စင်္ကာပူတွင် တစ်သက်တစ်ကျွန်း ကျခံနေရသူ မြန်မာအမျိုးသမီး ပြစ်မှု ထောင်ဒဏ် ၁၇ နှစ်သို့ လျော့ကျ

စင်္ကာပူနိုင်ငံတွင် လူသတ်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရသော မြန်မာအမျိုးသမီးတစ်ဦး အယူခံဝင်ပြီးနောက် တရားရုံးက သူမ၏ထောင်ဒဏ်ကို ၁၇ နှစ်သို့ လျှော့ချပေးလိုက်ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 26 Aug 2025

စင်ကာပူနိုင်ငံရှိ တရားရုံးချုပ်အဆောက်အအုံ မြင်ကွင်း။ ဓာတ်ပုံ - CNA
စင်ကာပူနိုင်ငံရှိ တရားရုံးချုပ်အဆောက်အအုံ မြင်ကွင်း။ ဓာတ်ပုံ - CNA

စင်္ကာပူနိုင်ငံတွင် လူသတ်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရသော မြန်မာအမျိုးသမီးတစ်ဦး အယူခံဝင်ပြီးနောက် တရားရုံးက သူမ၏ထောင်ဒဏ်ကို ၁၇ နှစ်သို့ လျှော့ချပေးလိုက်ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အိမ်အကူအဖြစ် လုပ်ကိုင်နေစဉ် လူသတ်မှုကျူးလွန်ခဲ့သော မဇင်မာနွယ်သည် ပြစ်မှုကျူးလွန်ချိန် ၂၀၁၈ ခုနှစ်၌ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသည်။ အစောပိုင်းကလည်း သူမ၏လူသတ်မှုပြစ်ဒဏ်ကို ရည်ရွယ်ချက်မရှိဘဲနှင့် အသက်သေဆုံးသွားအောင် ပြုမူလိုက်မိသော လူသတ်မှုမမြောက်သည့် ပြစ်မှုကျူးလွန်ခြင်းအဖြစ် လျှော့ချသတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။

အယူခံတရားရုံးတော်သည် ယခုနှစ် မေလအတွင်းက စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် လှုံ့ဆော်ခံရမှုကြောင့် ရုတ်တရက် ပြုမူလိုက်မိမှုအဖြစ် သတ်မှတ်ကာ ဇင်မာနွယ်၏ တစ်စိတ်တစ်ပိုင်းသော ခုခံကာကွယ်မှုကို ခွင့်ပြုလက်ခံပေးခဲ့သည်။

မြန်မာနိုင်ငံမှလာရောက်၍ အလုပ် လုပ်ကိုင်နေသော အိမ်အကူမိန်းကလေးသည် ၂၀၁၈ ခုနှစ်၌ သူမ အလုပ်ရှင်၏ အသက် ၇၀ နှစ်အရွယ် ယောက္ခမဖြစ်သူက သူမကို သူမ၏ အေးဂျင့်ဖြစ်သူထံ ပြန်ပို့မည်ဟု ခြိမ်းခြောက်လိုက်အပြီးတွင် ဓားဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ အလုပ်ရှင်၏ ယောက္ခမဖြစ်သူက ဇင်မာနွယ်ကို ဆူပူကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းနှင့် နာကျင်အောင်ပြုမူဆက်ဆံခြင်းများ လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် ယခုကဲ့သို့ ဓားဖြင့်ထိုးကာ သတ်ခံလိုက်ရသည့်ဖြစ်စဉ် ဖြစ်ပေါ်လာခဲ့သည်။

ဇင်မာနွယ်သည် ပြစ်မှုကျူးလွန်ပြီးနောက် သူမ၏ပစ္စည်းများကို သိမ်းဆည်းကာ အဆိုပါနေအိမ်မှ ထွက်ပြေးသွားခဲ့သည်။ သူမကို သူမ၏ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

တရားရုံးတော်သည် အမှုနှင့်ပတ်သက်သော အသက်ဆုံးရှုံးသူ၊ သူမ၏မိသားစုဝင်များနှင့် ဖြစ်စဉ်ဖြစ်ပွားရာ နေရာတို့ကို ထုတ်ဖော်ပြောဆိုခြင်းမပြုရန် တားမြစ်မိန့် ထုတ်ထားသည်။

လက်ရှိတွင် အသက် ၂၄ နှစ်အရွယ်ရှိနေပြီဖြစ်သော ဇင်မာနွယ်သည် လွန်ခဲ့သော ၂၀၂၃ ခုနှစ်၌ ပြုလုပ်ခဲ့သည့် တရားခွင်အပြီးတွင် လူသတ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသည်ဟု အစောပိုင်း၌ သတ်မှတ်ခံခဲ့ရသည်။