စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေရသူ ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာ

စစ်တပ်မှ အာဏာသိမ်းယူပြီး တစ်နှစ်ခွဲကျော်အတွင်း နိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင် ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာကြောင်း နိုင်ငံရေးသုတေသနအဖွဲ့တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ(ISP-Myanmar)က အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။

By Admin 27 Oct 2022

စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေရသူ ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာ

ဓာတ်ပုံ - ကရင်နီ ပြည်စစ်ဘေးရှောင် ကူညီရေးလုပ်ဆောင်ရေးကွန်ရက်

DMG ၊ အောက်တိုဘာ ၂၇

စစ်တပ်မှ အာဏာသိမ်းယူပြီး တစ်နှစ်ခွဲကျော်အတွင်း နိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင် ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာကြောင်း နိုင်ငံရေးသုတေသနအဖွဲ့တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ(ISP-Myanmar)က အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဘေးဒုက္ခသည်များမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၊ PDF ပူးပေါင်းအဖွဲ့ များကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် မြင့်တက်လာရခြင်းဟု ISP-Myanmar ကဆိုသည်။

ထိုစစ်ဘေးရှောင်တို့မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ လူဦးရေ ၁ ဒသမ ၅ သန်းကျော်နှင့် အခြားဒေသတို့တွင်လည်း ပါဝင်ကြောင်း ISP-Myanmar ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

နေရပ်စွန့်ခွာမှု (၆၈၀၀၀၀ )ကျော်ရှိနေသည့် စစ်ကိုင်းတိုင်းဒေသတွင် စားနပ်ရိက္ခာ၊ နေထိုင်စရာ၊ ကျန်းမာရေးတို့အတွက် အထောက်အပံ့အကူအညီ များစွာလိုအပ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးကပြောသည်။

“တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေရတဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာတွေ၊ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် ဆေးဝါးတွေရရှိဖို့က တော်တော်လေးကို ခက်ခဲပါတယ်။ နေထိုင်ဖို့အတွက် ဒေသခံတွေက ဖြစ်သလို တဲထိုးနေကြရတာ များတယ်။ တခါတလေ စစ်ကြောင်းထိုးလာရင်လည်း ပြန်ပြေးရတာရှိလာတယ်။ နေရာအတိအကျကို မရှိတာပါ။ ရွာတွေထဲကို တချို့ပြန်နေတာရှိပေမယ့် အနည်းအကျဉ်းသာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်ဦးရေ(၁၇၀၀၀၀ )ကျော်ရှိနေသည့် ကယား(ကရင်နီ)ပြည်နယ်၌လည်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်စခန်းများအတွင်းသို့ ကျရောက်ကာ နေရာရွှေ့ပြောင်းနေကြရကြောင်း ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်မှ သိရသည်။

“ကရင်နီဒေသမှာ နေ့စဉ်တိုက်ပွဲဖြစ်နေတာရယ်၊ စစ်တပ်တွေက စစ်ဘေးရှောင်စခန်းတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးတာတွေရှိတဲ့အတွက် နေရာရွှေ့ပြောင်းရတာတွေရှိတယ်။ အဲဒီအတွက်လည်း ဒေသခံတွေအတွက် အခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်။ ကူညီရေးအဖွဲ့တွေအနေနဲ့လည်း စားနပ်ရိက္ခာတွေ သွားပို့တဲ့အခါ တိုက်ပွဲဖြစ်နေလို့ သွားမရတာရယ်၊ နောက်စစ်တပ်က ပိတ်ပင်စစ်ဆေးတာတွေကို အများဆုံး ရင်ဆိုင်နေရပါတယ်”ဟု ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အလားတူ စစ်ဘေးရှောင်အရေအတွက် (၁၃၀၀၀၀)ကျော်ရှိနေသည့် ကရင်ပြည်နယ်အတွင်း၌လည်း ယခုလပိုင်းအတွင်း စစ်ရေးတင်းမာနေသည့်အတွက် ဒေသခံများမှာ ထိုင်းနယ်စပ်သို့ တိမ်းရှောင်နေကြရပြီး ကျန်းမာရေး၊ ပညာရေးကဏ္ဍများအတွက် အခွင့်အရေးများ ဆုံးရှုံးနေရကြောင်း ကရင်အရပ်ဖက်အဖွဲ့ အစည်းများထံမှ သိရသည်။

“ဒီလထဲမှာပဲ ကော့ကရိတ်နဲ့ မြဝတီဘက်မှာ စစ်တပ်က အင်အားအများအပြား စစ်ကြောင်းထိုးလာတာ ရှိလာတယ်။ တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်ဖို့ရှိနေတော့ နေရပ်ပြန်မလာနိုင်ကြရတဲ့သူတွေ ပိုများလာဖို့ပဲရှိတယ်။ ထိုင်းနယ်စပ်ကို တိမ်းရှောင်နေကြရပြီးတော့ ကလေးတွေဆိုရင်လည်း စာသင်ယူဖို့ အခက်အခဲရှိလာတယ်”ဟု ကရင်အရပ်ဖက်စစ်ရှောင်ကူညီရေး လုပ်ဆောင်ရေးအဖွဲ့(Dawkalu Network) မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိ ပြည်တွင်း၌ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ၏ အခြေအနေ ပိုမိုပြင်းထန်နိုင်မှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေးအထောက်အပံ့များကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ပိုမိုကူညီလုပ်ဆောင်နိုင်ရန် ပြည်တွင်းစစ်ရှောင်ကူညီရေးအဖွဲ့များက တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခု ၂၀၂၂ ခုနှစ် အောက်တိုဘာလ(၁၇)ရက်နေ့အထိ နိုင်ငံတဝှမ်း၌ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၁ ဒသမ ၄ သန်းကျော်ရှိလာကြောင်း ပြီးခဲ့သည့်အောက်တိုဘာလ ၂၅ ရက်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA Myanmar)မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ