ့ဝင်တွေလည်း) တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့လူပါ။ နှစ်ဖက်လုံး ဖြစ်နေကြတဲ့ကြားမှာ ပြည်သူတွေ မသေစေချင်ဘူး” ဟု သေဆုံးသူ ဒုတပ်ကြပ် အောင်ကျော်မြ ၏ ဇနီး ဒေါ်မအုန်းခင်က ဆိုသည်။

21 Mar 2019

ဖဒူ ထွန်းအောင် ရေးသားသည်။

ခြံတံခါးအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များသည် လမ်းသွားလမ်းလာများကိုကို ကြည့်ရှုနေကြသည်။ တချို့ တပ်ဖွဲ့ဝင်များသည် ကတုတ်ကျင်းများတွင် ထိုင်လျက်နေကြသည်။ သူတို့၏ အကြည့်များသည် ဘေးပတ်ဝန်းကျင်ရှိ နေရာအနှံ့ကို ဦးတည်နေသည်။

ခြံဝင်းအတွင်း မြေကြီးပေါ်တွင်လည်း သွေးကွက်များ ပြန့်ကြဲနေသည်။ ယင်းခြံဝင်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရဲကင်းစခန်းဖြစ်ပြီး ရဲကင်းအနီး ဖြတ်သွားဖြတ်လာနေကြသူ အနည်းငယ်မျှသာ တွေ့ရှိရသည်။

ယိုးတရုပ်ရဲကင်းစခန်းကို မတ်လ ၉ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ ခန့်မှ မိနစ် ၅၀ ခန့်အထိ  ရက္ခိုင့်တပ်မတော်(AA) က အင်အား (၆၀) ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် (၉)ဦး ကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိသွားသည်။ လက်နက်အချို့ကို ရက္ခိုင့်တပ်မတော်က ယူဆောင်သွားသည်။ စခန်းမှူးမှာ အသက်ရှင်လျက် လွတ်မြောက်သွားပြီး တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးသွားသည်။

သေဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များထဲတွင် ယိုးတရုပ်ကျေးရွာက ရဲလုပ်သက် အနှစ် (၂၀) ရှိပြီဖြစ်သည့် ဒုတပ်ကြပ် အောင်ကျော်မြ တစ်ယောက်လည်း ပါဝင်သွားသည်။ သူ့တွင် ဇနီးနှင့်သားသမီး နှစ်ဦးကျန်ရစ်ခဲ့ပြီး အကြီးဆုံးသမီးမှာ တက္ကသိုလ် ဒုတိယနှစ် တက်ရောက်နေပြီး အငယ်ဆုံးသမီးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည်။

ရဲကင်းစခန်း ဝင်ရောက်တိုက်ခိုက်စဉ် သေနတ်သံများ စတင်ထွက်ပေါ်လာသောကြောင့် ရွာသားများ စိုးရိမ်ထိတ်လန့်မှုများရှိသလို ဒုတပ်ကြပ်အောင်ကျော်မြ၏ ဇနီးသည် သူ့အမျိုးသား ရဲစခန်းတွင် ရှိနေသောကြောင့် စိုးရိမ်မှုများလည်း ရှိနေသည်။ သို့သော် ရဲစခန်းအနီးသို့ ထွက်မကြည့်ရဲပေ။ ကျည်ဆန်ထိမှန်မည်ကို စိုးရိမ်၍ အိမ်ထဲ၌သာ ပုန်းခိုနေကြရသည်။

“လူတွေလည်း တရုန်းရုန်းဖြစ်နေကြတယ်။ ကျွန်မကလည်း ရောပါသွားမှာ ကြောက်လို့ အိမ်ပေါ်ပြန်တက်ပြီး အိပ်နေတယ်” ဟု ဒုတပ်ကြပ် အောင်ကျော်မြ ၏ ဇနီး ဒေါ်မအုန်းခင်က ဆိုသည်။

စခန်းအနီးရှိနေအိမ်များတွင် သေနတ်ကျည်ဆန်များ ထိမှန်သောကြောင့် မှန်များကွဲသွားကြသည်။ တစ်ချို့ လူများမှာလည်း အိမ်အောက်တွင် ဝပ်နေကြသည်။

“ပစ်ခတ်တော့ ကြောက်တာပေါ့။ တစ်ညလုံး စိုးရိမ်လို့ မအိပ်လိုက်ရဘူး” ဟု စခန်းအနီးရှိ အမျိုးသမီးတစ်ဦးက ကြုံတွေ့ခဲ့ရပုံကိုပြောသည်။

နံနက်ပိုင်းတွင် စခန်းသို့ ရွာကလူများရောက်ရှိလာကြသည်။ ဒုတပ်ကြပ် အောင်ကျော်မြ၏ ယောက္ခမလည်း စခန်းသို့ သွားကြည့်သည်။ ယင်းအချိန်တွင် ဒုတပ်ကြပ် အောင်ကျော်မြ သေဆုံးနေသည်ကိုတွေ့ရ၍ သူ့သမီးထံသို့ အပြေးအလွှားလာပြီး ပြောပြနေသည်။

“အမေလာပြီးတော့ စခန်းမှာ ငိုနေကြပြီ။ ဘာဖြစ်နေကြပြီလဲ မသိဘူး။ သွားကြည့်ပါလားပြောတယ်။ အမေသွားကြည့်ပြီးခါမှ အောင်ကျော်ညွန့်လည်း ဆုံးသွားပြီလို့ ပြောတော့မှ သွားကြည့်တယ်။ ရောက်သွားတဲ့အခါမှာတော့ လက်တွေတောင့်နေပြီ” ဟု ဒေါ်မအုန်းခင်က ဆိုသည်။

ဒုတပ်ကြပ် အောင်ကျော်မြ တွင် ဇနီးနှင့်သမီးနှစ်ဦး ကျန်ရစ်ခဲ့ပြီး အကြီးဆုံးသမီးမှာ တက္ကသိုလ်ကျောင်းသူဖြစ်ကာ အငယ်ဆုံးသမီးမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည်။

ကျောက်တော်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် သမီးငယ်မှာ သူ့အဖေသေဆုံးသွားသည်ကို မသိသေးပေ။ မိသားစုဝင်များကလည်း သူ့ကိုမပြောဆိုကြရန် စီစဉ်ခဲ့သော်လည်း သူခံစားနေရမည်ကို စိုးရိမ်သောကြောင့် ပြောပြလိုက်သဖြင့် သမီးငယ်လည်း ရောက်ရှိလာသည်။

“သမီးလေး စိတ်ထိခိုက်သွားမှာကို ကြောက်လို့၊ နောက်တော့မှ မပြောလို့မဖြစ်ဘူး။ သမီးနဲ့ အဖေက တအားချစ်ကြတာဆိုတော့ သမီးလေးအရမ်းခံစားနေရမှာ။ ကျွန်မလည်း မောင်တောကို သွားတုန်းက တော်တော်ခံစားရတယ်။ ကိုယ်ခံစားရသလို သမီးလေးကို မခံစားစေချင်ဘူး။ သမီးလေးကို သူ့အဖေရဲ့ နောက်ဆုံးအချိန်ကို တွေ့လိုက်ရအောင်ဆိုပြီးတော့ ပြောလိုက်တာ” ဟု ဒေါ်မအုန်းခင်က ဆိုသည်။

ဒုတပ်ကြပ် အောင်ကျော်မြကို နေ့လည်ပိုင်းတွေ မြေမြုပ်သြင်္ဂီုလ်လိုက်သည်။ သို့သော် သြင်္ဂီုလ်ပြီးစီးအောင်အထိ မနေခဲ့ရ။ စစ်ရဟတ်ယာဉ်များ ပျံသန်းသွားလာနေသောကြောင့် ကြောက်လန့်၍ မိမိနေအိမ်သို့ ပြေးလာကြသည်။

“အရမ်းခံစားရတယ်။ ဒါက ရှေ့တန်းကိုသွားတိုက်ပြီး သေတာနဲ့မတူဘူး။ စခန်းထဲမှာ နေရင်းနဲ့ ဖြစ်သွား တာဆိုတော့ ခံစားရတာပေါ့” ဟု ဒေါ်မအုန်းခင်က ဆိုသည်။

ယင်းနေ့က ယိုးတရုပ် ရဲကင်းစခန်းကို ရက္ခိုင့်တပ်မတော်(AA) က ဝင်ရောက်တိုက်ခိုက်ခြင်းမှာ ဗဟို၏ အမိန့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းမဟုတ်ပေ။ အောက်ခြေတပ်ဖွဲ့ဝင်များက မိမိတို့ သဘောဖြင့် ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အောက်ခြေတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်မတော်(AA)၏ စစ်ရုံးချုပ်က စုံစမ်းစစ်ဆေးနေသည်။

“ဝင်တိုက်တယ်ဆိုတာတော့ သိရတယ်။ ဒီလို ပုံမှန်အနေအထားမှာတော့ ရွာမှာရှိတဲ့ ရဲစခန်းတွေကို ဝင်တိုက်ဖို့အတွက်တော့ ညွှန်ကြားတာမရှိဘူး။ ယိုးတရုပ်ရွာမှာရှိတဲ့ ရဲစခန်းကို အတိုက်ခံရတဲ့ကိစ္စတော့ ကျနော်တို့လည်း အောက်ခြေတပ်တွေကို မေးမြန်းထားတာတွေရှိတယ်။ သူတို့ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်။ ဘယ်လိုဖြစ်တာလဲဆိုတာမျိုးကိုပေါ့” ဟု ရက္ခိုင့်တပ်မတော်(AA) ၏ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက DMG ကို ပြောသည်။

မတ်လ ၉ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး AA ဘက်က ထိခိုက်မှုများသောကြောင့် အဆိုပါစခန်းကို တိုက်ခိုက်ရခြင်း ဖြစ်နိုင်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားမှုအောက်တွင် ရှိသောကြောင့် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်းနှင့် အစိုးရအနေဖြင့် ရဲတပ်ဖွဲ့ဝင်များကို အသုံးချပြီး ရခိုင်ပြည်သူများကို နှိပ်စက်မှုများရှိရာ ယင်းအထဲတွင် တစ်ချို့ရဲများ ပါဝင်ပတ်သက်နေသောကြောင့် အောက်ခြေတပ်များက အရေးယူဆောင်ရွက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ခိုင်သုခက ဆက်လက်ဆိုသည်။

ယင်းနေ့ ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ယိုးတရုပ်ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံး သွားသည်။ ၎င်းကို ဖမ်းဆီးခဲ့မှု ရှိ၊မရှိ  အောက်ခြေတပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးနေသည်ဟု ရက္ခိုင့်တပ်မတော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

ယခုကဲ့သို့ ယိုးတရုပ် ရဲကင်းစခန်းကို တိုက်ခိုက်ခြင်းမှာ တရားဥပဒေစိုးမိုးရေး မရှိစေချင်သောကြောင့် ဖြစ်နိုင်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်မှု မရှိစေချင်မှုဖြစ်နိုင်ကြောင်း၊ လတ်တလောတွင် သုံးသပ်နေဆဲဟု ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောသည်။

“ရဲဆိုတာ စစ်တိုက်တဲ့ ရဲမဟုတ်ဘူး။ တရားဥပဒေ စိုးမိုးရေးလုပ်တဲ့ ရဲကို ရန်သူက အလွယ်တကူနဲ့ တိုက်ခိုက်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ခုလိုမျိုး လူအင်အားနဲ့ လာပြီးလုပ်သွားတယ်ဆိုတဲ့အတွက် တရားဥပဒေစိုးမိုးရေး ဆိုတာတွေကို မရှိစေချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယိုးတရုပ် ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြေပုံ စသည့် မြို့နယ်ရှိ ရဲကင်းစခန်းများ ရုပ်သိမ်းပြီး တခြားရဲစခန်းများနှင့် ပူးပေါင်းလိုက်သည်။

“ကျနော်တို့သည် လုံခြုံရေးပိုင်းဆိုင်ရာတွေမှာ ဂရုစိုက်ဖို့လိုလာပြီ။ ဒါကြောင့်မို့ ဝေးကွာတဲ့နေရာတွေမှာရှိတဲ့ စခန်းလေးတွေကို ယာယီအားဖြင့် ကျနော်တို့က ထိန်းသိမ်းပြီးတော့ အင်အားတောင့်တင်းအောင် ပေါင်းစည်း ရတာပေါ့။ ကျနော်တို့ ရဲကင်းတွေမှာ တစ်ချို့ ငါးယောက်ရှိတယ်။ တစ်ချို့ ဆယ်ယောက်ရှိတယ်။ အဲဒီလို ဖြစ်နေတဲ့အတွက် စုစုစည်းစည်းနဲ့ လုံခြုံရေးပေးနိုင်အောင် အခုပြန်လည်စုစည်းတာပေါ့ ”ဟု ရဲမှူးကြီး ကြည်လင်းက ဆိုသည်။  

ရက္ခိုင့်တပ်မတော် (AA) သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း လေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များလည်း သေဆုံးသွားပြီး ဒဏ်ရာရသူများလည်း ရှိသည်။

ယင်းစခန်းလေးခုသည် နယ်ခြားစောင့်စခန်း ဆိုသော်လည်း မြန်မာ့တပ်မတော်ဘက်က နေရာယူထားမှုနှင့် နယ်ခြားစောင့်ရဲများက အရပ်သားများကို ညှဉ်းပန်းနှိပ်စက်မှုများရှိပြီး မြန်မာ့တပ်မတော်ဘက်က အင်အား အလွန်အကျွံသုံး တိုက်ခိုက်နေသောကြောင့် ပြန်လည်တိုက်ခိုက်ရခြင်းဟု AA ဘက်က ပြောကြားခဲ့သည်။

လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး အရပ်သားပြည်သူများ ကျည်ဆန်ထိမှန်ခံရမှု၊ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများလည်း များပြားလာသည်။ ထို့အပြင် ဖမ်းဆီးခံရမှုများလည်း များပြားလာသည်။

စစ်ပွဲ၏ အကျိုးဆက်ကြောင့် ရခိုင်ပြည်နယ်တွင် လူပေါင်းတစ်သောင်းကျော် စစ်ဘေးဒုက္ခသည်ဘဝကို ရောက်နေကြရသည်။ ထို့ကြောင့် စစ်ပွဲများကို ရပ်တန့်ပြီး စားပွဲဝိုင်းတွင် အဖြေရှာ ဆွေးနွေးကြရန် ရခိုင့်နိုင်ငံရေးသမားများက တိုက်တွန်းကြသည်။   

တိုက်ပွဲများမဖြစ်ပွားဘဲ စားပွဲဝိုင်းတွင် အဖြေရှာဆွေးနွေးစေချင်သူများထဲတွင် ဒုတပ်ကြပ် အောင်ကျော်မြ၏ဇနီး ဒေါ်မအုံးခင်လည်း ပါဝင်သည်။

“တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရသွားတယ်ဆိုရင် နည်းနည်းသက်သာမယ်။ အခုကတော့ ဟိုမှာသေတယ် ဒီမှာသေတယ် ဆိုတာကို ကြားနေရတယ်။ ကျွန်မယောကျာ်းလည်း သေသွားပါပြီ။”

ဒေါ်မအုန်းခင်ကတော့ ရက္ခိုင့်တပ်မတော်(AA)၊ ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်တို့ မည်သည့်အတွက်ကြောင့် တိုက်ခိုက်နေရသည်ကို သိသည်။ သို့သော်  စစ်ပွဲများကို ရပ်ပေးရန် တောင်းဆိုသည်။

“စစ်ကိုရပ်ပေးပါလို့ တောင်းဆိုချင်တယ်။ ပြောရမယ်ဆိုရင် AA ကို လူကြမ်းလို့ပြောနေကြတယ်။ သူတို့လည်း တိုင်းပြည်လိုချင်လို့ တောင်းနေကြတာလေ။ (ရဲတပ်ဖွဲ့ဝင်တွေလည်း) တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့လူပါ။ နှစ်ဖက်လုံး ဖြစ်နေကြတဲ့ကြားမှာ ပြည်သူတွေ မသေစေချင်ဘူး”

ဖဒူ ထွန်းအောင်

(ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ်စဉ် ၁၀၅ တွင်လည်း ဖတ်ရှုနိုင်သည်။)

ဗီဒီယိုများ