- အမေရိကန်နှင့် မဟာမိတ်များ ‘ဒရုန်း’သင်္ဘောများ စမ်းသပ်
- ရေဘေးသင့် ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် ဝမ်းရောဂါ အဖြစ်များနေ
- ဒုက္ခသည်အရေး အဆုံးမရှိ ထိုင်စောင့်နေ၍မရဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ်ပြော
- လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်တွင် လေးရက်အတွင်း အရပ်သား သေဆုံးဒဏ်ရာရသူ ၂၅ ဦးရှိ
- ဂွတိုက်ပွဲ ပြင်းထန် (ကုလားပြင်ရွာမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး)
မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များနှင့် အနောက်ဘက်ခြမ်း ပြဿနာ
AA သည် မွတ်ဆလင်အများစုနေထိုင်ရာ မောင်တောခရိုင်ကို စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ခဲ့လျှင်လည်း မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များသည် AA အတွက် စိန်ခေါ်မှုဖြစ်လာနိုင်သည်။
24 Sep 2024
မင်းထွန်း - ရေးသည်
မေယုတောင်တန်းကြီးမှာ မြင့်မားသည့် တောင်စဉ်တောင်တန်းများနှင့် သစ်ပင်ကြီးငယ်တို့ ထူထပ်နေသည့် နေရာဖြစ်သည်။ တောအုပ်ကြီးဖြစ်သည့်အလျောက် ကျေးငှက်သာရကာနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားသည့်အပြင် လက်နက်ကိုင်အဖွဲ့များ ခိုအောင်းရာ နေရာလည်းဖြစ်သည်။ ရခိုင်ပြည်၏ အနောက်ဘက်ခြမ်း မေယုမြစ်နှင့် နစ်မြစ်ကြားတွင် ရှိပြီး မယူတောင်တန်း ဟုလည်း ခေါ်ကြသည်။
“ရိုဟင်ဂျာ”အမည်ခံ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ အခြေကုပ်ရာနေရာပင်ဖြစ်ပြီး အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ ရိုဟင်ဂျာတပ်မတော် (ARA) စသည့် အဖွဲ့များ စခန်းချလှုပ်ရှားကြသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ မေယုတောင်ကြောအပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တို့တွင်လည်း အဓိက လှုပ်ရှားကြသည်။ ARSA၊ RSO၊ ARA အဖွဲ့တို့သည် ယခင်က မြန်မာစစ်တပ် (စစ်ကောင်စီ)၊ အာရက္ခတပ်တော်(AA) တို့နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ထို့အပြင် ၎င်းတို့ အချင်းချင်းကြားလည်း တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။ ယင်းအထဲမှ ARSA နှင့် RSO တို့သည် ရခိုင်ဒေသအပြင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် သြဇာလွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းကာ နှစ်ဖက်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားကြသည်။
သို့သော် စစ်ကောင်စီနှင့် AA တို့၏ လက်ရှိ တတိယအကြိမ် ရခိုင်စစ်မျက်နှာတွင် ARSA၊ RSO၊ ARA အဖွဲ့များသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး AA ကို ရင်ဆိုင်တိုက်ခိုက်နေသည်။
ARSA၊ RSO၊ ARA ဆိုတာ...
ရခိုင်ပြည်တွင် ၂၀၁၂ ခုနှစ်၊ အဓိကရုဏ်များဖြစ်ပွားပြီးနောက် ၂၀၁၃ ခုနှစ်တွင် Harakah al-Yaqin (ယုံကြည်ချက်အခြေခံ လှုပ်ရှားမှု) အဖွဲ့ ပေါ်ပေါက်လာသည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှုပ်ရှားလေ့ရှိသည့် ယင်းအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် Arakan Rohingya Salvation Army (ARSA) ဟု အမည်ပြောင်းလဲခဲ့သည်။
အမည်ပြောင်းသည့်နေ့တွင်ပင် ARSA သည် ရသေ့တောင်နှင့် မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲကင်းစခန်း(၃)ခုကို တိုက်ခိုက်ခဲ့သည်။ အလားတူ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ARSA သည် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်ရှိ နယ်ခြားစောင့်ကင်းစခန်း ၃၀ ကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် ရခိုင်၊ ဒိုင်းနက်၊ မြို၊ ဟိန္ဒူဒေသခံများအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ရသည်။ ယင်းကြောင့် ARSA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုက ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။
RSO အဖွဲ့သည် ၁၉၈၀ ခုနှစ်အစောပိုင်းတွင် တည်ထောင်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။ မြန်မာစစ်တပ်ကို ပထမဆုံး တော်လှန်ဆန့်ကျင်သည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့လည်း ဖြစ်သည်။ RSO သည် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ခြေကုပ်ယူပြီး မောင်တောမြို့နယ်ရှိ လုံခြုံရေး ကင်းစခန်းများကို တိုက်ခိုက်မှုများ ရှိခဲ့သည်။
၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် RSO အဖွဲ့၏ လှုပ်ရှားမှုများကို မတွေ့ရတော့ဘဲ ပျောက်ကွယ်နေခဲ့သည်။ သို့သော် မြန်မာ နိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် RSO အဖွဲ့၏ လှုပ်ရှားမှုများမှာ တဖန် ပေါ်ပေါက်လာသည်။
ယင်းအပြင် ARA သည် ရိုဟင်ဂျာ(မွတ်ဆလင်)များ၏ လူ့အခွင့်အရေးအတွက်ဟုဆိုကာ ၂၀၂၀ ခုနှစ်အတွင်းတွင် ပေါ်ပေါက်လာသည်။ ရခိုင်ဒေသတွင် အခြေစိုက် လှုပ်ရှားပြီး ရံဖန်ရံခါ တိုက်ပွဲများ ဖော်ဆောင်လေ့ရှိသည့် အဖွဲ့ဖြစ်သည်။
ARSA၊ RSO၊ ARA အဖွဲ့များသည် မေယုတောင်ကြောနှင့် နယ်စပ်တကြောတွင် လှုပ်ရှားကာ ဒေသခံများကို ခြိမ်းခြောက် ငွေညှစ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ အဓမ္မ ပြုကျင့်ခြင်း စသည့် လုပ်ရပ်များ လုပ်လာကြသည်။
စစ်ကောင်စီနဲ့ ပူးပေါင်းသွားတာ ဘာကြောင့်လဲ
ရခိုင်ပြည်တွင် AA က တတိယအကြိမ် စစ်မျက်နှာကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ တိုက်ပွဲများ ရက်ဆက်ပြင်းထန်လာပြီး စစ်ကောင်စီကလည်း AA ၏ ထိုးစစ်ကို ကြည်း၊ ရေ၊ လေတို့ဖြင့် ပူးပေါင်းခုခံသည်။ ယင်းကြားထဲမှ AA သည် စစ်ကောင်စီ၏ တပ်စခန်း၊ မြို့များကို ဆက်တိုက် သိမ်းပိုက်လာသည်။
တိုက်ပွဲကာလ လေးလမပြည့်မီ ၂၀၂၄ ခုနှစ်၊ မတ် ၁၇ ရက်ထိ ရခိုင်က မြို့နယ် (၈) ခုကို AA က သိမ်းပိုက်လိုက်သည်။ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ရမ်းဗြဲမြို့နယ်တို့ကို အလုံးစုံ ထိန်းချုပ်လိုက်သည်။ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင်လည်း တိုက်ပွဲအရှိန်ပြင်းထန်နေသည်။ AA သိမ်းပိုက်နယ်မြေ ကျယ်ပြန့်လာချိန်တွင် စစ်ကောင်စီသည် မေယုဒေသ၌ AA ထိုးစစ်ကို ခုခံရန် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များကို ချဉ်းကပ်ခဲ့သည်။
“ဘူးသီးတောင်၊ မောင်တော မေယုဒေသဟာ မွတ်ဆလင်တွေပိုင်တဲ့ ဒေသဖြစ်တယ်။ ရခိုင်တွေ မပိုင်ဘူး။ ရခိုင်တွေ ထွက်သွားပြီ၊ ပြန်ဝင်လို့ မရတော့ဘူး။ မွတ်ဆလင်တွေနဲ့ စစ်တပ်ပေါင်းပြီး ရခိုင်တွေကို အဝင်မခံတော့ဘူး။ AA ကို နိုင်အောင် တိုက်ရမယ်၊ AA မရှိရင် မင်းတို့ အုပ်ချုပ်ရမယ်”
အထက်ပါစကားလုံးများကို အသုံးပြုပြီး စစ်ကောင်စီသည် ARSA၊ RSO၊ ARA အပြင် အရပ်သားမွတ်ဆလင်များကို မက်လုံးပေး စည်းရုံးပြီး စစ်မြေပြင်တွင် အသုံးချရန်လုပ်ဆောင်ခဲ့ခြင်းဟု ဒေသနေမွတ်ဆလင်များက DMG သတင်းဌာနကို ဖြေဆိုထားသည်။
စစ်ကောင်စီ၏ မက်လုံးများကို မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် မွတ်ဆလင်အချို့က လက်ခံခဲ့ကြပြီး စစ်ကောင်စီနှင့် ပူးပေါင်းကာ AA ကို တိုက်ခိုက်လာကြသည်။ ARSA၊ RSO၊ ARA တို့သည် ၎င်းတို့ကျက်စားရာ ဘူးသီးတောင်၊ မောင်တောဒေသကို အုပ်ချုပ်ခွင့်ရရန်နှင့် AA က ကြီးစိုးသွားမည်ကို မလိုလား၍ စစ်ကောင်စီနှင့် တက်ကြွစွာ ပူးပေါင်းသွားခြင်းဟု ကောက်ချက်ချနိုင်သည်။
စစ်ကောင်စီနှင့် ARSA၊ RSO၊ ARA တို့သည် သူ့အကျိုးစီးပွားနှင့်သူ ယာယီပေါင်းစည်းသွားခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ သရုပ်မှန်ပေါ်လာခြင်းဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောဆိုထားသည်။
ရသေ့တောင်မြို့ကျရှုံးသည့် ၂၀၂၄ ခုနှစ်၊ မတ် ၁၇ ရက် နောက်ပိုင်းမှစကာ ဘူးသီးတောင်တွင် AA ထိုးစစ်ကို ခုခံရန် ARSA ကို ချဉ်းကပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် တပ်ရင်းမှူး ဗိုလ်မှူးလှိုင်ဝင်းထွန်းက ဝန်ခံထားသည်။ ဗိုလ်မှူး လှိုင်ဝင်းထွန်းသည် AA ထံ လက်နက်ချအညံ့ခံထားသူဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန် ၂၄ ရက်တွင် နိုင်ငံခြားသတင်းဌာန The Diplomat နှင့် အင်တာဗျူးတွင် ဝန်ခံထားခြင်းဖြစ်သည်။
စစ်ကောင်စီသည် စစ်ရှုံးလျက် ကယ်ရာမဲ့၊ ကူရာမဲ့ဖြစ်လာချိန်တွင် ARSA ကဲ့သို့ အကြမ်းဖက်အဖွဲ့ကိုပင် မဟာမိတ်ပြုရန် မရှက်တော့ဘဲ မိုက်မဲသည့် ဆုံးဖြတ်ချက်ကို ချလာကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနှင့် အင်တာဗျုးတွင် မှတ်ချက်ပြုထားသည်။
စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးခြင်း
ယခင်က မေယုတောင်တန်းတကြောနှင့် နယ်စပ်တလျှောက်မှာသာ လျှို့ဝှက်စွာလှုပ်ရှားခဲ့ရသည့် ARSA၊ RSO၊ ARA တို့သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီးနောက် လွတ်လပ်စွာလှုပ်ရှားခွင့် ရလာသည်။ ကျေးလက်ဒေသတွင်သာမက မြို့ပေါ်ထိ အခြေချကာ စစ်ကောင်စီတပ်သားများနှင့်အတူ စစ်ရေးလှုပ်ရှားခြင်းများ ဆောင်ရွက်လာသည်။ စစ်ကောင်စီကလည်း လက်နက်ခဲယမ်းများ တပ်ဆင်ပေးသည်။
ဘူးသီးတောင်၊ မောင်တောဒေသရှိ မြို့ပေါ်ဒေသနှင့် တပ်စခန်းများတွင် စစ်ကောင်စီတပ်သားများနှင့်အတူ မွတ်ဆလင်လက်နက်ကိုင်များက တာဝန်ထမ်းဆောင်ကြသည်။ ဒေသတွင်း၌ လူမျိုးရေးပဋိပက္ခဖြစ်အောင် လှုံ့ဆော်ကြသည်။ ရခိုင်လူထုထောက်ခံမှု အခိုင်အမာရရှိထားသည့် “AA ကို အလိုမရှိ” ဆန္ဒဖော်ထုတ်ရန် ဘူးသီတောင်၊ မောင်တောမြို့နယ်တို့မှ မွတ်ဆလင်များကို အတင်းအဓမ္မစေခိုင်းခဲ့သည်။ မွတ်ဆလင်မဟုတ်သည့် နေအိမ်များကို ဖောက်ထွင်းမီးရှို့ဖျက်ဆီးလာသည်။
ယင်းအပြင် ARSA၊ RSO၊ ARA အဖွဲ့တို့သည် ဒေသနေ မွတ်ဆလင်များကို စစ်မှုထမ်းရန် စည်းရုံးခြင်း၊ အဓမ္မစစ်မှုထမ်းရန် စေခိုင်းသည်။ စစ်ကောင်စီတပ်သားများနှင့်အတူ မွတ်ဆလင်ကျေးရွာများကို သွားရောက်ပြီး ဒေသခံများကို စစ်မှုထမ်းလျှင် “နိုင်ငံသားအဖြစ် သတ်မှတ်ပေးမယ်၊ လွတ်လပ်စွာ သွားလာခွင့်ရမယ်” စသဖြင့် အနုနည်းဖြင့် မက်လုံးပေး စည်းရုံးသည်။ စည်းရုံး၍ မရပါက ခြိမ်းခြောက်အကျပ်ကိုင်၍ စစ်ကောင်စီအတွက် တပ်သားစုဆောင်းပေးကြသည်။
“ပြည်သူ့စစ်သားတွေ ပေးရမယ်။ မပေးရင် သတ်ပစ်မယ်၊ သွားလာခွင့်တွေ ပိတ်မယ်။ အိမ်တွေရော၊ ရွာရော အကုန် မီးရှို့မယ်” ဟု ခြိမ်းခြောက်ကာ စစ်မှုထမ်းခေါ်ဆောင်ခဲ့ကြောင်း ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံမွတ်ဆလင်များက ပြောဆိုကြသည်။
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ရခိုင်ဒေသအတွင်းက မွတ်ဆလင်များကိုသာ တပ်သားအဖြစ် စုဆောင်းပေးခြင်း မဟုတ်ပေ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များကိုလည်း ထိုနည်းတူစွာ စုဆောင်းပေးသည်။
ဒုက္ခသည်များကို အတင်းအကြပ်ဖမ်းဆီး၍ မြန်မာစစ်ကောင်စီထံ စစ်မှုထမ်းရန် ပို့ဆောင်နေခြင်းမှာ ဥပဒေချိုးဖောက်မှုဖြစ်ပြီး လူကုန်ကူးမှုမြောက်ကြောင်း Fortify Rights က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်သည်။
ဒုက္ခသည်စခန်းမှ မွတ်ဆလင်များကို ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပို့ဆောင်ခြင်းမရှိသည့်အပြင် စစ်ကောင်စီနှင့်လည်း ပူးပေါင်းမှု မရှိကြောင်း RSO အဖွဲ့က ငြင်းဆိုထားသည်။
စစ်ကောင်စီနှင့် RSO တို့ကြားတွင် အချင်းချင်းမတိုက်ခိုက်ရန် တရားဝင်သဘော တူညီချက်မဟုတ်ဘဲ နားလည်မှုတစ်ရပ် ရရှိထားသည်ဟုလည်း RSO ၏ နိုင်ငံရေးမှူး ကိုကိုလင်းက ရိုက်တာသတင်းဌာနနှင့် အင်တာဗျုးတွင် ပြောဆိုထားသည်။
သို့သော် ARSA၊ ARA အဖွဲ့တို့သည် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုလာခြင်း မရှိသေးပေ။
နေအိမ်များ ဖောက်ထွင်းမီးရှို့ခြင်း
စစ်ကောင်စီနှင့် ပူးပေါင်းပြီးနောက် ARSA၊ RSO၊ ARA တို့သည် ဘူးသီးတောင်၊ မောင်တောဒေသတွင် ရခိုင်နှင့် အခြားလူမျိုးများ၏ နေအိမ်များကို ဖောက်ထွင်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာသည်။ ယင်းလုပ်ရပ်များကို စစ်ကောင်စီကလည်း မျက်စိမှိတ်၊ နားပိတ်ကာ ခွင့်ပြုပေးထား၍ ဘူးသီးတောင်မြို့တွင် နေအိမ် ၂,၉၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။
ဘူးသီးတောင်မြို့ရှိ လူနေအိမ်များကို ဖောက်ထွင်း၊ မီးရှို့ရန် စစ်ကောင်စီအရာရှိ တင်မိုးအောင်နှင့် စရဖ ဗိုလ်ကြီး ခိုင်မင်းဇော်က စစ်ကောင်စီနှင့်အပေါင်းပါ မွတ်ဆလင်လက်နက်ကိုင်များကို စေခိုင်းခဲ့ကြောင်း AA ထံ လက်နက်ချသည့် ဗိုလ်မှူး လှိုင်ဝင်းထွန်းက ဝန်ခံထားသည်။
၂၀၂၄ ခုနှစ်၊ မေ ၉ ရက်တွင် မောင်တောမြို့နယ်၊ ရွှေရင်အေး(ရခိုင်)ကျေးရွာကို မြို့သူကြီး နခခ-၅ မှ စစ်ကောင်စီ တပ်သားများနှင့် မွတ်ဆလင်လက်နက်ကိုင်များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းနောက် မေ ၁၃ ရက်တွင် ရွှေရင်အေးရွာကို မီးရှို့ခဲ့သည့် ဗီဒီယိုဖိုင် လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည်။ ဗီဒီယိုဖိုင်တွင် စစ်ယူနီဖောင်းဝတ်ဆင်ကာ လက်နက်ကိုယ်စီကိုင်ဆောင်ထားသည့် မွတ်ဆလင်များသည် မီးလောင်နေသည့် နေအိမ်များရှေ့တွင် အော်ဟစ်အောင်ပွဲခံနေပြီး အချို့မှာ ဓာတ်ဆီဘူးကိုင်ထားသည်ကို တွေ့ရသည်။
ဒေသခံများ လုံခြုံမှုကင်းမဲ့လာခြင်း
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး AA ကို တိုက်ခိုက်သည်သာမက မွတ်ဆလင်မဟုတ်သည့် ဒေသခံများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လာခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က မောင်တော ကြိမ်ချောင်းသို့ ကုန်ပစ္စည်းများဝယ်ယူရန် သွားသည့် အရပ်သား ကားတစ်စီးကို ARSA အဖွဲ့က ခြုံခိုပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့မှ စစ်ဘေးရှောင် ၅ ဦး သေဆုံးပြီး၊ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိသွားခဲ့သည်။
မောင်တောမြို့နယ် ရွှေတောင်ကျေးရွာနှင့် ကျီးကန်းပြင် တောင်ရွာကြား၊ ၃မိုင် - ကျီးကန်းပြင် ကားလမ်းမ ပေါ်တွင် ARSA အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အရပ်သားများအား ARSA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်သတ်ဖြတ်နေသည့် ဗီဒီယိုရုပ်သံဖိုင်ကိုလည်း ဩဂုတ်လအစောပိုင်းတွင် ARSA ၏ လူမှုကွန်ရက်တွင် ထုတ်လွှင့်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည်(ခ) မော်နီကိုကျေးရွာအနီးရှိ တောတောင်သို့ မျှစ်ချိုးရန် သွားသည့် ခမီလူမျိုး ၇ ဦးမှာ မွတ်ဆလင်လက်နက်ကိုင်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ယင်းအပြင် တိုက်ပွဲကာလအတွင်း ဘူးသီးတောင်မြို့တွင် ဒေသခံ ၉ ဦးမှာ စစ်ကောင်စီနှင့် မွတ်ဆလင်လက်နက်ကိုင်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက် သေဆုံးသွားခဲ့ရသည်။ ယင်းအထဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လုံခြုံရေး ဝန်ထမ်းတစ်ဦး ပါဝင်ပြီး ၎င်းမှာ နှိပ်စက် ညှင်းပန်းထားသည့် ဒဏ်ရာများကြောင့် မေ ၁ ရက်၊ နံနက် ၆ နာရီခန့်တွင် သေဆုံးသွားခဲ့သည်။
ယခင်ကတည်းက ဒေသခံများကို ဖမ်းဆီးငွေညှစ်ခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည့် မွတ်ဆလင် လက်နက်ကိုင် အဖွဲ့များသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီးနောက်တွင် ရာဇဝတ်မှုများကို ပို၍ ကျုးလွန်လာကြသည်။ သို့ဖြစ်၍ ဒေသနေ ပြည်သူများအတွက် ပိုပြီး စိုးရိမ်စရာဖြစ်လာသည်။ ARSA၊ RSO၊ ARA တို့၏ လုပ်ရပ်များကြောင့် ရခိုင်ပြည် အနောက်ဘက်ခြမ်းမှ ဌာနေတိုင်းရင်းသားများနှင့် မွတ်ဆလင်များမှာ လုံခြုံမှုကင်းမဲ့နေသည့် အခြေအနေဖြင့် ရင်ဆိုင်နေကြရသည်။
အထူးသဖြင့် တောတောင်အမှီပြု ဒေသခံများအတွက် ပို၍ရင်လေးစရာဖြစ်သည်။ မောင်တောခရိုင်ရှိ ကျေးလက်နေသူ အများစုမှာ တောတောင်များကို အမှီပြုပြီး သစ်ခုတ်၊ ဝါးခုတ်၊ ဟင်းရှာ၊ လယ်ယာနှင့် ငါးဖမ်းလုပ်ငန်းတို့ဖြင့် လုပ်ကိုင် စားသောက်ကြသည်။
AA အတွက် စိန်ခေါ်မှုကြီးသည့် အနောက်ဘက်ခြမ်းပြဿနာ
အာရက္ခတပ်တော်(AA) သည် ၂၀၂၄ ခုနှစ်၊ မေ ၁၇ ရက်တွင် ဘူးသီးတောင်မြို့နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။ မောင်တောမြို့နယ် တစ်ခုလုံးကိုလည်း သိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း ကြေညာထားသည်။ ထို့ကြောင့် AA သည် ရခိုင်ပြည် အနောက်ဘက်ခြမ်းဒေသကို အလုံးစုံ သိမ်းပိုက်တော့မည့် အခြေအနေရှိနေသည်။
မောင်တောမြို့အခြေစိုက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် မြို့သူကြီး နခခ (၅) တပ်စခန်းကို သိမ်းပိုက်နိုင်လျှင် မြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်နိုင်မည်ဖြစ်သည်။ မေယုဒေသဟုခေါ်သည့် မောင်တောခရိုင် တစ်ခုလုံးသည်လည်း AA ၏ ဩဇာအာဏာအောက်သို့ ဆိုက်ရောက်နိုင်တော့သည်။
AA သည် မွတ်ဆလင်အများစုနေထိုင်ရာ မောင်တောခရိုင်ကို စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ခဲ့လျှင်လည်း အခြားထိန်းချုပ်နယ်မြေများကဲ့သို့ နောက်ကျောလုံစွာ ထိန်းချုပ်ရန် စိန်ခေါ်မှုများ ရှိလာနိုင်သည်။ နိုင်ငံတကာအမြင်များ လည်းရှိနေ၍ စစ်ကောင်စီကဲ့သို့ အပြီးတိုင် တိုက်ခိုက်ရန် မလွယ်ကူသည့် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များသည် AA အတွက် စိန်ခေါ်မှုဖြစ်လာနိုင်သည်။ ထို့ကြောင့် မောင်တောခရိုင်သည် AA အတွက် သတိထား ထိန်းချုပ်ရမည့် ဒေသတစ်ခုဖြစ်နေသည်။
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မေယုတောင်ကြောတလျှောက်အပြင် မွတ်ဆလင်ကျေးရွာများအတွင်း ဒေသခံများနှင့် ရောထွေးနေထိုင်ကာ ကိုယ်ယောင်ဖျောက်လေ့ရှိ၍ AA အတွက် အပြီးတိုင် တိုက်ထုတ်ရန် စိန်ခေါ်မှုများရှိနေသည်။
AA က ရခိုင်ပြည်တွင် ၎င်းတို့လက်နက်ကိုင်တပ်ဖွဲ့မှလွဲ၍ မည်သည့်လက်နက်ကိုင်တပ်မှ ခွင့်မပြုကြောင်း ပြတ်သားစွာ ပြောထားသည်။ သို့ဖြစ်၍ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များကို မည်သို့မည်ပုံ ကိုင်တွယ်လာမည်ကို စောင့်ကြည့်ရပေမည်။
နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာသက်ဆိုင်သူများ အားလုံးအနေဖြင့် ULA/AA ကို ကူညီထောက်ပံ့ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်မှာ အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာနနှင့် အင်တာဗျူး၌ မကြာသေးမီက ပြောဆိုထားသည်။
AA ကို တိုက်ခိုက်ရန် မောင်တောဒေသသို့ အင်အား ၁,၀၀၀ ခန့် စေလွှတ်ခဲ့ပြီးနောက် သြဂုတ်လအစောပိုင်း၌ တိုက်ခိုက်ရေးသမားများကို ပြန်ရုပ်သိမ်းခဲ့သည့် RSO အဖွဲ့ကလည်း ပြန်လွှတ်ကာ တိုက်ခိုက်သွားမည်ဟု RSO ၏ နိုင်ငံရေးမှူး ကိုကိုလင်းက ထုတ်ဖော် ပြောဆိုထားသည်။
ထို့ကြောင့် RSO အပါအဝင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မောင်တော၊ ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံများ၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေအုံးမည့်အပြင် AA အတွက်လည်း စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်ရနိုင်သေးသည်။