ကုန်ကြမ်းအလုံအလောက်မရရှိ၍ မာန်အောင်မှ အုန်းသီးကုန်ချောထုတ် စက်ရုံ ပုံမှန်မလည်ပတ်နိုင်သေး

ရခိုင်ပြည်၊ မာန်အောင်မြို့တွင် အုန်းသီးမှ ကုန်ချောပစ္စည်းထုတ်လုပ်မည့် စက်ရုံမှာ ကုန်ကြမ်း အလုံအလောက်မရရှိသည့်အတွက် ပုံမှန်မလည်ပတ်နိုင်သေးကြောင်း မာန်အောင်ရတနာ ကုမ္ပဏီတာဝန်ရှိသူထံမှ သိရသည်။

By Admin 22 Dec 2022

ကုန်ကြမ်းအလုံအလောက်မရရှိ၍ မာန်အောင်မှ အုန်းသီးကုန်ချောထုတ် စက်ရုံ ပုံမှန်မလည်ပတ်နိုင်သေး

မာန်အောင်ရတနာကုမ္ပဏီမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၂၂

ရခိုင်ပြည်၊ မာန်အောင်မြို့တွင် အုန်းသီးမှ ကုန်ချောပစ္စည်းထုတ်လုပ်မည့် စက်ရုံမှာ ကုန်ကြမ်း အလုံအလောက်မရရှိသည့်အတွက် ပုံမှန်မလည်ပတ်နိုင်သေးကြောင်း မာန်အောင်ရတနာ ကုမ္ပဏီတာဝန်ရှိသူထံမှ သိရသည်။

မာန်အောင်၊ ရမ်းဗြဲ၊ တောင်ကုတ်စသည့် မြို့နယ်မှ ထွက်ရှိသော အုန်းသီးများကို တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ကုန်သည်များက ဈေးကောင်းပေးပြီး ဝယ်ယူမှုရှိနေသဖြင့် ကုန်ကြမ်းရရှိရန် အခက်အခဲရှိနေသည်ဟု မာန်အောင်ရတနာ ကုမ္ပဏီ၏ ကုန်ကြမ်းပစ္စည်းဝယ်ယူရေးဆိုင်ရာ မန်နေဂျာ ( Purchasing Manager ) ဦးအောင်သန်းက ပြောသည်။

“အုန်းသီးစျေးကောင်းရတော့ အရင့်ပါ အနုပါ အကုန်လုံး ခူးရောင်းကြတယ်။ ကျနော်တို့က သူတို့(ကုန်သည်)နဲ့ စျေးယှဉ်ပေးပြီး မဝယ်နိုင်ဘူး။ စျေးကောင်းပေးပြီး ဝယ်နေကြတော့ ကျနော်တို့မှာ လိုသလောက်မရဘူး။ အုန်းသီးအလုံး ၁၀၀၀ ရဖို့ ၁၀ရက်လောက်ကြတယ်။ ဆိုတော့ အလုပ်လည်ပတ်ဖို့အားစိုက်ပြီး လုပ်နေရပါတယ် ” ဟု ဦးအောင်သန်းက ပြောသည်။

ယခင်က အုန်းသီးတစ်လုံးကို ငွေကျပ် ၁၅၀ နှင့် ငွေကျပ်၂၀၀ ခန့်သာရှိခဲ့သော်လည်း လက်ရှိတွင် ဝယ်ယူသူ များလာနေသည့်အတွက် အုန်းသီးတစ်လုံးကို ငွေကျပ် ၅၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာနေကြောင်း သိရသည်။

ယင်းကြောင့် အုန်းသီးခြံပိုင်ရှင်များမှာလည်း ဈေးကောင်းပေးဝယ်သူများကိုသာ အဓိက ရောင်းချလာနေကြခြင်းဖြစ်သည်။

“အုန်းသီးတစ်လုံးကို ၅၅၀ ရတယ်။ တခါတလေ ၆၀၀ ရတယ်။ ကိုယ့်မြို့မှာ ဝယ်တဲ့သူတွေရှိပေမယ့် စျေးကသိပ် မကောင်းဘူး။ အဲဒါကြောင့် စျေးရတဲ့ ပွဲစားတွေကို အဓိက ရောင်းချတာပါ။ သူတို့က (ပွဲစား) တစ်ခါဝယ်ရင် အုန်းသီးအလုံးရေ ငါးသောင်းအထက် ဝယ်တယ်။ အခုလည်း ကျမဆီက အုန်းသီး ရှစ်သောင်းဝယ်ဖို့ပြောထားပါတယ် ” ဟု မာန်အောင်မြို့မှ အုန်းသီးခြံပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်တင်တင်ယုက ပြောသည်။

လက်ရှိတွင် အုန်းသီး ကုန်ချောထုတ်စက်ရုံကို တစ်လမှာ နှစ်ကြိမ်နှုန်းဖြင့် လည်ပတ်နေပြီး တစ်ကြိမ်တွင် အုန်းသီးအလုံးရေ ၁၅၀၀ အထိအသုံးပြုနေရကာ အုန်းနို့အထုပ် ၁၅၀၀ နှင့် ဟင်းချက်ဆီ ၁၀၀ လီတာအထိ ထုတ်လုပ်လျက်ရှိနေကြောင်း သိရသည်။

စက်ရုံအနေဖြင့် ထုတ်ကုန်များကို အများအပြားထုတ်လုပ်နိုင်သော်လည်း ကုန်ကြမ်းရရှိမှုနည်းပါးသည့်အတွက် အုန်းနို့နှင့် စားအုန်းဆီတို့ကို လိုအပ်သည်အထိ မထုတ်လုပ်နိုင်သေးကြောင်း စက်ရုံတာဝန်ရှိသူများက ပြောသည်။

“ကုန်ပစ္စည်းတွေကို အများကြီး ထုတ်ချင်ပေမယ့် အုန်းသီးကမရဘူး။ ကျနော်တို့စက်ရုံတစ်ခု ပုံမှန်လည်ပတ်ခွင့်ရရင်တော့ အလုပ်အကိုင်အခွင့်အလမ်းလည်း ရသွားကြမယ်။ အခုတော့ အလုပ်လည်းမပေးနိုင်ဘူး။ တစ်လ နှစ်ကြိမ်နဲ့ အလုပ်သမားတွေ နေ့စားသဘောပဲ လုပ်နိုင်သေးတယ် ” ဟု ကုမ္ပဏီ၏ Purchasing Manager ဦးအောင်သန်းက ပြောသည်။

မာန်အောင်မြို့ရှိ အုန်းသီးမှ ကုန်ချောပစ္စည်းထုတ်လုပ်မည့် စက်ရုံကို ပြီးခဲ့သည့်၂၀၁၈ ခုနှစ်ကစတင်တည်ဆောက်ခဲ့ကာ ၂၀၂၀ ခုနှစ်တွင် စတင်လည်ပတ်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် ရပ်နားခဲ့ရကြောင်း သိရသည်။

အဆိုပါ စက်ရုံမှာ ရခိုင်ပြည်အတွင်း ပထမဆုံးသော အုန်းသီးကုန်ထုတ်စက်ရုံဖြစ်ပြီး စက်ရုံကို ဝန်ထမ်းအင်အား ၂၅၀ ဖြင့် လုပ်ငန်းလည်ပတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အုန်းသီးကုန်ချောစက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့နေသူ ကိုဇေယျာက “ ဒီစက်ရုံသာ ပုံမှန်လည်ပတ်နေမယ်ဆိုရင် ကျနော်တို ့ လည်း နေ့စားအလုပ်သမားမဖြစ်ပဲ နေ့တိုင်း ဝင်ငွေရတာပေါ့။ အခုက တစ်လနှစ်ကြိမ်သာ လုပ်ရတယ်။ ပုံမှန်မရှိဘူး။ ဒီစက်ရုံ လည်ပတ်ဖို့ကျနော်တို့ ဒေသခံတွေ လိုလာနေကြပါတယ်” ဟု ပြောသည်။

ထိုစက်ရုံကို မာန်အောင်ရတနာကုမ္ပဏီမှ ပိုင်ဆိုင်ကာ အုန်းသီးမှ ကျန်းမာရေးအုန်းဆီ၊ ဟင်းချက်ဆီ၊ အုန်းသီး ရှာလာကာရှည်၊ အုန်းသီးအချိုရည်၊ ရိုးရိုးအုန်းဆီနှင့် အုန်းဂျုံမှုန့် စသည့် ကုန်ချောပစ္စည်း ၆ မျိုးအထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ