နည်းပညာလိုအပ်ချက်များကြောင့် ရခိုင်တွင် ဝါးလက်မှုပညာလုပ်ငန်းများ တိမ်မြုပ်ပျောက်ကွယ်လာနေ

ဝါးလက်မှုပညာရပ်လုပ်ငန်းများ ရှားပါးလာရခြင်းမှာ ပစ္စည်းကောင်းများ ဆက်လက်ထုတ်လုပ်နိုင်ရန် နည်းပညာပိုင်း လိုအပ်ချက်များရှိနေသည့်အပြင် လက်မှုပစ္စည်းများကို လူငယ်များ စိတ်ဝင်စားမှုနည်းပြီး ဝယ်ယူအသုံးပြုသူ ရှားပါးမှုများကြောင့် လက်မှုလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် အခက်အခဲများရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

By Admin 10 Jan 2023

နည်းပညာလိုအပ်ချက်များကြောင့် ရခိုင်တွင် ဝါးလက်မှုပညာလုပ်ငန်းများ တိမ်မြုပ်ပျောက်ကွယ်လာနေ

ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် လက်မှုပစ္စည်းများအား ခင်းကျင်းပြသထားပုံ

DMG ၊ ဇန်နဝါရီ ၁၀

ရခိုင်ပြည်အတွင်းရှိ မြို့နယ်အများအပြားတွင် ဝါးလက်မှုပညာရပ်လုပ်ငန်းများ မရှိသလောက်ဖြစ်လာနေပြီး တိမ်မြုပ်ပျောက်ကွယ်စပြုလာကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ဝါးလက်မှုပညာရပ်လုပ်ငန်းများ ရှားပါးလာရခြင်းမှာ ပစ္စည်းကောင်းများ ဆက်လက်ထုတ်လုပ်နိုင်ရန် နည်းပညာပိုင်း လိုအပ်ချက်များရှိနေသည့်အပြင် လက်မှုပစ္စည်းများကို လူငယ်များ စိတ်ဝင်စားမှုနည်းပြီး ဝယ်ယူအသုံးပြုသူ ရှားပါးမှုများကြောင့် လက်မှုလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် အခက်အခဲများရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

“အဓိကတော့ နည်းပညာပိုင်း လိုအပ်ချက်တွေရှိနေလို့ပါ။ ပစ္စည်းရဲ့အရည်အသွေးကို ပိုကောင်းမွန်အောင် လုပ်နိုင်ဖို့ နည်းပညာတွေက အခက်အခဲတွေရှိနေတဲ့အတွက် လူစိတ်ဝင်စားမှုနည်းတယ်။ လက်မှုပစ္စည်းတွေကို တန်ဖိုးထားပြီး ဝယ်ယူသူတွေနည်းလာတော့ ဦးလေးတို့လို လက်မှုပစ္စည်းလေးတွေလုပ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်တဲ့သူတွေအတွက် ရေရှည်ဆက်ပြီး ဒီလုပ်ငန်းဆက်လုပ်နိုင်ဖို့ အခက်အခဲတွေ အများကြီးရှိတာပေါ့” ဟု မြောက်ဦးမြို့နယ်မှ ဝါးလက်မှုပညာရှင် ဦးထွန်းသာက DMG သို့ ပြောသည်။

နည်းပညာပိုင်းလိုအပ်ချက်များမှာ အဓိက ဒီဇိုင်းဆန်းသစ်ပုံဖော်မှု၊ ကြာရှည်ခံအောင်ထားနိုင်မှု တို့ဖြစ်ကြောင်းလည်း သိရသည်။ ဒီဇိုင်းပိုင်းအရဆိုလျှင် ပြည်မဘက်မှ လက်မှုလုပ်ငန်းများတွင် ဝယ်သူတွေ စိတ်ဝင်စားမှုပိုများအောင် ကွန်ပျူတာ စတေကာများ၊ ပုံဖော်နည်းများနှင့် ပေါင်း၍ ဒီဇိုင်းဆန်းသစ် တီထွင်နိုင်ကြကြောင်း ဦးထွန်းသာ၏ ပြောဆိုချက်အရ သိရသည်။

“ ဒီဘက်မှာကျတော့ အဲဒီကွန်ပျူတာပိုင်းကို ဦးလေးတို့လူကြီးတွေက နားမလည်ဘူး၊ နားလည်တတ်ကျွမ်းတဲ့ လူငယ်တွေကလည်း လက်မှုပညာပိုင်းနဲ့ ချိတ်ဆက်ဖို့ စိတ်ဝင်စားမှုမရှိ ဖြစ်နေကြတဲ့အခါ လက်မှုပစ္စည်းတွေကို ဆန်းသစ်တီထွင်နိုင်မှု အားနည်းသွားတယ်ပေါ့။ အဓိကတော့ ဝါးတွေဆိုတာက အချိန်ကြာရင်ကွဲမယ်၊ ဝါးအတွင်းပိုင်းမှာ မှိုတက်တယ်။ မှိုစွဲတာတွေ ဖြစ်တတ်တော့ ဝယ်သူတွေကလည်း သိပ်မဝယ်ကြဘူးလေ။ အဲဒါတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဦးလေးတို့က လေ့လာနေတုန်းအဆင့်ပဲ ရှိနေသေးလို့ပါ” ဝါးလက်မှုပညာရှင် ဦးထွန်းသာက ဆက်လက် ပြောကြားထားသည်။

ထိုကဲ့သို့ ဝါးများကိုအဓိကအခြေခံပြီး ကြိမ်ခြင်းတောင်းများ၊ အိမ်အလှဆင်ပစ္စည်းများ၊ ဝါးစုဗူးနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် ဝါးလက်မှုထည်လုပ်ငန်းကို ယခင်က ရခိုင်ကဒေသအများအပြားတွင် တွေ့မြင်ခဲ့ရသော်လည်း လက်ရှိအချိန်တွင် ထိုကဲ့သို့ လက်မှုလုပ်ငန်းများမှာ မရှိသလောက်ဖြစ်လာနေကြောင်း စုံစမ်းသိရှိရသည်။

“အရင်ကဆိုရင် ဈေးတွေမှာဆိုလည်း ဝါးနဲ့လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ရောင်းချကြတာကို အမြဲလိုလို တွေ့ရတယ်။ မြောက်ဦးဘက်ကို ဘုရားဖူးသွားတဲ့အခါမှာလည်း ကြိမ်နဲ့လုပ်ထားတဲ့ လက်ဆောင်ပစ္စည်းတွေ ရောင်းချနေတာ အရင်ကတွေ့ခဲ့ဖူးတယ်။ အခုနောက်ပိုင်းမှာကျတော့ အဲလို ဝါးလက်မှုထည်တွေ မတွေ့မိတော့ဘူး။ လက်မှုပညာရှင်တွေ ရှားလာလို့လား။ ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် ဒီလက်မှုပညာရပ်ကြီးက ပျောက်ကွယ်သွားမလို ဖြစ်နေတဲ့သဘောရှိတယ်” ဟု စစ်တွေဒေသခံ ကိုမြတ်မင်းကျော်က ပြောသည်။

လက်ရှိ ရခိုင်ဒေသအတွင်း တွေ့ရှိနေရသော ဝါးလက်မှုထည်ပစ္စည်းများမှာ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းများမှ အများဆုံး ဝင်ရောက်နေခြင်းဖြစ်‌ပြီး ရခိုင်ဒေသထွက် ဝါးလက်မှုစ္စည်းများကို ဈေးကွက်အတွင်းတွေ့ရှိမှု နည်းပါးနေကြောင်း မြောက်ဦးဒေသခံ ကိုခိုင်မြတ်က ပြောသည်။

“ ဘုရားပွဲတွေမှာ အဲလိုဝါးတွေ၊ ကြိမ်တွေနဲ့ လုပ်ထားတဲ့ လက်မှုအထည်တွေ ရောင်းတာတွေ့လို့မေးကြည့်ရင် ပဲခူးတို့၊ ဧရာဝတီတိုင်းတို့ဘက်က လာရောင်းကြတဲ့သူတွေ များတယ်။ ကိုယ့်ဒေသထွက်ပစ္စည်းတွေ မတွေ့ရတော့ဘူး။ ငယ်ငယ်ကဆို ပိုက်ဆံစုရင်တောင် ဝါးစုဗူးလေးတွေမှာ ထည့်စုကြတာ။ ခုနောက်ပိုင်းမှာတော့ အဲ့လိုလက်မှု ပစ္စည်းထည်တွေကို ရှာလို့တောင်မရတဲ့ အနေအထားမှာရှိနေတာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

လက်မှုပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများကို ရခိုင်က စစ်တွေ၊ မြောက်ဦးနှင့် ကျောက်တော်မြို့များတွင် အများအပြား တွေ့ရှိခဲ့ရသော်လည်း လက်ရှိတွင် ထိုလုပ်ငန်းများ ပျောက်ကွယ်စပြုလာပြီး မြောက်ဦးမြို့တွင်သာ လက်မှုလုပ်ငန်းများကို တွေ့ရှိရတော့ကြောင်း လက်မှုပညာရှင်များထံမှ သိရသည်။

#I005

ဗီဒီယိုများ