- နွေဦးတော်လှန်ရေး ဦးဆောင်မှုကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားနည်းနေသေး
- မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြောင့် လုံခြုံရေးအန္တရာယ်သစ် ပေါ်လာမည့်အလားလာရှိဟု ဘင်္ဂလားဒေ့ရှ်က ကုလတွင် သတိပေး
- ကျောက်ဖြူ-ရန်ကုန် ခရီးသွားများ စစ်ကောင်စီဌာနများနှင့် ပွဲစားများမှ ပူးပေါင်းချယ်လှယ်မှုကို ခံနေရ
- သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲ အရှိန်မြင့်တက်
- ရုရှားနှင့်မြန်မာအကြား ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး စာချုပ် ချုပ်ဆို
နွေဦးတော်လှန်ရေး ဦးဆောင်မှုကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားနည်းနေသေး
စစ်အာဏာရှင်စနစ်ဆန့်ကျင်မှု နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ တွင်တွင်ကျယ်ကျယ် ပါဝင်နေသော်လည်း အဓိက ဦးဆောင်မှုအခန်းကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားကောင်းရန်လိုအပ်နေသေးကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။
21 Jun 2025

DMG ၊ ဇွန် ၂၁
စစ်အာဏာရှင်စနစ်ဆန့်ကျင်မှု နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ တွင်တွင်ကျယ်ကျယ် ပါဝင်နေသော်လည်း အဓိက ဦးဆောင်မှုအခန်းကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားကောင်းရန်လိုအပ်နေသေးကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။
"မြန်မာ့နွေဦးတော်လှန်ရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ" ဆွေးနွေးပွဲစကားဝိုင်းတစ်ခုကို ယနေ့ (ဇွန် ၂၁ ရက်)တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ကြသည်။
နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင်နည်းလမ်းဖြင့်လည်းကောင်း၊ လက်နက်မကိုင်ဘဲလည်းကောင်း အမျိုးသမီးများမှာ ဘက်ပေါင်းစုံကပါဝင်နေသော်လည်း နိုင်ငံရေးဆုံးဖြတ်မှု၊ နိုင်ငံရေး ဦးစီးဆောင်ရွက်မှုလုပ်ရမည့် နေရာများတွင် အမျိုးသမီးများကို နေရာပေးခံရမှုမှာ အားနည်းနေသေးသည်ဟု အမျိုးသမီး အသိုင်းအဝိုင်းက ဆိုသည်။
"ဒီလိုတော်လှန်ရေး ဖြစ်လာတဲ့အချိန် အမျိုးသမီးတွေ ဦးဆောင်မှုကလည်း ပါတယ်ဆိုပေမယ့် တကယ့်တကယ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဖြစ်လာပြီဆိုရင် အမျိုးသားတွေကပဲ ပိုပြီးတော့မှ ဦးဆောင်လိုက်ကြတဲ့ အနေအထားတွေရှိပြီးတော့ အဲဒီရဲ့အစဉ်အလာက တဖြည်းဖြည်းနဲ့ နောက်ကနေ ပံ့ပိုးပေးရမယ်ဆိုတဲ့ ပုံစံမျိုးကို တွန်းပို့တယ်" ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၏ မူဝါဒရေးရာအဖွဲ့ဝင် ဒေါ်တင်တင်ညိုက ပြောသည်။
လက်ရှိတော်လှန်ရေးခရီး တက်လှမ်းရာတွင် အမျိုးသမီးပါဝင်မှု အပြည့်အဝရှိမှသာ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မည်ဖြစ်ပြီး ချန်ထားခဲ့မှုက တော်လှန်ရေးပြီးမြောက်ရန်အတွက် ခက်ခဲစေနိုင်ကြောင်းလည်း အမျိုးသမီးအရေးလှုပ်ရှားသူများက ထောက်ပြကြသည်။
ထို့ကြောင့် တော်လှန်ရေးကဏ္ဍတွင် အမျိုးသမီးများ ဦးဆောင်ပါဝင်မှု အားကောင်းလာရေးအတွက် တော်လှန်ရေး အင်အားစုများအနေဖြင့် အမျိုးသမီးအရေးကို ထည့်သွင်းစဉ်းစားသည့် မူဝါဒများချမှတ်ကာ လက်တွဲခေါ်ရန်လိုကြောင်းလည်း တိုက်တွန်းကြသည်။
အမျိုးသမီးများအနေဖြင့်လည်း ဦးဆောင်နိုင်မှုစွမ်းရည်၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု စသည့်အရည်အသွေး၊ အရည်အချင်းပိုင်းကို မြှင့်တင်ရန်လိုအပ်လျက်ရှိသည်။
တစ်ဖက်မှာလည်း လှုမှုပတ်ဝန်းကျင်မှ သတ်မှတ်ထားသောစံနှုန်းများကြောင့် အမျိုးသမီးများမှာ ဖိနှိပ်ခံရမှုများအပြင် ကျား/မအခြေပြု အကြမ်းဖက်မှုများကိုပါ ရင်ဆိုင်နေကြရသဖြင့် အမျိုးသမီးများမှာ အဘက်ဘက်တွင် အကျပ်အတည်းများကြုံနေရသည်ဟု အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူက ပြောသည်။
"အကြမ်းဖက်မှုတွေကိုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက မုဒိမ်းကျင့်ခွင့် လိုင်စင်ရထားတာ အခုမှတော့ မဟုတ်ဘူး။ အခုတော်လှန်ရေးကာလနောက်ပိုင်း တိုင်းရင်းသူ အမျိုးသမီးတွေသာမက ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုကို အမျိုးသားတွေပါ ကြုံတွေ့လာကြရတယ်" ဟု ဒေါ်မေစံပယ်ဖြူက ပြောသည်။
စစ်ကောင်စီက စစ်ရေးပဋိပက္ခနှင့်ဆက်နွယ်ကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စစ်လက်နက် တစ်ခုအနေဖြင့် အသုံးချခြင်းကြောင့်လည်း တော်လှန်ရေးတွင် အမျိုးသမီးများ ယခုထက်ပို ပါဝင်အားကောင်း လာရေးက ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသည်။
လက်ရှိတော်လှန်ရေးတွင် ပါဝင်နေသည့် အမျိုးသမီးများအပါအဝင် နိုင်ငံတဝန်းရှိ အမျိုးသမီးများမှာ မျိုးစုံသော အကြမ်းဖက်မှု အခြေအနေများကို ရင်ဆိုင်နေကြရပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကိုပါ ခံစားနေကြရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၄ နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း နိုင်ငံတဝန်း အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ဆက်လက်ရှိနေဆဲဖြစ်ကာ လက်နက်ကိုင်တော်လှန်ရေးမှာလည်း အရှိန်မြင့်လျက်ရှိသည်။