- ဂွမြို့သိမ်းတိုက်ပွဲ ဘယ်အထိ ရောက်နေပြီလဲ
- အမ်းက လက်ကျန် နပခ မကျရေး စစ်ကောင်စီ အဆုံးထိခုခံနေ
- ကျောက်တော် ကန်စောက်တောင်အနီး မိုင်းနင်းမိ၍ လူငယ်တစ်ဦး သေဆုံး
- လုပ်သားရှားပါး၍ ရသေ့တောင်က လယ်သမားများ တစ်ဝက်ပေးစနစ်ဖြင့် စပါးရိတ်သိမ်းနေရ
- သေဆုံးသူ ဒါဇင်ပေါင်းများစွာ ရှိလာသည့် ရောဂါဆန်းအား သတိဖြင့် စောင့်ကြည့်နေဟု ကွန်ဂိုအစိုးရပြော
မတူညီတဲ့ လူမျိုးစုတွေရဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး (သို့မဟုတ်) ဒေါ်ချိုချိုရီ
၂၀၁၅ ရွေးကာက်ပွဲပြီးနောက် ပြည်ထောင်စုအဆင့်မှ ပြည်နယ်/တိုင်းဒေသကြီး၊ မြို့နယ်ရပ်ကွက်/ကျေးရွာ စသည့် အုပ်ချုပ်ရေးဆိုင်ရာ နေရာများတွင် အမျိုးသမီးအချို့ ပိုမိုပါဝင်ပြီး ဦးဆောင်လာခြင်းများ ရှိလာသည်။ သို့သော် လက်ချိုးရေတွက်၍ရသည့် အနေအထားတွင်သာ ရှိသည်။
12 Jul 2023
“ကျမက အလုပ်လုပ်ရင် တရားမျှတမှုအတွက်ပဲ။ လူမျိုးရေး/ဘာသာရေး မခွဲခြားဘူး”
သူ့အလုပ်အပေါ်ပြတ်သားသည့် ခံယူချက်ကို ပြောပြနေသူက အသက် ၅၇ နှစ်အရွယ်ရှိသည့် အမျိုးသမီးအုပ်ချုပ်ရးမှူး ဒေါ်ချိုချိုရီဖြစ်သည်။
မြန်မာနိုင်ငံတွင် အစဥ်အလာအရ ယောက်ျားလေးများသာ နေရာရလေ့ရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် သူအလုပ်လုပ်ခဲ့သည်မှာ ဆယ်နှစ်နီးပါးရှိပြီ။
ဒေါ်ချိုချိုရီ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်မှာလည်း လွယ်လွယ်ကူကူ ဖြစ်လာခြင်းမဟုတ်။ ၂၀၁၅ ခုနှစ်တွင် ဒေါ်ချိုချိုရီ ဝင်ရောက်အရွေးချယ်ခံခဲ့ရာ ထိုစဉ်က ယခင်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည့် အမျိုးသားတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးနေရာကို ယှဉ်ပြိုင်ခဲ့ရသည်။
သို့သော် မဲအရေအတွက် ၅၀ ကျော်အကွာနှင့် ဒေါ်ချိုချိုရီ အနိုင်ရခဲ့ကာ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးအုပ်ချုပ်ရေးမှူးများကို ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှ ယှဥ်ပြိုင်ရွေးချယ်ခွင့် ရလာကြသည်။ ၂၀၁၄ ခုနှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက UNDP သို့ပေးအပ်သော စာရင်းအရ ရပ်/ကျေးအဆင့်တွင် အမျိုးသမီး အုပ်ချုပ်ရေးမှူး ၄၂ ဦးသာရှိပြီး တစ်နိုင်ငံလုံး၏ ၁ ရာခိုင်နှုန်းပင် မရှိပေ။
၂၀၁၅ ရွေးကာက်ပွဲပြီးနောက် ပြည်ထောင်စုအဆင့်မှ ပြည်နယ်/တိုင်းဒေသကြီး၊ မြို့နယ်ရပ်ကွက်/ကျေးရွာ စသည့် အုပ်ချုပ်ရေးဆိုင်ရာ နေရာများတွင် အမျိုးသမီးအချို့ ပိုမိုပါဝင်ပြီး ဦးဆောင်လာခြင်းများ ရှိလာသည်။ သို့သော် လက်ချိုးရေတွက်၍ရသည့် အနေအထားတွင်သာ ရှိသည်။
အုပ်ချုပ်ရေးကဏ္ဍတွင် အမျိုးသမီးပါဝင်မှုမှာ ရခိုင်ပြည်တွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ ရခိုင်ပြည်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁၇၇ ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀၉ ဦး ရှိသည့်အထဲ အမျိုးသမီးအုပ်ချုပ်ရေးမှူးမှာ ၅ ဦးသာ ရှိသည်။
အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦးသာရှိသည်။ အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦးမှာ စစ်တွေမြို့မှ တစ်ဦးနှင့် ရမ်းဗြဲမြို့မှ တစ်ဦးတို့ဖြစ်သည်။ ထိုအထဲမှာ ဒေါ်ချိုချိုရီလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ရခိုင်၊ မရမာကြီး၊ ဟိန္ဒူ၊ မွတ်ဆလင် စသည့် လူမျိုးမတူ၊ ဘာသာမတူသူများ တစုတစည်းတည်း နေထိုင်သည့် ရပ်ကွက်ထဲတွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားရသည်မှာ ဒေါ်ချိုချိုရီအတွက် စိန်ခေါ်မှု ပိုကြီးမားသည်။
အုပ်ချုပ်ရေးမှူးတာဝန်ကို စတင်ထမ်းဆောင်စဉ်တွင် အမျိုးသမီးဖြစ်နေခြင်းကြောင့် အချို့သောသူများ၏ လက်မခံခြင်းနှင့် အထင်အမြင်သေးခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရသည်ဟု ဒေါ်ချိုချိုရီက ပြောပြသည်။
“အစည်းအဝေးတစ်ခု ခေါ်ပြီဆိုရင် ကျမဟာ မိန်းမတစ်ယောက်တည်းပဲ။ ဆိုတော့နည်းနည်းလောက် စိတ်ထဲမှာ အားငယ်တာပေါ့” ဟု အုပ်ချုပ်ရေးမှူးတာဝန် စတင်ထမ်းဆောင်ခဲ့စဉ်က အခြေအနေကို ဒေါ်ချိုချိုရီက ပြောပြသည်။
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ရပ်ကွက် ၃၂ ရပ်ကွက် ရှိသည့်အနက် ဒေါ်ချိုချိုရီ အုပ်ချုပ်နေသည့် ရပ်ကွက်မှာ “အောင်မင်္ဂလာ”ရပ်ကွက် ဖြစ်သည်။
မတူညီသည့်လူမျိုးစုများ နေထိုင်ရာ အဆိုပါရပ်ကွက်တွင် လူဦးရေအားဖြင့် ခုနှစ်ထောင်ခန့်ရှိပြီး အများစုမှာ မွတ်ဆလင် လူမျိုးများ ဖြစ်ကြသည်။
“သူတို့ရဲ့ သဘောထားနဲ့ ညီမျှအောင်ကြည့်ပြီး အုပ်ချုပ်ရတယ်။ လျော့ခါလျော့ တင်းခါတင်း ပြောရဆိုရတာပေါ့။ သူတို့ရဲ့ စိတ်ဆန္ဒကို ကြည့်ပြီးတော့ တစ်ဦးနဲ့ တစ်ဦး အဆင်ပြေအောင် လုပ်ရတာပေါ့” ဟု မတူညီသည့် လူမျိုးစုများကြား စီမံအုပ်ချုပ်ပုံကို ဒေါ်ချိုချိုရီက ပြောပြသည်။
ရခိုင်ပြည်ထဲက ရှားရှားပါးပါး အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သည့် ဒေါ်ချိုချိုရီမှာ ယခုမှ ကောက်ကာငင်ကာ အုပ်ချုပ်ရေးမှူး ဖြစ်လာခြင်းတော့ မဟုတ်ပေ။
ဒေါ်ချိုချိုရီမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး မလုပ်မီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)တွင် ပါတီဝင်အဖြစ် ၂ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတွင်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့ကာ လူမှုကူညီရေး လုပ်ငန်းများတွင်လည်း တက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့သူဖြစ်သည်။
လက်ရှိမှာ ဒေါ်ချိုချိုရီ၏ အုပ်ချုပ်ရေးမှူး သက်တမ်းမှာ ကိုးနှစ်အထိ ကြာမြင့်လာပြီဖြစ်သည်။
ဒေါ်ချိုချိုရီမှာ အုပ်ချုပ်ရေးမှူးအဖြစ် ဒုတိယအကြိမ်ရွေးကောက်ခံရန် ၂၀၁၇ ခုနှစ်တွင် ရာအိမ်မှူး အမျိုးသားသုံးဦးနှင့်အတူ ယှဉ်ပြိုင်ခဲ့ရသည်။ ပြိုင်ဘက်များကို မဲအရေအတွက် ၁၀ မဲဖြင့်ကပ်၍ အနိုင်ရရှိခဲ့သော်လည်း အတိုက်အခံအများဆုံး ယှဉ်ပြိုင်မှုဖြစ်ခဲ့သည်ဟု ဒေါ်ချိုချိုရီကပြောပြသည်။
“ယောကျ်ားတွေက ဒီမိန်းမ (အမျိုးသမီးအုပ်ချုပ်ရေးမှူးဖြစ်မှာ)ကို မလိုချင်ဘူး။ မိန်းမတစ်ယောက်ရဲ့ အုပ်ချုပ်မှုအောက်မှာ သူတို့ မနေချင်တဲ့ပုံစံမျိုးနဲ့ သူတို့က အတိုက်အခံလုပ်တယ်။ ဒါပေမယ့် ကျမကို ရပ်သူ၊ ရွာသားတွေက အလိုရှိတယ်ဆိုပြီး မဲပေးကြလို့ အနိုင်ရသွားတာ” ဟု ဒေါ်ချိုချိုရီက ပြုံးရီကာ ပြောပြသည်။
အမျိုးသမီးအုပ်ချုပ်ရေးမှူးများမှာ ရပ်ကွက်/ကျေးရွာအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ဆောင်ရွက်ရာ၌ အမျိုးသားများထက် စိန်ခေါ်မှုရှိကြသည်။
ညဉ့်အချိန်တွင် ကင်းလှည့်ခြင်း၊ ရပ်ကွက်အတွင်း အရက်သေစာသောက်စားမှု၊ မူးယစ်ရမ်းကားမှု စသဖြင့် ကိုယ်တိုင်ကွင်းဆင်း၍ လုပ်ဆောင်ရမည့်ကိစ္စများတွင် အခက်အခဲရှိကြခြင်းဖြစ်သည်။
ထိုသို့သော အခက်အခဲများကို ကျော်ဖြတ်ရန် ဒေါ်ချိုချိုရီက မိသားစုဆွေမျိုး (သို့မဟုတ်) ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့၏ အကူအညီကို ရယူခဲ့ရသည်။
“ညည့်အချိန်တွေမှာ သွားစရာရှိရင် အိမ်က အမျိုးသားရယ်၊ သားရယ်၊ သမက်ရယ်၊ သူတို့သုံးယောက် အမြဲတမ်းပါတယ်”
ဒေါ်ချိုချိုရီ အုပ်ချုပ်နေသည့် အောင်မင်္ဂလာရပ်ကွက်တွင် အမျိုးသားရာအိမ်မှူး ၇ ဦးနှင့် ဆယ်အိမ်မှူး ၂၀ ဦး စုစုပေါင်း ၂၇ ဦး ရှိသည်။ ရခိုင် ရာအိမ်မှူး ၂ ဦး၊ ဆယ်အိမ်မှူး ၁၀ ဦးနှင့် မွတ်ဆလင် ရာအိမ်မှူး ၅ ဦးနှင့် ဆယ်အိမ်မှူး ၁၀ ဦးတို့ ဖြစ်ကြသည်။
ဒေါ်ချိုချိုရီ၏ အမှုတစ်ခုကို ဖြေရှင်းသည့်ပုံစံမှာ အမှုတစ်ခုဖြစ်ပါက နှစ်ဘက်စလုံးကို ခေါ်ယူကာ မျက်နှာချင်းဆိုင်တွေ့စေပြီး နှစ်ဘက်စိတ်ကျေနပ်မှု ရသည်အထိ ဖြေရှင်းပေးသည်။ ထိုသို့ဖြေရှင်းပြီးပါက နောက်တစ်ကြိမ် မဖြစ်စေရန် ဂတိဝန်ခံချက် လက်မှတ်ထိုးစေခြင်းဖြစ်သည်။
“ကျမကို အခုလည်း မွတ်ဆလင်တွေကအစ ရှေ့ဆက်ပြီး သေတဲ့အထိ လုပ်လို့ဆိုကြတယ်။ အဲလောက်ထိ အလိုရှိကြတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမက အလုပ်လုပ်ရင် တရားမျှတမှုအတွက် လူမျိုးရေး/ဘာသာရေး မခွဲခြားဘူး”ဟု ဒေါ်ချိုချိုရီက သူ့၏အုပ်ချုပ်မှုပုံစံကို ပြောပြသည်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် အမျိုးသမီးများ မတွေ့ရသဖြင့် စိတ်အားငယ်ခဲ့ရသော်လည်း အခြား အုပ်ချုပ်ရေးမှူးများ၏ လက်တွဲခေါ်မှု၊ အားပေးမှုတို့ကြောင့် စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ခဲ့သည်။ အထင်အမြင် သေးခြင်းများကိုလည်း အလုပ်နှင့်သက်သေပြကာ အနိုင်ယူခဲ့သည်ဟု ဒေါ်ချိုချိုရီက ဂုဏ်ယူဝင့်ကြားစွာဖြင့် ပြောသည်။
ခေတ်ရေစီးကြောင်း တိုးတက်ပြောင်းလဲလာသည်နှင့်အညီ အမျိုးသမီးများသည် လုပ်ငန်းခွင်များတွင် အမျိုးသားများနှင့်တန်းတူ ရင်ဘောင်တန်းပြီး လုပ်ကိုင်မှုများရှိလာသည့်အပြင် အသင်း/အဖွဲ့အစည်းများတွင် အမျိုးသမီး ဦးဆောင်မှုများလည်း ရှိလာသည်။
လက်ရှိတွင် အမျိုးသမီးများသည် လူမှုရေးနှင့် သာရေး၊ နာရေးအခန်းကဏ္ဍများတွင် တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်မှုများ ရှိလာသဖြင့် အမျိုးသမီးများအပေါ် ယခင်ထက် လက်ခံယုံကြည်မှုများ ရှိလာကြသည်။ အုပ်ချုပ်ရေး အခန်းကဏ္ဍများတွင် အမျိုးသမီးပါဝင်မှုမှာ ရခိုင်ပြည်တွင်လည်း ယခင်ကထက် ပိုတိုးလာသည်ဟု လေ့လာသူများကဆိုကြသည်။
ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး နေရာများတွင် အမျိုးသမီးများ ဝင်ရောက်နိုင်ရန်အတွက် အစိုးရ၏ ပံ့ပိုးမှုအပြင် မြန်မာ့လူမှုအသိုင်းအဝိုင်းများ၏ အမြင်များကို ပြောင်းလဲပစ်ရန် လိုအပ်နေဆဲဖြစ်သည်ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
“အမျိုးသမီးတွေရဲ့ အသံ၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေကို လက်ခံယုံကြည် လာနိုင်ဖို့အတွက် အများကြီး စည်းရုံးလှုံ့ဆော်မှုတွေ လုပ်သွားရအုံးမယ်။ လက်တွေ့ကျကျ လုပ်ပြနိုင်တဲ့ အခင်းအကျင်းမျိုးတွေကိုလည်း အများကြီး ဖန်တီးပေးရအုံးမယ်” ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ စောစံငြိမ်းသူက ပြောသည်။
ကျေးရွာ/ရပ်ကွက်များကို အုပ်ချုပ်နေသည့် အမျိုးသမီးအုပ်ချုပ်ရေးမှူးများအပေါ် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ မွတ်ဆလင်အမျိုးသားတစ်ဦးက ယခုကဲ့သို့ ရှုမြင်သည်။
“အမျိုးသားအုပ်ချုပ်ရေးမှူးဆိုရင်တော့ ပိုကောင်းတာပေါ့။ အခုက အမျိုးသမီးဆိုတော့ လူတွေက သိပ်လေးစားမှုတွေ မရှိကြဘူးပေါ့။ အားမနာတဲ့ပုံစံမျိုးဖြစ်တယ်”
၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အမျိုးသမီးအုပ်ချုပ်ရေးမှူး အရေအတွက်မှာ တဖြည်းဖြည်းတိုးလာသော်လည်း လက်ရှိ နောက်ပြန်ဆုတ်သွားသည့် နိုင်ငံရေးအခင်းအကျင်းနှင့် ပဋိပက္ခတွေကြောင့် အမျိုးသမီးအုပ်ချုပ်ရေးမှူးများ ပိုမိုပေါ်ပေါက်လာရန် စိန်ခေါ်မှုရှိနေဆဲပါ။
တစ်ဖက်တွင် တိုင်းပြည်ငြိမ်သက်မှုရှိခဲ့ပါက အမျိုးသမီးအုပ်ချုပ်ရေးမှူးများ ယခုထက် ပိုပြီးထွက်ပေါ်လာမည့် အနေအထားတွင် ရှိခဲ့သည်ဟုလည်း အမျိုးသမီးအရေးလှုပ်ရှားသူများက ရှုမြင်ကြသည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားမှာ ယိုယွင်းနေသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ရခိုင်ဒေသတွင်လည်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့၏ အုပ်ချုပ်ရေး အားပြိုင်မှုများ ရှိနေသည်။ ထိုသို့အခြေအနေများကြောင့် ရခိုင်ပြည်ရှိ အမျိုးသမီးများမှာ အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်နိုင်ရန် စိန်ခေါ်မှုများ ရှိနေသည်။
“တချို့ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်လာမယ့် အစိုးရတစ်ရပ်နဲ့အတူ အုပ်ချုပ်ရေးအခန်းကဏ္ဍမှာ အမျိုးသမီးတွေ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး လုပ်လိုစိတ်ရှိတဲ့ အမျိုးသမီးတွေရှိခဲ့တယ်။ ဒါပေမယ့် တိုင်းပြည် ယိုယွင်းတဲ့အနေအထားမှာ ကျတော့ သူတို့က ဆန္ဒသဘောထားရှိတဲ့တိုင်အောင် ပါဝင်တဲ့အခြေအနေမျိုး မရှိလာဘူး” ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ စောစံငြိမ်းသူကဆိုသည်။
လက်ရှိ နိုင်ငံရေးအနေအထားနှင့် ပဋိပက္ခတွေကြောင့် အမျိုးသမီး အုပ်ချုပ်ရေးမှူးများအတွက် စိန်ခေါ်မှုဟာ ယခင်ထက် ပိုများလာနိုင်သည်။
အုပ်ချုပ်ပိုင်းတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရန်အတွက် အမျိုးသမီးများအနေဖြင့် ကိုယ်တိုင်ဦးဆောင်ပြီး ရဲရဲဝံ့ဝံ့နှင့် သတ္တိရှိရှိ လုပ်ကိုင်ပြရန် လိုအပ်နေသေးသည်ဟု ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ရှုမြင်သည်။
“အမျိုးသမီးတွေကိုယ်တိုင်က ဒါကို ငါတို့ လုပ်ကိုင်နိုင်တယ်ဆိုတာကို ပြသဖို့အချိန်ရောက်နေပြီ။ အဲဒါကြောင့် သူတို့ကိုယ်တိုင် ပူးပေါင်းပြီး လူထုတွေကိုဦးဆောင်ပြီး သူတို့ကိုယ်တိုင် လုပ်ပြဖို့လိုအပ်တယ်။ အဲဒီလို လုပ်လာမယ်ဆိုရင် အကုန်လုံးက အသိမှတ်ပြုမယ်။ ဝိုင်းဝန်းပါဝင်လာမှာဖြစ်တယ်” ဟု ဦးအောင်သောင်းရွှေက ပြောသည်။
အမျိုးသမီးများမှာ အိမ်မှုကိစ္စများကိုသာ လုပ်ကိုင်ရမည်ဟု ရှေးရိုးစွဲဓလေ့များကြောင့် အိမ်မှုကိစ္စ၊ သားသမီးကိစ္စ ရေးရာတို့တွင် ပို၍အာရုံစိုက်ရသဖြင့် အုပ်ချုပ်ရေးပိုင်းကို မလှည့်နိုင်ဘဲ ဖြစ်နေရသည်ဟုလည်း ဆိုကြသည်။
“အမျိုးသမီးပါဝင်မှု အားနည်းတာက ကျမတို့ အမျိုးသမီးတွေက စိတ်အားငယ်မှုရှိတယ်။ ပြီးရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူး။ ဒီအလုပ်ကိုလုပ်ရင် ဖြစ်နိုင်မလား တွေးတာတွေရှိတယ်။ အိမ်မှာ ထမင်းချက်နေရင် ဖြစ်ပြီဆိုတဲ့ အမျိုးသမီးတွေလည်း ရှိသေးတယ်” ဟု ဒေါ်ချိုချိုရီက အားမလိုအားမရ ပြောသည်။
အမျိုးသမီးများတွင် အမျိုးသားများနှင့် မတူညီသည့် အတွေးအခေါ်များရှိသည့်အပြင် လုပ်ငန်းတစ်ခု လုပ်ကိုင်ရာတွင်လည်း ပို၍အသေးစိတ်ကျသည့်အတွက် ကဏ္ဍတိုင်း၊ နယ်ပယ်တိုင်းတွင် အမျိုးသမီးများပါဝင်လာရန် အရေးကြီးကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများကပြောဆိုကြသည်။
မည်သို့ပင်ဆိုစေကာမူ အုပ်ချုပ်ရေးမှူးအဖြစ် နှစ်ကြာရှည် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးတစ်ဦးအနေဖြင့် အမျိုးသား အုပ်ချုပ်ရေးမှူးနှင့်မတူဘဲ အဓိကအားသာချက်မှာ စိတ်ရှည်စွာဖြင့် ပြဿနာများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်းဖြစ်သည်ဟု ဒေါ်ချိုချိုရီက ပြောသည်။
“သူများတွေက ဒေါသ၊ မောဟနဲ့ ပြောကြရင်လည်း ကျမက သည်းခံပြီးတော့ မပြောသင့်တဲ့စကားကို မပြောဘူး။ ကျမက သည်းခံတယ်။ သူတို့ ဒေါသ၊ မောဟတွေ ပြေပျောက်သွားမှ သူတို့ကို အေးအေးဆေးဆေး ပြန်ပြီးပြောပြတယ်။ အဲဒါတစ်ခုက အားသာချက်ရှိတယ်” ဟု သူကပြောသည်။
မင်းထွန်း - ရေးသည်။