ရွေးကောက်ပွဲကျင်းပရေး စစ်ကောင်စီနှင့် အပစ်ခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင်ငါးဖွဲ့ သဘောတူ

လာမည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို လက်ခံကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs (၅) ဖွဲ့မှ ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

By Admin 30 Dec 2022

ရွေးကောက်ပွဲကျင်းပရေး စစ်ကောင်စီနှင့် အပစ်ခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင်ငါးဖွဲ့ သဘောတူ

စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေကြစဉ်။ ပုံ - MOUGO

DMG | ဒီဇင်ဘာ ၃၀

လာမည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို လက်ခံကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs (၅) ဖွဲ့မှ ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နေပြည်တော်တွင် ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ဆွေးနွေးခဲ့ကြရာတွင် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို လက်ခံခြင်းအပါအဝင် သဘောတူညီချက် (၄) ချက်ကို ရရှိခဲ့ကြောင်း PPST မှ ထုတ်ပြန်ထားသည်။

PPST အနေဖြင့် ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတစ်ခုတည်းကို သဘောတူညီခြင်းမဟုတ်ဘဲ ပါတီစုံ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို လက်ခံ၍ သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက ပြောသည်။

“ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုတာ လာမယ့်ရွေးကောက်ပွဲကို လက်ခံခြင်း၊ လက်မခံခြင်းကို ပြောတာ မဟုတ်ဘူး။ နိုင်ငံတော်မှာဆိုရင် ပါတီစုံဒီမိုကရေစီကို လက်ခံတာရှိတယ်။ နောက်တစ်ခုက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်။ နောက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်မယ်ဆိုတဲ့ ကိစ္စတွေပါဝင်တယ်” ဟု ၎င်းက ဆိုသည်။

သဘောတူညီချက် ၄ ချက်တွင် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို လက်ခံခြင်းအပါအဝင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေး၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တိုက်ရိုက်စနစ်-လျှို့ဝှက်မဲပေးစနစ်ဖြစ်ခြင်း၊ တစ်နိုင်ငံလုံး၌ တပြိုင်နက်တည်း ဖြစ်ခြင်းဟူသော ရွေးကောက်ပွဲစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ဖြစ်သည်ဟု PPST မှ ထုတ်ပြန် ထားသည်။

လက်ရှိတွင် စစ်ကောင်စီမှ ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်ဆင်နေသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းသည် ရွေးကောက်ပွဲပြုလုပ်နိုင်သည့် အခြေအနေတွင်မရှိကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“ ဒီနေ့အချိန်မှာ မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ စိုးရိမ်မှုတွေနဲ့ နေထိုင်နေရတဲ့အခြေနေဖြစ်တယ်လို့ပဲ မြင်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲတစ်ခုလုပ်မယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေ စိတ်လုံခြုံမှု၊ ကိုယ်လုံခြုံမှုရှိဖို့ အရေးကြီးတယ်။ ပြီးတော့ လုံလုံခြုံခြုံနဲ့ လွတ်လွတ်လပ်လပ် မေးပေးခွင့်ရဖို့ဟာ အလွန်တရာ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်။ အဲဒါကြောင့် အခုချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေဟာ စိတ်လုံခြုံမှု၊ ကိုယ်လုံခြုံမှုမရှိတဲ့အခြေနေနဲ့ စိုးရိမ်စိတ်အပြည့်နဲ့ နေထိုင်နေရတဲ့ အခြေနေတစ်ရပ်သာ ရှိနေသေးတယ်လို့ မြင်တယ်။ အဲဒါကြောင့် ဒီပြည်သူတွေ လုံလုံခြုံခြုံ၊ လွတ်လွတ်လပ်လပ်နဲ့ မဲပေးနိုင်တဲ့ အခင်းအကျင်းတစ်ရပ်မှာ ရှိမနေသေးဘူးလို့ပဲ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။

ယင်းပြင် စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့၏ သဘောတူညီချက် (၄) ချက်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အချက် (၁၀) ချက် ပါဝင်ပြီး အဆိုပါ ၁၀ ချက်ပါ ပြင်ဆင်မည့် စာတမ်းကို အဆိုပြုချက် (မူကြမ်း)များအဖြစ်ထားရှိရန် နှစ်ဦးနှစ်ဘက် သဘောတူခဲ့ကြသည်ဟုလည်း PPST ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

PPST ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက “ ရရှိလာတဲ့ သဘောတူညီချက်ဆိုတာဟာ နောက်အနာဂတ်မှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ယေဘုယအားဖြင့် သဘောတူထားတဲ့ အဆိုပြုချက် မူကြမ်းဖြစ်တယ်။ အဲဒီမူကြမ်းထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အတွက် ၁၀ ချက်ပါဝင်တယ်။ အဲဒီအချက်တွေဟာ နောက်လာမယ့် လွှတ်တော်မှာ အတည်ပြုဖို့အတွက် အဆိုပြုထားတဲ့ နှစ်ဦးနှစ်ဘက်သဘောတူထားတဲ့ မူကြမ်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအချို့ကို ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြသော်လည်း မည်သည့်အချက်များကို ပြင်ဆင်မည်ဆိုသည်ကို ထုတ်ဖော်ပြောဆို၍ မရဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို PPST အဖွဲ့ဝင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များဖြစ်သည့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP)နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့မှာ အဆိုပါဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိပေ။

ဗီဒီယိုများ