ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက AA လုံခြုံရေး စခန်းများကို ARSA တိုက်ခိုက်

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရကျေးရွာအနီးတွင် မွတ်ဆလင်လက်နက်ကိုင်တပ် ARSA နှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း နယ်စပ်သတင်းရင်းမြစ်များထံက သိရသည်။

By Admin 23 Aug 2025

ဘင်္ဂလားဒေ့ရှ်- ရက္ခိုင်နယ်စပ်တွင် လုံခြုံရေးယူနေသည့် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တစ်ဦး။
ဘင်္ဂလားဒေ့ရှ်- ရက္ခိုင်နယ်စပ်တွင် လုံခြုံရေးယူနေသည့် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တစ်ဦး။

DMG ၊ ဩဂုတ် ၂၃

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရကျေးရွာအနီးတွင် မွတ်ဆလင်လက်နက်ကိုင်တပ် ARSA နှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း နယ်စပ်သတင်းရင်းမြစ်များထံက သိရသည်။

နံသာတောင်၊ လိပ်ရကျေးရွာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ အာရက္ခတပ်တော် လုံခြုံရေးစခန်းများကို ARSA တပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။

" မနေ့က ညနေစောင်း ၄ နာရီကျော်မှာ တိုက်ပွဲ စဖြစ်တယ်။ ခဏငြိမ်သွားတယ်။ ပြီးတော့ ညဉ့် ၁၁ နာရီလောက်မှာ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်ကြတာ။ လက်နက်ကြီးသံတွေတောင် ကြားရတယ်။ ည ၁၂ နာရီ မိနစ် ၂၀ လောက်မှ အသံတွေ ငြိမ်သွားတယ်။ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်သံတွေက ဆူညံနေတာပဲ။ ကျနော်တို့လည်း ညအိပ်မရတော့ပဲ ဘာတွေဖြစ်လာမလဲဆိုပြီးတော့ ထထိုင်နေကြတယ်" ဟု နယ်စပ်ဒေသနေ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ARSA တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်က စက်လှေများဖြင့် ဝင်လာပြီး လိပ်ရကျေးရွာအနီးက အာရက္ခတပ်တော် လုံခြုံရေးယူနေသည့် နတ်မြစ်နှင့် နယ်စပ်တကြောနေရာများနှင့် လုံခြုံရေးစခန်းကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲများကြောင့် နံ့သာတောင်၊ လိပ်ရ၊ သာယာကုန်း၊ သင်္ဘောလှ၊ ကွမ်းသီးပင်စသည့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်မှုများ ရှိနေပြီး ရွာပြင်နှင့် တောတောင်ထဲသို့ ဟင်းရှာငါးရှာ မသွားရဲဖြစ်နေကြောင်း သိရသည်။

" ဒီနယ်စပ်တစ်ကြောမှာ နတ်မြစ်နဲ့ ဘင်္ဂလားဒေ့ရှ်က တစ်ဖက်တစ်ကမ်းလေ။ ဆိုတော့ တောတောင်တွေလည်း ထူထပ်တော့ မွတ်ဆလင် ARSA တွေက မကြာခဏ ခိုဝင်နေကြတယ်။ အခုလည်း ရှိနိုင်တယ်။ မနေ့က တိုက်ပွဲဖြစ်တော့ ဒီအနီးနားကနေ ထွက်ပြေးလာသူတွေလည်း ရှိနိုင်တော့ တောတောင်တွေကို မသွားကြဘူး။ တွေ့ရင် အပစ်ခံရမှာ သတ်ဖြတ်ခံရမှာ စိုးလို့ " ဟု ယင်းအနီးနားရွာက ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ မောင်တောမြောက်ပိုင်း၊တောင်ပြိုဒေသနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်တွင် မွတ်ဆလင် လက်နက်ကိုင်အုပ်စုများ ယာယီစခန်းများ အခြေစိုက်ပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ AA တပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်ခြင်းများ ရှိနေသည်။

ဩဂုတ် ၁၇ ရက်ကလည်း ဘော်ဒီလီကျေးရွာဟောင်း အရှေ့ ဘက်တောင်ကြားကို AA က နယ်မြေရှင်းလင်းရေး လုပ်ရာတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (RIM) ၏ စခန်းနှစ်ခုကို လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရှိခဲ့သည်။

တစ်ရက်တည်းတွင် မွတ်ဆလင်လက်နက်ကိုင် နှစ်ဦးသည် ညဉ့်အချိန်တွင် မောင်တောမြောက်ပိုင်းသို့ ခိုးဝင်လာစဉ် ကျွန်းပေါက်ပြုစုရွာအနီးတွင် AA တပ်ဖွဲ့ဝင်များကတွေ့ရှိခဲ့သဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

" တိုက်ပွဲကတော့ မကြာခဏဆိုသလို ဒီဇူလိုင်လဆန်းပိုင်းကတည်းက စဖြစ်နေတာ၊ ARSA နဲ့ သူတ်ို့ အုပ်စုတွေလည်း နေ့စဉ်နယ်စပ်တလျှောက်ကနေ အလစ်ချောင်းပြီး ဒီဖက်ကို ဝင်ပြီးလှုပ်ရှားတယ်။ ထွက်ပြေးသွားတယ်။ ဆိုတော့ AA ဘက်ကလည်း ရှင်းလင်းရေးလုပ်တဲ့အခါ အခက်အခဲတချို့ ရှိတယ်။ အဓိကတော့ ဘင်္ဂလားဒေ့ရှ်ကို ဝင်သွားရင် ဘာမှ လုပ်လို့မရတာ ခက်တယ် " ဟု AA နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။

ထိုသို့ မွတ်ဆလင်လက်နက်ကိုင်အုပ်စုများနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာပါက နောက်ဆက်တွဲအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်အတွင်းမှ မွတ်ဆလင်အရပ်သားများအပေါ် ဆိုးကျိုးရှိလာနိုင်ကြောင်း နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ ICG ၏ မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေးရာ လေ့လာ သူ သောမတ်စ်ကိန်းက ဇူလိုင်လ DMG နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

ယင်းအပြင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းနေကြောင်း ICG ၏ ဇွန်လထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

" ကျနော် သတိထားမိသလောက် မွတ်ဆလင်အကြမ်းဖက်အုပ်စုတွေဟာ AA သတင်းစာရှင်းလင်းပွဲနောက်ပိုင်းမှာ တိုက်ပွဲဖော်ဆောင်မှုတွေ သိသိသာသာမြင်လာရတယ်။ ဒါကဘာကိုပြလဲဆိုရင် ဘူးသီးတောင် ထန်းရှောက်ခင် စွပ်စွဲချက် မအောင်မြင်လို့ ထင်တယ်။ အဓိကတော့ မွတ်ဆလင်အုပ်စု ၄ စုက အခုနယ်စပ်ဒေသ မငြိမ်သက်အောင် ဆက်တိုက်လုပ်လာနေလို့ ပြောရမှာဖြစ်တယ် " ဟု ရခိုင်အရေးတက်ကြွလှုပ်ရှားသူ ရသေ့တောင်ဒေသခံ တစ်ဦးက ပြောသည်။

မောင်တောခရိုင်ကနေ AA ကို တိုက်ထုတ်မည်ဟုဆိုကာ ARSA၊ RSO၊ ARA ၊ RIM မွတ်ဆလင်တပ်ဖွဲ့ ၄ ခု ပေါင်းစည်းပြီး Four Brothers Alliance အဖွဲ့ကို ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းက စဖွဲ့ခဲ့သည်။

အာရက္ခတပ်တော်သည် မောင်တောမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ဒီဇင်ဘာလက သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် နယ်စပ်လုံခြုံရေး၊ အုပ်ချုပ်ရေး၊ တရားဉပဒေစိုးမိုးရေး စသည့် လုပ်ငန်းများကို အကောင်အထည်ဖော်နေသည်။

လက်ရှိတွင် အာရက္ခတပ်တော်ဘက်က နယ်စပ်လုံ ခြုံရေးကိုပိုမိုအလေးပေး လုပ်ဆောင်နေသော်လည်း လက်မလုံမှုများကြောင့် မကြခဏ အလိုက်ငိုက် ဖမ်းကာ ခြုံခိုတိုက်ခိုက်ခြင်းများလည်း ရှိနေခြင်းဖြစ်သည်။