ကျောက်ဖြူတွင် ဖောက်ထွင်းခိုးယူမှုများ ခပ်စိပ်စိပ်ဖြစ်လာ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်နှင့် ဈေးဆိုင်ခန်းများတွင် ဖောက်ထွင်းမှု၊ ခိုးယူမှုများ ယခုလပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်ပေါ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 16 Sep 2023

ကျောက်ဖြူတွင် ဖောက်ထွင်းခိုးယူမှုများ ခပ်စိပ်စိပ်ဖြစ်လာ

DMG ၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်နှင့် ဈေးဆိုင်ခန်းများတွင် ဖောက်ထွင်းမှု၊ ခိုးယူမှုများ ယခုလပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်ပေါ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်ဖြူမြို့ရှိ တောင်ရင်း၊ တိုးချဲ့၊ စေတီယျ၊ စေတီတောင်၊ ပိုက်ဆိပ်၊ ကုလားဘာတောင်၊ ကညင်တော၊ ငလပွေ့ ရပ်ကွက်(၈)ခုအတွင်း ဩဂုတ်လမှ စက်တင်ဘာ လလယ်ပိုင်းထိ ဖောက်ထွင်းမှုနှင့် ခိုးမှု စုစုပေါင်း ၃၀ ကျော် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းအမှုများမှာ ရွှေထည်ပစ္စည်း၊ မော်တော်ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း ခိုးမှုတို့ အများဆုံးဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြောသည်။

“ခိုးတာတွေရော ဖောက်ထွင်းတာတွေရော မကြာခဏတော့ ဖြစ်နေတယ်။ ဒီကောင်တွေကို ဖမ်းမိတဲ့အခါလည်း ရှိတယ်။ ဖမ်းမမိတာတွေလည်း ရှိတယ်။ ကျနော်တို့ဘက်ကတော့ ဖမ်းမိတယ်ဆိုလို့ရှိရင် ပိုင်ရှင်တွေကို ပစ္စည်းပြန်အပ်ပြီး ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ ဆောင်ရွက်တာတွေရှိပါတယ်” ဟု ငလပွေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။

ထိုသို့ ဖောက်ထွင်း၊ ခိုးယူခံရသည့် ကာယကံရှင်များမှာလည်း အမှုဖွင့်တိုင်တန်းခြင်း နည်းပါးကြသည့်အတွက် ပျောက်ဆုံးပစ္စည်းအရေအတွက်နှင့် ကာလတန်ဖိုးငွေ မည်မျှရှိသည်ကို အတိအကျပြောရန် ခက်ခဲကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြောသည်။

ကညင်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက “ပျောက်တာတွေကိုတော့ ကျနော်တို့သိရပေမယ့် ကာယကံရှင်တွေက လာပြီးအကြောင်းကြားတာမျိုးက အားနည်းတဲ့အခါကျတော့ စာရင်းအချက်အလက်နဲ့ မှတ်ထားတာမျိုး မရှိဘူး။ လက်ပူးလက်ကြပ် မိတဲ့အခါမျိုးတွေလောက်မှပဲ စာရင်းမှတ်ထားတာမျိုးတွေရှိတယ်” ဟု ပြောသည်။

ထိုသို့ ခိုးမှုဖြစ်စဉ်များမှာ နေ့ခင်း၊ ညနေဖြစ်တတ်ပြီး အိမ်တံခါးကို ချိုးဖျက်ဝင်ရောက်ခြင်း၊ သော့တုများဖြင့် ဖွင့်ခြင်း၊ မျက်နှာကျက်ထရံများမှ ဝင်ရောက်ခြင်း စသည့်နည်းမျိုးစုံကို ကြုံတွေ့နေရကြောင်း သိရသည်။

နေအိမ်ဖောက်ထွင်းခံလိုက်ရသည့် တောင်ရင်းရပ်ကွက်မှ မအောင်ရွှေခင်က “ခြံတံခါးမကိုရော အိမ်တံခါးပေါက်ကိုရော သူတို့က ဖျက်ပြီးတော့ဝင်တာ၊ ကျမတို့က အိပ်နေကြပေမယ့် ဘာမှ မသိလိုက်ရဘူး။ မနက်မိုးလင်းမှ သူတို့ဖျက်ဆီးထားတဲ့ တံခါးပေါက်တွေကိုတွေ့ရပြီး ဖုန်းတစ်လုံးနဲ့ ပိုက်ဆံခြောက်သောင်းကျော် ပါသွားတာကို သိရတယ်” ဟု ပြောသည်။

ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်မှု အားနည်းနေသောကြောင့် ဒေသခံများမှာ လုံခြုံမှုကင်းမဲ့နေသလို ခံစားနေရကြောင်း ပြောဆိုကြသည်။

“ဒေသခံတွေဘက်က တရားခံကိုဖမ်းမိလို့ ရဲတွေဆီသွားအပ်ရင်တောင် ပြစ်ဒဏ်တွေ၊ ထောင်ဒဏ်တွေ ဘယ်လောက်မှမကျဘဲ ပြန်လွတ်လာတာမျိုးတွေ ရှိတဲ့အခါကျတော့ ဒီလုပ်ရပ်တွေဟာ သူခိုးအားပေးဆိုသလို မကြာခဏ ဖြစ်ပေါ်နေတာဖြစ်တယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်ကို DMG က ဆယ်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

ရခိုင်ပြည်တွင် စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ်များအပြင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုတို့ကြောင့် နောက်ဆက်တွဲအနေဖြင့် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုများ ဖြစ်ပေါ်လာကာ ဒေသခံများမှာ လွတ်လပ်စွာလုပ်ကိုင်စားသောက်ရန် လုံခြုံမှု ကင်းမဲ့နေကြရသည်။

#I008

ဗီဒီယိုများ