ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်

AA သည် လက်ရှိအခြေအနေများအရ ဘဏ္ဍာရေး ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး အကူအညီများ မပါဘဲ ဒုက္ခသည်နေရပ်ပြန်ရေး ဖြစ်နိုင်ခြေမရှိ ဟူသည့်အချက်ကို ကိုင်စွဲထားသည်။ ဤသည်က ဘင်္ဂလားဒေ့ရှ် အစိုးရကို နိုင်ငံတကာမှ အကူအညီများ ရရှိအောင် လော်ဘီလုပ်ရန်၊ နိုင်ငံအများအပြားတွင် သီးသန့်ဆွေးနွေးပွဲများ ကျင်းပရန် တွန်းအားပေးလျက်ရှိသည်။

By Admin 01 Sep 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် တက္ကနာဒေသရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း တစ်ခု။ ဓာတ်ပုံ - Rajeev Bhattacharyya
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် တက္ကနာဒေသရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း တစ်ခု။ ဓာတ်ပုံ - Rajeev Bhattacharyya

ဘင်္ဂလားဒေ့ရှ်၏ ကြားဖြတ်အစိုးရသည် နိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသည့် မြန်မာနိုင်ငံရှိ ပြဿနာပေါင်းစုံ ကြုံနေရသည့် ရခိုင်ပြည်တွင် အစီအစဉ်တစ်ရပ် အကောင်အထည်ဖော်ရန် ပြင်ဆင်နေသည်။ ဤအစီအစဉ်သည် ဒေသတွင်းဧရိယာကို ကျော်လွန်ပြီး ဂယက်ရိုက်ခတ်မှုများ နှင့်အတူ ကြီးမားသည့် ဆူပူအုံကြွမှုများ ဖြစ်စေမည့် အလားအလာ ရှိနေသည်။

ဤဗျူဟာသည် အကြောင်းရင်း အမျိုးမျိုး ပေါင်းဆုံပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဆိုခဲ့ပါ အကြောင်းရင်းများ၏ မူလအစမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် ရှိနေသည့် ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို စောင့်ရှောက်ထားရသော ဝန်ထုပ်ဝန်ပိုးဖြစ်သည်။

ဤဒုက္ခသည်အရေအတွက်သည် ၁၉၇၀ အလွန်နှစ်များက စတင်ခဲ့သည့် မြန်မာစစ်တပ်၏ မွတ်ဆလင်များအပေါ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် တစစတိုးလာခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၌ အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုများတွင် ရိုဟင်ဂျာများ ပါဝင်ပတ်သက်လာခြင်းအပေါ် မှတ်တမ်းမှတ်ရာများ အခိုင်အမာ ရှိသည်။ ဒုက္ခသည်စခန်းများတွင် လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ထက်မနည်း လှုပ်ရှားနေသည်။

၎င်းတို့အနက် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ (RSO) သည် လိုအပ်သော အရင်းအမြစ်များ မရှိသည့်အတွက် ကာလအတန်ကြာ ပျောက်သွားပြီးနောက် ပြီးခဲ့သည့် သုံးနှစ်အတွင်း အထင်ပေါ်ဆုံး ဖြစ်လာခဲ့သည်ဟု ယူဆရသည်။

ဘင်္ဂလားဒေ့ရှ်၏ အကြောက်တရားများနှင့် ရိုဟင်ဂျာများကို နေရပ်ပြန်ပို့ရေး စိတ်အားထက်သန်မှုတွင် ထပ်တိုးပေါင်းကျလာသည်မှာ ပြီးခဲ့သော ၂ နှစ်ခန့်အတွင်း ရခိုင်ပြည်တွင် မြန်မာစစ်တပ်အား အာရက္ခတပ်တော်က တောက်လျှောက် အောင်ပွဲခံလာမှု ဖြစ်သည်။

လက်ရှိတွင် AA သည် ရခိုင်မြို့နယ် ၁၇ ခုအနက် ၁၄ ခုအထိ ထိန်းချုပ်ထားသည်။ ထိုအထဲတွင် ရိုဟင်ဂျာများ အများစုရှိသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်လည်း ပါဝင်သည်။ ရခိုင်ပြည်တွင် AA နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများ ရှိနေသည်နှင့်အမျှ ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်များ ထပ်ဝင်လာမည်ကို ဒါကာက စိုးရိမ်သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်များကို မြန်မာပြည်သို့ ပြန်ပို့ရေး မအောင်မမြင် ဖြစ်ရခြင်းနှင့် ဤကိစ္စက နိုင်ငံအပေါ် တန်ပြန်ဂယက်ရိုက်ခတ်မှုနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ဖွင့်ဟပြောဆိုမှုများ ရှိခဲ့သည်။ ရိုဟင်ဂျာအကျပ်အတည်းအတွက် ခိုင်မာသည့် ဖြေရှင်းချက်တစ်ရပ်ကို ဘင်္ဂလားဒေ့ရှ်သည် အလောတကြီး ရှာဖွေလျက်ရှိသည်။

ဒါကာသည် သြဂုတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ကော့ဘဇားတွင် ကျင်းပမည့် ရိုဟင်ဂျာအရေး ကွန်ဖရင့်၊ နယူးယောက်တွင် စက်တင်ဘာလ ၃၀ ရက်နေ့ ကျင်းပမည့် အစည်းအဝေး၊ ဒါကာတွင် ဒီဇင်ဘာလ ၆ ရက်နေ့ ပြုလုပ်မည့် တွေ့ဆုံပွဲ စသဖြင့် ရိုဟင်ဂျာအရေးကို မီးမောင်းထိုးပြမည့် ဆွေးနွေးပွဲများ တသီတန်း စီစဉ်လျက်ရှိသည်။

'ရခိုင်စင်္ကြံ' နောက်ကွယ်မှ အိုင်ဒီယာ

လတ်တလောတွင် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရသည် 'ရခိုင်စင်္ကြံ' တစ်ခု အဆိုပြုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ချိတ်ဆက်ပြီး စာနာထောက်ထားရေးနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ လမ်းကြောင်းတစ်ရပ် ထားရှိနိုင်ရေးကို မျှော်မှန်းသည့် အစီအစဉ် ဖြစ်သည်။

ဤစိတ်ကူးသည် အကူအညီများ ဖြန့်ချိရေး၊ ဒဏ်ရာရ အရပ်သားများကို ကယ်ထုတ်ရေးနှင့် နောက်ဆုံးအားဖြင့် ရခိုင်မှ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးတို့အတွက် ကာကွယ်စောင့်ရှောက်ပေးရန်နှင့် တစ်ကမ္ဘာလုံးက စောင့်ကြည့်ပေးရန် လမ်းကြောင်းတစ်ရပ် ထူထောင်မည့် အကြံဖြစ်သည်။

အမေရိကန်ကလည်း ရခိုင်စင်္ကြံကို တရုတ်သြဇာ ကြီးထွားလာသည့် ဒေသတွင်း၌ ခြေချနိုင်မည့် အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်ပြီး အားပေးကူညီမည့်သဘော ပြသသည်။ စာနာမှုအကူအညီပေးရေး စီမံချက်အဖြစ် တံဆိပ်ကပ်ထားသော်လည်း ဤစင်္ကြံသည် ပထဝီအနေအထားအရ ဗျူဟာမြောက်နေရာတွင် တည်ရှိခြင်းအပြင် ပါဝင်ပတ်သက်နေသူများကြောင့်ပါ ဝိဝါဒကွဲစရာ ဖြစ်နေသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ရခိုင်စင်္ကြံနောက်ကွယ်မှ ရည်ရွယ်ချက် အစစ်အမှန်သည် ရိုဟင်ဂျာများအတွက် ရခိုင်ပြည်တွင် 'ဘေးကင်းဇုန်' တစ်ခု ထူထောင်ရန် ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောကြသည်။ AA ကတော့ တက္ကနာမှတစ်ဆင့် စီမံလည်ပတ်မည့် အဆိုပါစင်္ကြံကို ဆန့်ကျင်သည်။

ဘင်္ဂလားဒေ့ရှ်၏ အစီအစဉ်မှာ ကူညီထောက်ပံ့မှုများ အမြောက်အများ ရယူပြီးနောက် ရိုဟင်ဂျာလက်နက်ကိုင်များအား အဆိုပါအကူအညီများကို လုယူအောင် အားပေးအားမြောက် လုပ်ပြီး ရခိုင်ပြည်တွင် ရိုဟင်ဂျာများအတွက် လုံခြုံမှု မရှိကြောင်း ထောက်ပြရန် ဖြစ်သည်ဟု သတင်းရင်းမြစ်များက စွပ်စွဲပြောဆိုမှုများ ရှိသည်။

ဤအစီအစဉ်၌ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ကို ရခိုင်ပြည်တွင် နေရာချထားရန်လည်း ပါဝင်သည်။ လတ်တလောတွင် ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင် ၅,၆၁၉ ဦးသည် နိုင်ငံ ၁၀ နိုင်ငံရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်များ၌ ဝင်ရောက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

သတင်းရင်းမြစ်များ ပြောကြသည့် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အစီအစဉ် နောက်တစ်ခုမှာ နှစ်နိုင်ငံလုံးရှိ စစ်တပ်၏ အားပေးကူညီမှုဖြင့် ရိုဟင်ဂျာ လက်နက်ကိုင် တပ်သားများကို ရခိုင်ပြည်တွင်းသို့ ထိုးဖောက်ဝင်ရောက်စေရန် ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မြန်မာစစ်ကောင်စီသည်လည်း ပြီးခဲ့သည့်နှစ်က မောင်တောတွင် AA ထိုးစစ်ကို ရပ်တန့်သွားစေရေး နည်းလမ်းတစ်ရပ်အဖြစ် ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စု အများအပြားနှင့် မဟာမိတ်ဆက်ဆံရေး အခိုင်အမာ ထားရှိခဲ့သည်။

စကြံအိုင်ဒီယာ ရုပ်သိမ်းသွားသော်လည်း အစီအစဉ် ဆက်ရှိနေဆဲ

ဘင်္ဂလားဒေ့ရှ်က ရခိုင်စင်္ကြံသည် မိမိတို့နိုင်ငံ၏ အချုပ်အခြားအာဏာကို ထိပါးနိုင်သလို အမေရိကန်သည်လည်း ပထဝီနိုင်ငံရေး ဗျူဟာမြောက် အကျိုးအမြတ်အတွက် ကူညီအားပေးခြင်း ဖြစ်သည် ဟူသော စိုးရိမ်ပူပန်မှုရှိသည်။ လက်ဝဲပါတီများနှင့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) အပါအဝင် နိုင်ငံရေးပါတီ အများအပြားက ဤအစီအစဉ်ကို ဆန့်ကျင်ကြသည်မှာ အံ့သြစရာ မဟုတ်ပေ။

ဤစီမံကိန်းကို နိဂုံးချုပ်ပေးလိုက်သည့် နောက်ဆုံးဖြစ်ရပ်သည် မေလနှောင်းပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ဝါကာအူဇမန်က အစိုးရအား စီမံကိန်းကို ရုပ်သိမ်းရန် ရာဇသံပေးလိုက်သည့် အချိန်ဖြစ်သည်။

သို့စေကာမူ လေ့လာသူများကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရသည် ရိုဟင်ဂျာများအတွက် ဘေးကင်းဇုန်တစ်ရပ် ထားရှိရေး အကြံအစည်ကို အမေရိကန်၏ အကူအညီဖြင့် ဆက်လက်ကြိုးပမ်းနေဆဲဟု အခိုင်အမာ ယူဆကြသည်။

"ဒါကာရဲ့အကြံက မြန်မာစစ်ကောင်စီနဲ့ ပေါင်းပြီး AA ကို တိုက်မယ့် ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားတွေကို စနစ်တကျ လက်နက်တပ်ဆင်ပြီး အသင့်ပြင်ဆင်ပေးဖို့ပါ။ AA အနေနဲ့ တိုက်ပွဲမျက်နှာစာ နှစ်ခုဖြစ်လာရင် အကျပ်ရိုက်နိုင်တယ်၊ ဒီနည်းအားဖြင့် နောက်ဆုံးတော့ မောင်တောမှာ ဘေးကင်းဇုန်တစ်ခု ထားရှိဖို့ သဘောတူရတဲ့အဆင့် ဖြစ်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက မျှော်လင့်ထားတယ်" ဟု အိန္ဒိယအစိုးရ အရာရှိတစ်ဦးက ဒီပလိုမက် သတင်းဌာနသို့ ပြောသည်။

"ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်ပိုင်းကလည်း ဒီကိစ္စကို နေပြည်တော်နဲ့ အကြိမ်ကြိမ် ဆွေးနွေးထားကြပြီ" ဟု သူက ဖြည့်စွက်ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာများကို လေ့ကျင့်သင်ကြားပေးမှုများလည်း ပိုမို အရှိန်မြှင့် ဆောင်ရွက်လာသည့် ဆိုသော သတင်းများ ကြားနေရသည်။ မိုင်မန်ဆင်းဒေသရှိ စစ်တပ်ဝင်းကြီးသည် ရိုဟင်ဂျာ အုပ်စုငယ်များကို သင်တန်းပေးပြီး လက်နက်ကိရိယာများ တပ်ဆင်ပေးနေသည့် နေရာများအနက် တစ်ခုဖြစ်သည်ဟု ယူဆရသည်။

ကော့ဘဇားနှင့် ဘာဂါရက်ဒေသတွင်လည်း ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ လက်ရွေးစင်တပ်ဖွဲ့များက သင်တန်းပေးနေသည့် အလားတူ သင်တန်းနေရာများ အနှံ့အပြား တည်ရှိသည်။

ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (RSO) တပ်သားများ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်နေရာ၌ ဝတ်ပြုနေကြစဉ်။ ဓာတ်ပုံ - RSO

RSO နှင့် ARSA အဖွဲ့တို့တွင် တိုက်ခိုက်ရေးသမား အရေအတွက် ပိုများလာသည့် သက်သေ အထောက်အထားများကို ထိုအဖွဲ့များ၏ ဆိုရှယ်မီဒီယာ ဖော်ပြချက်များ၌ မြင်တွေ့ရသည်။

သြဂုတ်လ ၂၀ ရက်နေ့က ဖေ့စ်ဘုတ်ပေါ်မှ RSO ပို့စ်တစ်ခုတွင် ဆိုလျှင် လက်နက်ကိုင်တပ်သားများ ချီတက်နေသည့် ဗီဒီယိုဖိုင်ကို "ရန်သူများကို ပစ်မှတ်ထား တိုက်ခိုက်ရန် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး (RSO) အထူးတပ်ဖွဲ့ဝင်များ ရခိုင်ပြည် (မြန်မာ) သို့ချီတက်" ဆိုသည့် စာဖြင့် တွဲဖက်ဖော်ပြထားသည်ကို တွေ့ရသည်။

ထိုနေ့တွင်ပင် ဖော်ပြထားသည့် နောက်ထပ်ဗီဒီယို တစ်ခု၌လည်း တိုက်ခိုက်ရေး ဝတ်စုံများ ဝတ်ဆင်ထားသည့် တပ်စိတ်တစ်ခု သင်ကြားလေ့ကျင့်နေသည်ကို တွေ့ရသည်။ တပ်သားအများစုကို မြန်မာစစ်တပ်က အသုံးပြုခဲ့သည့် G3 ရိုင်ဖယ်များဖြင့် တွေ့ရခြင်း ဖြစ်သည်။

အခွင့်အရေးကို အမိအရကိုင်တဲ့ ပါကစ္စတန်

ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအခြေအနေ အပြောင်းအလဲသည် ပါကစ္စတန်အား အစွန်းရောက် အုပ်စုများကို အင်အားဖြည့်တင်းပေးရန် နေရာအလုံအလောက် ရသွားစေသည်။

ဘင်္ဂလားဒေ့ရှ်မှ သတင်းရင်းမြစ်များက ပါကစ္စတန် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် ဘင်္ဂလားဒေ့ရှ်စစ်တပ် ထောက်လှမ်းရေး ညွှန်ကြားရေးဌာနမှ အရာရှိများနှင့်အတူ တက္ကနာဒေသမှနေ၍ ရှင်မဖြူကျွန်းအထိ ဧရိယာတစ်ခုလုံးကို ဇူလိုင်လ ၂၉ ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့ကြသည်ဟု ပြောကြသည်။

ရှင်မဖြူကျွန်းသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ နတ်မြစ် တစ်ဘက်ကမ်းတွင် တည်ရှိသည်။ ထိုကဲ့သို့ လေ့လာရသည့် အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

အိန္ဒိယအစိုးရ အရာရှိအချို့ကမူ ပါကစ္စတန်၏ ရည်မှန်းချက်သည် ရိုဟင်ဂျာများ နေရပ်သို့ ပြန်နိုင်အောင် ကူညီပေးရေးထက် အိန္ဒိယကို အနှောင့်အယှက်ပေးနိုင်အောင် သွေးထိုးလှုံ့ဆော်ရေးက ပိုများသည်ဟု ယုံကြည်ကြသည်။

"ကျွန်တော်တို့ အရှေ့ဘက်ကနေ စမယ်" ဟု ပါကစ္စတန်စစ်တပ်မှ အကြီးတန်း ဗိုလ်မှူးကြီးတစ်ဦးက မကြာသေးမီက အီကောနောမစ် စာစောင်နှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားထားသည်။ ပါကစ္စတန်သည် အိန္ဒိယကို ဆန့်ကျင်သည့် စစ်ဆင်ရေးများအား ဘင်္ဂလားဒေ့ရှ်ကို အသုံးပြုကာ အရှေ့ဘက်မှ ဆောင်ရွက်မည် ဆိုသည့်အဓိပ္ပာယ်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်အကြား ဆက်ဆံရေးသည် ပြီးခဲ့သည်နှစ်က ဘင်္ဂလားဒေ့ရှ်တွင် အာဝါမီလိဂ်ပါတီအစိုးရ ပြုတ်ကျသွားချိန်မှစ၍ သိသိသာသာ တိုးတက်လာခဲ့သည်။

အိန္ဒိယ၏ နယ်စပ်လုံခြုံရေးတပ် (BSF) သည် ဒါကာတွင် သြဂုတ်လ ၂၅ ရက်နေ့ ကျင်းပရန် စီစဉ်ထားသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ဘင်္ဂလားဒေ့ရှ်တွင် အစွန်းရောက်အုပ်စုများ၏ အိန္ဒိယဆန့်ကျင်ရေး လုပ်ရပ်များ ကြီးထွားလာသည့် ပြဿနာကို တင်ပြရန်ရှိသည်။

တစ်ချိန်တည်း၌ ရခိုင်ပြည်တွင် AA သည်လည်း စစ်ပွဲတစ်ရပ်အတွက် ကြိုတင်ပြင်ဆင်မှုများ အရှိန်မြှင့် ဆောင်ရွက်နေသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) သည် အသက် ၄၅ နှစ်အထိ ရွယ်ရောက်သူများအား စစ်မှုထမ်း ခေါ်ဆောင်ခွင့်ရှိသည့် အမျိုးသားကာကွယ်ရေး အရေးပေါ်ဥပဒေကို ပြဋ္ဌာန်းထားသည်။ ဤအသက်အရွယ်အတွင်း အကျုံးဝင်သူများကိုလည်း ခိုင်မာသော အကြောင်းရင်းမရှိဘဲ ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာခွင့် တားမြစ်ထားသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် ပြီးခဲ့သော ၂ နှစ်တာအတွင်း AA နှင့် ပုံမှန် ထိတွေ့ဆက်ဆံပြီး ရိုဟင်ဂျာများကို ၎င်းတို့နေရပ် မောင်တောသို့ ပြန်ပို့နိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေဆွေးနွေးမှုများ ရှိသည်။

AA သည် လက်ရှိအခြေအနေများအရ ဘဏ္ဍာရေး ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး အကူအညီများ မပါဘဲ ဒုက္ခသည်နေရပ်ပြန်ရေး ဖြစ်နိုင်ခြေမရှိ ဟူသည့်အချက်ကို ကိုင်စွဲထားသည်။ ဤသည်က ဘင်္ဂလားဒေ့ရှ် အစိုးရကို နိုင်ငံတကာမှ အကူအညီများ ရရှိအောင် လော်ဘီလုပ်ရန်၊ နိုင်ငံအများအပြားတွင် သီးသန့်ဆွေးနွေးပွဲများ ကျင်းပရန် တွန်းအားပေးလျက်ရှိသည်။

ရခိုင်စင်္ကြံအိုင်ဒီယာ တစ်ခန်းရပ်သွားပြီ ဆိုသော်လည်း ရိုဟင်ဂျာ နေရပ်ပြန်ရေး အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကတော့ ဒေသတွင်း၌ အနှောင့်အယှက်များနှင့် သွေးစွန်းမှုများ ပိုမိုထွက်ပေါ်လာစေမည့် နည်းနာအသစ်များဖြင့် ရှိနေဆဲဖြစ်လေသည်။

ရာဗီချန်ဒရာကူးမား

The Diplomat စာစောင်တွင်ဖော်ပြထားသည့် ဆောင်းပါးရှင် Rajeev Bhattacharyya ၏ Bangladesh's Lethal Gameplan in Myanmar's Arakan ကို ဘာသာပြန်ဆိုသည်။ ဆောင်းပါးရှင်သည် အိန္ဒိယနိုင်ငံ အာသံပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်တစ်ဦး ဖြစ်သည်။ ဆောင်းပါးပါ အသုံးအနှုန်းများသည် မူရင်းဆောင်းပါးရှင်၏ အာဘော်အတိုင်း ဖြစ်ပါသည်။