ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျ၍ ဒေသခံ လေးဦးသေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာတွင် ယနေ့(နိုဝင်ဘာလ ၁၆ ရက်)၊ မွန်းလွဲ ၁၂ နာရီအချိန်ခန့်က ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၄ ဦး သေဆုံးကာ ကျောင်းသူတစ်ဦးအပါအဝင် ရွာသား ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

By Admin 16 Nov 2022

ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျ၍ ဒေသခံ လေးဦးသေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

လက်နက်ကြီးကျရောက်ပြီး သေဆုံး၊ ဒဏ်ရာရရှိသွားသည့် ချောင်းတူဒေသခံများကို တွေ့ရစဉ်

DMG ၊ နိုဝင်ဘာ ၁၆

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာတွင် ယနေ့(နိုဝင်ဘာလ ၁၆ ရက်)၊ မွန်းလွဲ ၁၂ နာရီအချိန်ခန့်က ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၄ ဦး သေဆုံးကာ ကျောင်းသူတစ်ဦးအပါအဝင် ရွာသား ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

၄င်းတို့သည် တစ်အိမ်တည်းတွင် စကားထိုင်ပြောနေကြစဉ် လက်နက်ကြီးကျည်ကျရောက်လာပြီး ထိုသို့ သေဆုံး၊ ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ ဦးခင်မောင် (၅၄ နှစ်)၊ ဦးအောင်ကြီးမောင်(၄၈ နှစ်)၊ ဦးဖြူသာထွန်း(၅၉ နှစ်)နှင့် ဦးမောင်မောင်ဌေး(၅၀ နှစ်)တို့ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ နဝမတန်းကျောင်းသူ မအေးနုရီ (၁၄ နှစ်)၊ ဒေါ်ဝေသာစိန် (၅၀ နှစ်)တို့ဖြစ်သည်။ဦးမောင်မောင်ဌေးမှာ ယိုးတရုတ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ပြင်းထန်ဒဏ်ရာကြောင့် နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်တွင် သေဆုံးသွားခြင်းဖြစ်ပြီး ကျန်သုံးဦးမှာ နေရာတွင် ပွဲချင်းပြီးသေသုံးသွားခြင်းဖြစ်သည်။ လက်ရှိတွင် ဒဏ်ရာရရှိသူ နှစ်ဦးမှာ ယိုးတရုတ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြသည်။

"သူတို့က တစ်အိမ်တည်းမှာထိုင်ပြီး စကားပြောနေကြတာပါ။ အဲဒီအချိန်မှာ လက်နက်ကြီးကျလာပြီးတော့ အခုလိုဖြစ်သွားကြတာပါ။ သုံးယောက်ကတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပိုင်းထွက်သွားပြီး ဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီးဆုံးသွားပါတယ်"ဟု ချောင်းတူရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒေါ်ဝေသာစိန်မှာ ဘယ်ဖက်ပုခုံးအောက် ကျည်စဝင်သွားပြီး မအေးနုရီမှာ ခြေထောက်နှစ်ဖက်စလုံး၌ ကျည်စထိမှန်ဒဏ်ရာများ ပြင်းထန်စွာရရှိသွား၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

"လူနာတွေက ဒဏ်ရာအရမ်းများပါတယ်။ ခြေတွေလက်တွေလည်း ပြတ်လုနီးပါးဖြစ်နေတယ်။ ကျနော်တို့လည်း ဒဏ်ရာများတော့ သိပ်ပြီးမထိရဲ မကိုင်ရဲလိုက်ဘူး။ အခုတော့ ဆေးရုံရောက်သွားကြပါပြီ"ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

ယနေ့၊ နံနက် ၁၀ နာရီခန့်က ချောင်းတူကျေးရွာ တောင်ဖက်ရှိ ရွာနှင့် ၁ မိုင်ခန့်ဝေးသည့် ဆနွင်းတောင်ဖက်မှ လက်နက်ငယ်ပစ်ခတ်သံ ၁၀ ချက်ခန့် ကြားလိုက်ရပြီးနောက်တွင် ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ရာ ရွာထဲသို့ လက်နက်ကြီးကျည်ကျရောက်ကာ ထိုသို့ ဒဏ်ရာရ၊ သေဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်းဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"ဆနွင်းတောင်မှာ ကန်စောက်တပ်ရင်းက စစ်သားတွေနေထိုင်လို့ ရှိပါတယ်။ တိုက်ပွဲဖြစ်၊ မဖြစ်တော့ မသိပါဘူး။ လက်နက်ငယ်ပစ်သံတွေ ကြားလိုက်ပြီးတော့ လက်နက်ကြီးတွေ တရစပ်လှမ်းပစ်ခဲ့တာပါ။ ကျနော်တို့လည်း ရုတ်တရက်ဆိုတော့ ဗုံးကျင်းထဲဝင်ချိန်လည်းမရသလို ဝင်ပုန်းဖို့အတွက်လည်း သတိမရလိုက်ဘူး”ဟု ၄င်းကဆိုသည်။

“သူတို့က စိတ်ထင်သလို လျှောက်ပစ်နေတာဆိုတော့ နေရတာလုံခြုံမှုမရှိတော့ဘူး။ အခုလည်း လေယာဉ်တွေဝဲနေပါတယ်။ ရွာမှာ လူတွေလည်းမရှိတော့ပါဘူး။ အကုန်လုံး ယိုးတရုတ်ဖက်ကို ပြေးသွားကြပါပြီ"ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိတွင်လည်း လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ်ထွက်ပေါ်နေကာ ရွာထဲသို့လည်း လက်နက်ကြီးကျည်များ ထပ်မံကျရောက်နေမှုကြောင့် ဒေသခံများမှာ ယိုးတရုတ်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု နောက်ထပ် ဒေသခံတစ်ဦးကဆိုသည်။ ချောင်းတူကျေးရွာတွင် ဒေသခံ ၂၀၀၀ နီးပါး နေထိုင်ကြသည်ဟု သိရသည်။

"ရွာသားတွေက ယိုးတရုတ်ဖက်ကို ပြေးသွားကြပြီ။ ဒါပေမယ့် သက်ကြီးပိုင်းတွေကတော့ မပြေးနိုင်တော့လို့ ပုန်းကျန်ခဲ့ပါတယ်။ တစ်ချို့ဆို မိဘတွေကို မထားခဲ့ရက်လို့ မပြေးဘဲစောင့်ကျန်ခဲ့သူတွေလည်း ရှိနေပါတယ်။ အခု သူတို့တွေက ထွက်ပြေးလို့မရဘဲ ပိတ်မိနေကြပါတယ်"ဟု ၄င်းကပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

အလားတူ ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ကျေးရွာတွင်လည်း နိုဝင်ဘာလ ၁၁ ရက်နေ့က စကခ(၉)မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ရွာထဲသို့ကျရာက်ပေါက်ကွဲခဲ့သဖြင့် ကလေးငယ် ၂ ဦးအပါအဝင် ရွာသား ၇ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ဗီဒီယိုများ