မောင်တောနယ်စပ် လုံခြုံရေး AA က အားစိုက်လုပ်ဆောင်နေ

ရခိုင်ပြည်၊ မောင်တောမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်စပ်လုံခြုံရေး၊ ဒေသတည်ငြိမ်ရေးအတွက် အာရက္ခတပ်တော် (AA) က အင်တိုက်အားတိုက် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 20 Aug 2025

၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် မောင်တောမြို့နယ်ရှိ ကျောက်ပန္ဒူစခန်းကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် မောင်တောမြို့နယ်ရှိ ကျောက်ပန္ဒူစခန်းကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

DMG ၊ ဩဂုတ် ၂၀

ရခိုင်ပြည်၊ မောင်တောမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်စပ်လုံခြုံရေး၊ ဒေသတည်ငြိမ်ရေးအတွက် အာရက္ခတပ်တော် (AA) က အင်တိုက်အားတိုက် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ မောင်တောမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်တွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် စခန်းများ အခြေစိုက်ပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ AA တပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်ခြင်းများရှိနေသဖြင့် နယ်စပ်လုံခြုံရေးကို AA က ပိုမိုအလေးပေး လုပ်ဆောင်နေခြင်းဖြစ်သည်။

ဩဂုတ်လ ၁၇ ရက်၊ နံနက်ပိုင်းက မောင်တောမြို့နယ်၊ ဘော်ဒီလီကျေးရွာဟောင်း အရှေ့ ဘက်တောင်ကြားတွင် AA က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ကြားတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (RIM) ၏ စခန်းနှစ်ခုကို လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရှိရကြောင်း ဒေသအခြေအနေသိသူ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

" ဘင်္ဂလာနယ်စပ်မှာ သတင်းတွေ အမျိုးမျိုးထွက်နေတယ်။ မွတ်ဆလင်တွေဟာ စစ်ကောင်စီနဲ့ ပေါင်းပြီး မြေပြင်ကနေ တိုက်မယ်။ စကစက ရေကြောင်း၊ လေကြောင်းနဲ့ တိုက်မယ်ဆိုတာမျိုးပေါ့။ အခု လက်ရှိ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှုကလည်း ခပ်စိပ်စိပ်ဖြစ်လာတယ်။ AA ဖက်ကလည်း နယ်မြေရှင်းလင်းရေး အားစိုက်ပြီး လုပ်နေတာတွေကို သိရတယ် " ဟု ဒေသအခြေအနေသိသူ သတင်းရင်းမြစ်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၇ ရက်က မောင်တောမြို့နယ်အတွင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ RIM စခန်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - ABN

AA တွေ့ရှိခဲ့သည့် စခန်းနှစ်ခုတွင် RIM ဘတ်တံဆိပ်ပါ ယူနီဖောင်း ၄ စုံအပြင် သေနတ်နှင့် လက်လုပ်မိုင်း၊ ကျည်စသည့် ခဲယမ်းများလည်း တွေ့ရကြောင်း ဆိုသည်။

ယင်းအပြင် ယခု စခန်းသစ်တွေ့သည့် မွတ်ဆလင်တပ်ဖွဲ့ RIM (Rohingya Islami Mahaz) အဖွဲ့သည် ARSA၊ RSO၊ ARA အဖွဲ့များနှင့် ပေါင်းစည်းထားသည့် Four Brothers Alliance အဖွဲ့ဝင်ဖြစ်သည်။

ယင်းတစ်ရက်တည်းတွင် မွတ်ဆလင်လက်နက်ကိုင် နှစ်ဦးသည် ညဉ့်အချိန်တွင် မောင်တောမြောက်ပိုင်းသို့ ခိုးဝင်လာစဉ် ကျွန်းပေါက်ပြုစုရွာပျက် အနောက်ဖက်အရောက်တွင် လုံခြုံရေးယူနေသည့် AA တပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသူနှစ်ဦး၏ ကျန်ခဲ့သော အသုံးဆောင်ပစ္စည်းများကို AA က စစ်ဆေးရာတွင် UNICEF တံဆိပ်ပါ ကျောပိုးအိတ်နှစ်လုံးနှင့် လက်နက်ခဲယမ်း၊ အသုံးအဆောင်အချို့ကို တွေ့ရကြောင်း သိရသည်။

လက်ရှိ မောင်တောမြို့နယ်မြောက်ပိုင်းတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် အာရက္ခတပ်တော်တို့ကြား ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နောက်ပိုင်းမှ စတင်ကာ တိုက်ပွဲများ မကြာခဏဖြစ်ပွားလာကြောင်း နောက်ထပ် နယ်စပ်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

" တိုက်ပွဲကတော့ မကြာခဏဆိုသလို ဖြစ်တယ်။ တိုက်ပွဲကတော့ ဒီနေ့လား၊ နက်ဖြန်လား အချိန်မရွေး ဖြစ်နိုင်တာပေါ့။ တိုက်ပွဲ ပြင်းမပြင်းကတော့ ထိပ်တိုက်တွေ့မှုနဲ့ သက်ဆိုင်တယ် " ဟု နယ်စပ်သတင်းရင်းမြစ်က ဆိုသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၇ ရက်က မောင်တောမြို့နယ်တွင် AA တပ်ဖွဲ့ဝင်များနှင့် တွေ့၍ ထွက်ပြေးသွားသည့် မွတ်ဆလင်လက်နက်ကိုင်နှစ်ဦးထံမှ ဆည်းသိမ်းရမိသည့် ကျည်ဆန်နှင့် အသုံးအဆောင်ပစ္စည်းများ။ ဓာတ်ပုံ - APM 

မွတ်ဆလင်လက်နက်ကိုင်အုပ်စုများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ တစ်ဆင့် ရခိုင်ပြည်ထဲသို့ ဝင်ရောက်လှုပ်ရှားနေပြီး နယ်စပ်ဒေသလုံခြုံရေးအတွက် ဒေသခံများကို အန္တရာယ်ပြုတတ်ကြောင်း ဒေသခံများက ပြောသည်။

မွတ်ဆလင်လက်နက်ကိုင်အုပ်စုများနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်အတွင်းမှ မွတ်ဆလင်အရပ်သားများအပေါ် ဆိုးကျိုးရှိလာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်အရေးကျွမ်းကျင်သူများက ထောက်ပြကြသည်။

" ကျနော်တို့ သတိပေးနေတာက ဒီလက်နက်ကိုင် တိုက်ခိုက်မှုတွေဟာ အနာဂတ်မှာ ပိုမိုအရှိန်မြင့်လာဖွယ် ရှိတယ်ဆိုတဲ့အချက် ဖြစ်မယ်ထင်ပါတယ်။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်၊ အာရက္ခတပ်တော်အပြင် အထူးသဖြင့် ရခိုင်ပြည်မှာ ရှိနေဆဲဖြစ်တဲ့ ရိုဟင်ဂျာ (မွတ်ဆလင်)အရပ်သားတွေအတွက် နောက်ဆက်တွဲ သက်ရောက်မှုတွေ ဘယ်လိုရှိလာနိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ ဒါဟာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးရှိလာနိုင်တဲ့ အခြေအနေလို့ ယူဆပါတယ် " ဟု နိုင်ငံတကာအကျပ်အတည်းများ လေ့လာရေးအဖွဲ့ (ICG) ၏ မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေးရာ လေ့လာသူ သောမတ်စ်ကိန်းက ဇူလိုင်လက DMG နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် အာရက္ခတပ်တော်ကို တိုက်ခိုက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းနေကြောင်း ICG က ဇွန်လအတွင်းတွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားသည်။

ယင်းလက်နက်ကိုင်အဖွဲ့များမှာ အချင်းချင်းပူးပေါင်းထားကြပြီး အဆိုပါ ပူးပေါင်းမှုကို ဘင်္ဂလားဒေ့ရှ် အေဂျင်စီများကလည်း ထောက်ခံကြကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

အာရက္ခတပ်တော်သည် မောင်တောမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ဒီဇင်ဘာလက သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် နယ်စပ်လုံခြုံရေး၊ အုပ်ချုပ်ရေး၊ တရားဉပဒေ စိုးမိုးရေးစသည့် လုပ်ငန်းများကို အကောင်အထည်ဖော်နေသည်။