ယခုနှစ် ကွမ်းသီးဝယ်လိုအား ကျဆင်းနေကြောင်း ရခိုင်က ကွမ်းသီးစိုက်ပျိုးသူများပြော

ယခုနှစ် ကွမ်းသီးပေါ်သည့်ရာသီတွင် ပြည်တွင်း၊ပြည်ပမှ ရောင်းဝယ်သူများ နည်းပါးသဖြင့် ရောင်းအားကျဆင်းကာ ရခိုင်က ကွမ်းသီးစိုက်ပျိုးသူများ အခက်အခဲတွေ့နေကြောင်း သိရသည်။

By Admin 12 Dec 2022

ယခုနှစ် ကွမ်းသီးဝယ်လိုအား ကျဆင်းနေကြောင်း ရခိုင်က ကွမ်းသီးစိုက်ပျိုးသူများပြော

DMG ၊ ဒီဇင်ဘာ ၁၂

ယခုနှစ် ကွမ်းသီးပေါ်သည့်ရာသီတွင် ပြည်တွင်း၊ပြည်ပမှ ရောင်းဝယ်သူများ နည်းပါးသဖြင့် ရောင်းအားကျဆင်းကာ ရခိုင်က ကွမ်းသီးစိုက်ပျိုးသူများ အခက်အခဲတွေ့နေကြောင်း သိရသည်။

လက်ရှိရခိုင်တွင် တိုက်ပွဲရပ်တန့်ထားသော်လည်း လမ်းခရီးတွင် စစ်ဆေးမှုများရှိနေ၍ လွတ်လပ်စွာကုန်သွယ်ခွင့် မရသေးခြင်း၊ ပြည်မဘက်မှတင်သွင်းသည့် ကွမ်းသီးများကို ဝယ်ယူအသုံးပြုလာခြင်းတို့ကြောင့် ရခိုင်က ကွမ်းသီးစိုက်ခင်းများမှာ အရောင်းထိုင်းလျက်ရှိသည်ဟု ကွမ်းသီးစိုက်ပျိုးသူများကပြောသည်။

ထို့ကြောင့် ကွမ်းသီးခူးဆွတ်သည့်အလုပ်သမားများနှင့် ကွမ်းသီးဖဲ့ခြွေသည့်အလုပ်သမားများ၏စရိတ်ကို မိမိအိတ်မှ စိုက်ထုတ် ပေးနေရသဖြင့် တွက်ခြေမကိုက်ဖြစ်နေရသည်ဟု မြောက်ဦးမြို့နယ်၊ လေးမြို့စားကျေးရွာမှ ကွမ်းသီးစိုက်ပျိုးသူ ဒေါ်ဦးမြင့်ချေကပြောသည်။

“ကွမ်းသီး ရောင်းဝယ်သမားတွေမှာ အခုကတည်းက အခက်အခဲဖြစ်နေပြီ။ စရိတ်တွေက အရမ်းကြီးတယ်။ ကွမ်းသီးတစ်ခြံကို သိမ်းလိုက်ရင် အလုပ်သမားခ၊ ကွမ်းသီးအိမ်ကိုအရောက် ပြောင်းခတွေပေးရတယ်။ အိမ်ကိုရောက်လာရင်လည်း စျေးမရတော့ မတန်တဆစျေးတွေနဲ့ ရောင်းချရတယ်။ ကွမ်းသီးရောင်းမထွက်တော့ ကိုယ့်အိတ်က စိုက်ပြီးပေးထားရတယ်။ လှောင်ထားနိုင်ရင်တော့ ကောင်းတာပေါ့နော်။ မလှောင်နိုင်တဲ့သူတွေဆိုရင် အခက်အခဲဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ယခင်နှစ်က အခွံနွှာပြီးသား ကွမ်းသီးခြောက်တစ်ပိဿာကို ငွေကျပ် ၇၀၀၀ နှင့်အထက် ဈေးရရှိခဲ့ကာ ဝယ်လိုအားလည်း ကောင်းခဲ့ကြောင်းနှင့် ယခုနှစ်တွင် ကွမ်းသီးတစ်ပိဿာကို ငွေကျပ် ၅၀၀၀ ဝန်းကျင်သာ ဈေးရရှိကာ ဝယ်လိုအားလည်း နည်းပါးကြောင်း ရခိုင်က ကွမ်းသီးစိုက်ပျိုးသူများထံမှ သိရသည်။

ရခိုင်တွင် ယခုနှစ် ကွမ်းသီးအထွက်နှုန်းကော်သော်လည်း ဝယ်လိုအားမရှိတဲ့သဖြင့် လုပ်အားခစရိတ်သာ ပေးဆောင်နေရသည်ဟု မာန်အောင်မြို့မှ ကွမ်းသီးစိုက်ပျိုးသူ ဒေါ်ခင်ခင်သန်းကပြောသည်။

“ပြည်တွင်းမှာလည်း ဝယ်မဲ့သူတွေ မရှိဘူး။ အဲဒါကြောင့် စျေးလည်းမရဘူးဖြစ်နေတယ်။ အခက်အခဲကတော့ အိတ်စိုက်ပေးထားရတယ်ပေါ့။ ဒီကွမ်းသီးစိုက်ပျိုးတဲ့အလုပ်နဲ့ပဲ မိသားစုစားဝတ်နေရေး၊ သားသမီးပညာရေးတွေကို ဖြေရှင်းနေတာ။ အခုလို ကွမ်းသီးမရောင်းရတော့ အခက်အခဲအများကြီးဖြစ်ကြတာပေါ့”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်းက မြောက်ဦး၊ မင်းပြား၊ မာန်အောင်၊ သံတွဲ စသည့်မြို့နယ်များတွင် ကွမ်းသီးကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဒေသထွက်ကွမ်းသီးများကို ပြည်တွင်းရှိ စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များသို့ ဖြန့်ဝယ်ရောင်းချသည့်အပြင် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။

လက်ရှိမှာ လမ်းခရီးသွားလာရေးတွင် အခက်အခဲတချို့ရှိနေသေးသည့်အတွက် ကွမ်းသီးတင်ပို့ရောင်းချမှုများကို ရပ်တန့်ထားရသည်ဟု မြောက်ဦးမြို့မှ ကွမ်းသီးပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးမောင်သိန်းလှကပြောသည်။

“ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေဘက်တွေကို မတင်ပို့ရတော့ ကွမ်းသီးအကုန်လုံးကို လှောင်ထားရတယ်။ ပလက်ဝ ဘက်ကို တင်ပို့လို့မရဘူး။ ရန်ကုန်ဘက်ကလာတဲ့ ကွမ်းသီးက ဒီကထွက်တဲ့ကွမ်းသီးထက် အလုံးလှတယ်။ စျေးလည်း တန်တယ်။ ရန်ကုန်က ကွမ်းသီးကို ရောင်းလို့ကုန်မှ ကိုယ့်ရခိုင်ကထွက်တဲ့ ကွမ်းသီးကို ဝယ်သုံးကြမှာပါ။ တချို့ဒိုင်တွေဆိုရင်လည်း လောလောဆည်မှာ မဝယ်ဘဲရပ်ထားတယ်ပေါ့”ဟု ဦးမောင်လှသိန်းကဆိုသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပိတ်ပင်ထားခဲ့သည့် ကုန်းလမ်း၊ ရေလမ်းများကို လက်ရှိတိုက်ပွဲရပ်တန့်ချိန်တွင် စစ်ကောင်စီက ပြန်ဖွင့်ပေးလာသော်လည်း ကုန်စည်သယ်ယူပို့ဆောင်မှုအပိုင်းတွင် ကန့်သတ်ချက်များရှိနေသေးတယ်လို့ ဒေသခံများကပြောဆိုကြသည်။

ဗီဒီယိုများ