- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
လက်နက်ကြီးကျရောက်မှုကြောင့် ပေါက်တောမြို့ပေါ်တွင် မီးလောင်နေ
ပေါက်တောမြို့ကို စစ်ကောင်စီနေဗီနှင့် စစ်တွေမြို့ရှိ အမှတ်(၁၂)ရဲတပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် ရပ်ကွက်တချို့တွင် မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
23 Nov 2023

DMG ၊ နိုဝင်ဘာ ၂၃
ရခိုင်ပြည်၊ ပေါက်တောမြို့ကို စစ်ကောင်စီနေဗီနှင့် စစ်တွေမြို့ရှိ အမှတ်(၁၂)ရဲတပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် ရပ်ကွက်တချို့တွင် မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ မွန်းတည့် ၁၂ နာရီကျော်အချိန်တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးများမှာ ပေါက်တောမြို့၊ ရပ်ကွက်(၁) အတွင်းသို့ ကျရောက်ပြီး နေအိမ်တစ်ချို့ မီးလောင်နေသည်ကို မြင်တွေ့ရကြောင်း မျက်မြင်ဒေသခံတစ်ဦးက DMG သို့ ပြောသည်။
“ဒီနေ့ နံနက်ပိုင်းကစပြီးတော့ စစ်တွေဖက်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ။ ပစ်တာကတော့ လောကထိပ်ပန်ဘုရားအနီးကို ပစ်တာ။ အဲဒီဘုရားမှာရှိတဲ့ ရပ်ကွက်တွေက နေအိမ်တွေမှာ ကျပြီးတော့ မီးလောင်နေတာကို မြင်နေရတယ်” ဟု ပြောသည်။
ပေါက်တောမြို့တွင် နိုဝင်ဘာလ ၁၆ ရက်က မြို့မရဲစခန်းကို AA က သိမ်းပိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဒေသခံ ၅၀၀ ခန့် ပိတ်မိနေသည်။ ယင်းအထဲမှ လူဦးရေ ၁၀၀ ကျော်ကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA) က ကယ်ထုတ်နိုင်ခဲ့သည်။
ကျန်ရှိနေသူများ လွတ်မြောက်ရေးအတွက် AA ဘက်က အသည်းအန် ကြိုးပမ်းနေပြီး စစ်ကောင်စီကလည်း ကြည်း၊ လေ၊ ရေ ပူးပေါင်းတိုက်ခိုက်နေသဖြင့် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေသည်။
စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားသော ပေါက်တောမြို့ဒေသခံများမှာ မြို့တော်ခန်းမနှင့် စိုက်ပျိုးရေးရုံးများတွင် ရှိနေသေးသည်ဟု AA ကယ်ထုတ်မှုကြောင့် လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက DMG ကို ပြောသည်။
“အဲဒီနေရာတွေမှာ ပိတ်မိပြီးတော့ ကျန်နေခဲ့တဲ့သူတွေလည်း ရှိသေးတယ်။ သူတို့ကို စစ်ကောင်စီက လုံးဝ ထွက်ခွင့်မပေးဘူးလို့ သိရတယ်။ ကျန်ခဲ့တဲ့ လူဦးရေအတိကျကိုတော့ ကျမတို့လည်း မသိဘူး” ဟု ၎င်းက ပြောသည်။
ပေါက်တောမြို့ဖြစ်စဉ်နှင့်ပတ်သတ်၍ ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
လက်ရှိတွင် ပေါက်တောမြို့အတွင်း စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်ပွားနေသည့်မှာ ၈ ရက်မြောက်လာပြီဖြစ်သည်။ ယမန်နေ့ကလည်း ပေါက်တောမြို့ကို စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့သည်။
#D002 #DMG