ရခိုင်က လူဦးရေ ၁ ဒသမ ၇ သန်းမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသေးကြောင်း UNOCHA ထုတ်ပြန်

ပြည်တွင်းရှိ အရပ်ဖက်အဖွဲ့အစည်း ၅၈ ဖွဲ့၏ စစ်တမ်းအရ မြန်မာနိုင်ငံမှ လူဦးရေ ၁၇ ဒသမ ၆ သန်းမှာ အသက်မွေးဝမ်းကျောင်း၊ အစားအစာရရှိရေးနှင့် လုံခြုံမှုအစရှိသည့် အကူအညီများကို အဓိကလိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

By Admin 19 Jan 2023

ရခိုင်က လူဦးရေ ၁ ဒသမ ၇ သန်းမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသေးကြောင်း UNOCHA ထုတ်ပြန်

 

DMG ၊ ဇန်နဝါရီ ၁၉

မြန်မာတစ်နိုင်ငံလုံးတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသော လူဦးရေ ၁၇ ဒသမ ၆ သန်းရှိပြီး ၎င်းအထဲမှ လူဦးရေ ၁ ဒသမ ၇ သန်းမှာ ရခိုင်ပြည်မှဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ပြည်တွင်းရှိ အရပ်ဖက်အဖွဲ့အစည်း ၅၈ ဖွဲ့၏ စစ်တမ်းအရ မြန်မာနိုင်ငံမှ လူဦးရေ ၁၇ ဒသမ ၆ သန်းမှာ အသက်မွေးဝမ်းကျောင်း၊ အစားအစာရရှိရေးနှင့် လုံခြုံမှုအစရှိသည့် အကူအညီများကို အဓိကလိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၎င်းတို့အနက် ရခိုင်ပြည်မှ လူဦးရေ ၁ ဒသမ ၇ သန်းမှာ အသက်မွေးဝမ်းကျောင်းနှင့် ပညာရေးထောက်ပံ့မှုအတွက် အများဆုံးလိုအပ်နေသည်ကို တွေ့ရှိရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  

လူဦးရေ သုံးထောင်ကျော် ခိုလှုံနေသည့် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း၌ လက်ရှိတွင် ထောက်ပံ့မှုများရရှိသော်လည်း လူဦးရေများပြားသဖြင့် လုံလောက်မှုမရှိသေးကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ 

“အောက်တိုဘာလကနေ တိုးလာတဲ့ စစ်ဘေးရှောင်တွေအတွက်တော့ အခက်အခဲရှိတယ်။ သူတို့အတွက် နေဖို့ထိုင်ဖို့နဲ့ စားသောက်ဖို့က လိုအပ်နေတယ်။ အခုက နွေရာသီလည်း ရောက်တော့မယ်ဆိုတော့ ရေကအခက်အခဲရှိပါတယ်။ အခု စခန်းကလူတွေ သုံးနေတဲ့ရေကန်က ရေလည်း ခမ်းခြောက်တော့မယ်။ ကျနော်တို့စခန်းက နွေရာသီ နှစ်တိုင်း ရေအခက်အခဲကြုံရတယ်” ဟု ညောင်ချောင်းစခန်းတာဝန်ခံ ဦးသန်းအေးက ပြောသည်။ 

ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစ၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုကြောင့် ရေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၉၀,၀၀၀ နီးပါးရှိနေသေးကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

နေရပ်စွန့်ခွာလာရသူများအတွက် စားနပ်ရိက္ခာ ၈၈ ရာခိုင်နှုန်း၊ အမိုးအကာ ၅၅ ရာခိုင်နှုန်း၊ ကာကွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်း နှင့် အသက်မွေးဝမ်းကျောင်း ၃၁ ရာခိုင်နှုန်းသည် အဓိက လိုအပ်ချက်များကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်က “ ထောက်ပံ့ပေးမှုတွေက ပုံမှန်မရသေးဘူး။ အခုက နီပွန်ဖောင်ဒေးရှင်းတစ်ခုတည်းကပဲ ထောက်ပံ့မှုရတယ်။ တစ်ယောက်ကို ဆန်တစ်အိတ်ရတယ်။ တခြားအဖွဲစည်းတွေက ထောက်ပံ့တာတွေ အခုထိမရှိသေးဘူး။ အကူအညီတွေမရတော့ အကြွေးတင်နေကြတဲ့သူတွေ စခန်းမှာ အများကြီးရှိနေတယ်” ဟု ပြောဆိုထားသည်။ 

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ NGO/INGO အဖွဲ့အစည်းများကို ခရီးသွားလာခွင့် ပိတ်ပင်ထားခဲ့သောကြောင့် စစ်ဘေးရှောင်များနှင့် IDP စခန်းများမှ ဒုက္ခသည်များမှာ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။   

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းမှစ၍ NGO/INGO အဖွဲ့အစည်းများကို ခရီးသွားလာခွင့် ပြန်လည်ခွင့်ပြုခဲ့သော်လည်း ယခင်ကကဲ့သို့ လွတ်လပ်စွာ သွားလာကူညီခွင့် မရရှိသေးသဖြင့် စစ်ဘေးရှောင်များနှင့် IDP စခန်းများမှ ဒုက္ခသည်များမှာ လိုအပ်ချက်များရှိနေကြောင်း သိရသည်။  

မြေပုံမြို့နယ်၊ တောင်ပေါ်ရပ်ကွက် (မွတ်ဆလင်) ဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံ ဦးမောင်တင်အောင်က “စားဝတ်နေရေးက အဓိက အခက်အခဲရှိနေသေးတယ်။ စားဝတ်နေရေးခက်ခဲတော့ လူတွေဟာ စိတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲလာတယ်။ စားစရာမရှိရင် ခိုး၊ ဆိုး၊ လုယက်ဖို့ စိတ်ပေါက်လာကြတယ်။ အခုတော့ စခန်းမှာ ရေပြဿနာ အဓိကကြုံတွေ့နေရပြီ။ ထောက်ပံ့ပေးမှုတွေလည်း အရင်အတိုင်း မဟုတ်တော့ဘူး။ ခြောက်လလောက် ထောက်ပံ့မှုမရခဲ့ဘူး။ ဒီလမှ စလို့ရတယ်” ဟု ပြောသည်။ 

ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်များနှင့် IDP စခန်းများမှ ဒုက္ခသည်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် WFP, ICRC, Save the Children, MSF စသည့် အဖွဲ့များမှ အဓိကထောက်ပံ့ကူညီပေးနေခြင်းဖြစ်သည်။

ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် ပင်လယ်ပြင် အပူချိန်တိုးလာသည်နှင့်အမျှ ဆိုင်ကလုန်းနှင့် မုန်တိုင်းကြီးများ ပိုမိုပြင်းထန်လာမည်ဟု ခန်းမှန်းထားသဖြင့် ရခိုင်ဒေသခံများမှာ စားဝတ်နေရေးကျပ်တည်းမှုကို ပို၍ ကြုံတွေ့ရနိုင်ကြောင်း UNOCHA ၏ ဇန်နဝါရီလ ၁၅ ရက်နေ့ ထုတ်ချက်တွင် ဖော်ပြထားသည်။ 

#R010

ဗီဒီယိုများ